၁ ရှမွေလ ၂၆:၁-၂၅
၂၆ ဇိဖမြို့သားတွေက+ ဂိဗာမြို့မှာရှိနေတဲ့+ ရှောလုဆီ လာပြီး “ဒါဝိဒ်က ယေရှိမုန်အရပ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဟခိလတောင်ကုန်းပေါ်မှာ ပုန်းနေတယ်”+ လို့သတင်းပေးတယ်။
၂ ရှောလုလည်း ဒါဝိဒ်ကိုရှာဖို့ အစ္စရေးလက်ရွေးစင် စစ်သည် ၃,၀၀၀ ကိုခေါ်ပြီး ဇိဖတောဘက်ကို ဆင်းသွားတယ်။+
၃ ယေရှိမုန်အရပ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဟခိလတောင်ကုန်းပေါ်က လမ်းနားမှာ ရှောလု စခန်းချတယ်။ ဒါဝိဒ်ကတော့ တောထဲမှာ ရှိနေတယ်။ သူ့ကိုရှာဖို့ တောထဲ ရှောလုရောက်လာတဲ့ သတင်းကို ကြားတဲ့အခါ၊
၄ ဒါဝိဒ်က ရှောလု တကယ်ရောက်မရောက် အသေအချာ သိရအောင် သူလျှိုတွေ လွှတ်လိုက်တယ်။
၅ အဲဒီနောက် ရှောလု စခန်းချတဲ့နေရာကို လိုက်သွားပြီး နေရရဲ့သား ဗိုလ်ချုပ်အာဗနာနဲ့+ ရှောလုအိပ်တဲ့နေရာကို မှတ်ထားလိုက်တယ်။ ရှောလုက စစ်သည်တွေ ဝိုင်းရံထားတဲ့ စခန်းရဲ့အလယ်မှာ အိပ်နေတယ်။
၆ ဒါဝိဒ်က “ရှောလုရှိနေတဲ့ တပ်စခန်းထဲ ဘယ်သူလိုက်မလဲ” ဆိုပြီး ဟိတ္တိအမျိုးသား+ အဟိမလက်နဲ့ ဇေရုယာရဲ့သား၊+ ယွာဘရဲ့အစ်ကို အဘိရှဲကို+ မေးတော့ အဘိရှဲက “ကျွန်တော် လိုက်မယ်” လို့ဖြေတယ်။
၇ ညရောက်တော့ ဒါဝိဒ်နဲ့ အဘိရှဲက ရှောလုရဲ့စခန်းကို သွားတယ်။ ရှောလုက လှံကို ခေါင်းရင်းနားမှာ စိုက်ထားပြီး စခန်းအလယ်မှာ အိပ်ပျော်နေတာ၊ အာဗနာနဲ့ စစ်သည်တွေ သူ့ကိုဝိုင်းရံပြီး အိပ်နေကြတာကို သူတို့ တွေ့လိုက်ရတယ်။
၈ အဲဒီအခါ အဘိရှဲက “ဒီနေ့ ဘုရားသခင်က ရန်သူကို ခင်ဗျားလက်ထဲ အပ်လိုက်တာပဲ။+ ဒီတော့ သူ့ကို မြေမှာကပ်သွားအောင် လှံနဲ့တစ်ချက်တည်း ကျွန်တော် ထိုးပါရစေ။ နှစ်ချက်ထိုးစရာ မလိုဘူး” လို့ ဒါဝိဒ်ကို ခွင့်တောင်းတယ်။
၉ ဒါပေမဲ့ ဒါဝိဒ်က “မလုပ်ပါနဲ့။ ယေဟောဝါဘုရား ဘိသိက်ပေးထားသူကို+ ထိခိုက်အောင်လုပ်ရင် အပြစ်လွတ်နိုင်ပါ့မလား။+
၁၀ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။ သူ့ကို ယေဟောဝါကိုယ်တိုင် ဒဏ်ခတ်မှာပါ။+ ဒါမှမဟုတ် တခြားသူတွေလိုပဲ တစ်နေ့ကျရင် သူသေဆုံးသွားမယ်။+ ဒါမှမဟုတ် တိုက်ပွဲမှာ ကျဆုံးလိမ့်မယ်။+
၁၁ ယေဟောဝါရဲ့ ရှုထောင့်ကနေ ကြည့်ရင် ယေဟောဝါ ဘိသိက်ပေးထားသူကို ထိခိုက်အောင်လုပ်ဖို့ ကျွန်တော် စဉ်းတောင် မစဉ်းစားသင့်ဘူး။+ ဒီတော့ သူ့ခေါင်းရင်းနားက လှံနဲ့ရေဘူးကိုပဲ ယူခဲ့ပါ။ ငါတို့သွားကြစို့” လို့ပြောတယ်။
၁၂ အဲဒီနောက် ရှောလုရဲ့ခေါင်းရင်းနားက လှံနဲ့ရေဘူးကို ယူပြီး နှစ်ယောက်သား ထွက်လာခဲ့ကြတယ်။ ဒါကို ဘယ်သူမှ မမြင်လိုက်ဘူး။+ သတိလည်း မထားမိဘူး။ နိုးလည်း မနိုးကြဘူး။ ယေဟောဝါက အိပ်မောကျစေတဲ့အတွက် စစ်သည်အားလုံး အိပ်ပျော်နေကြတယ်။
၁၃ ဒါဝိဒ်ကတော့ လျှိုမြောင်တစ်ဖက်ကို ကူးသွားပြီး ခပ်လှမ်းလှမ်းက တောင်ထိပ်ပေါ်မှာ ရပ်နေလိုက်တယ်။ သူတို့ကြားမှာ တော်တော် အလှမ်းဝေးတယ်။
၁၄ ဒါဝိဒ်က စစ်သည်တွေနဲ့ နေရရဲ့သား အာဗနာကို+ အော်ခေါ်ပြီး “အာဗနာ၊ ကျွန်တော်ပြောတာ ကြားရဲ့လား” လို့မေးတယ်။ အာဗနာက “မင်းကြီးကို အော်ခေါ်နေတာ ဘယ်သူလဲ” ဆိုပြီး လှမ်းမေးတော့၊
၁၅ ဒါဝိဒ်က “အာဗနာ၊ ခင်ဗျား ယောက်ျား မဟုတ်ဘူးလား။ အစ္စရေးပြည်မှာ ခင်ဗျားကိုယှဉ်နိုင်သူ မရှိဘူးဆို။ ဒါနဲ့တောင် ကိုယ့်သခင် အရှင်မင်းကြီးကို ဘာလို့ မစောင့်ရှောက်နိုင်ရတာလဲ။ မင်းကြီးကိုသတ်ဖို့ စစ်သည်တစ်ယောက် ဝင်လာတယ်လေ။+
၁၆ ခင်ဗျား တာဝန်မကျေဘူး။ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ကျွန်တော်ပြောမယ်။ ခင်ဗျားဟာ ယေဟောဝါဘုရား ဘိသိက်ပေးထားတဲ့+ ကိုယ့်သခင်ကို မစောင့်ရှောက်နိုင်တဲ့အတွက် သေထိုက်တယ်။ အခု မင်းကြီးရဲ့ခေါင်းရင်းနားက လှံနဲ့ရေဘူး ဘယ်မှာလဲ၊+ ကြည့်လိုက်ပါဦး” လို့အော်ပြောတယ်။
၁၇ ရှောလုက ဒါဝိဒ်ရဲ့အသံကို မှတ်မိသွားပြီး “ငါ့သား ဒါဝိဒ်၊ ဒါ မင်းရဲ့အသံလား”+ လို့မေးတဲ့အခါ ဒါဝိဒ်က “ဟုတ်ပါတယ်၊ အရှင်မင်းကြီး” လို့ဖြေတယ်။
၁၈ ပြီးတော့ “မင်းကြီး၊ ကျွန်တော့်ကို ဘာလို့ လိုက်ဖမ်းနေတာလဲ။+ ကျွန်တော် ဘာလုပ်မိလို့လဲ။ ဘာအပြစ် ကျူးလွန်မိလို့လဲ။+
၁၉ အရှင်မင်းကြီး၊ ကျွန်တော်ပြောတာကို တစ်ဆိတ်လောက် နားထောင်ပေးပါ။ ကျွန်တော့်ကို ရန်ရှာဖို့ မင်းကြီးကို ယေဟောဝါဘုရား တိုက်တွန်းတယ်ဆိုရင် ကျွန်တော်ဆက်သတဲ့ ကောက်နှံအလှူကို ဘုရားသခင် လက်ခံပါစေ။ လူတွေ တိုက်တွန်းတာဆိုရင်တော့+ ကျွန်တော့်ကို ယေဟောဝါရဲ့အမွေမြေမှာ+ နေခွင့်မရှိဘူးလို့ ခံစားရအောင်လုပ်ပြီး နှင်ထုတ်ကြတဲ့အတွက် ယေဟောဝါဘုရားရှေ့မှာ သူတို့ ကျိန်စာသင့်ပါစေ။ အဲဒီလိုနှင်ထုတ်တာက ‘တခြားဘုရားတွေကို သွားဝတ်ပြုတော့’ လို့ကျွန်တော့်ကို ပြောတာနဲ့ အတူတူပါပဲ။
၂၀ အခု ယေဟောဝါဘုရားရှေ့တော်နဲ့ အလှမ်းဝေးတဲ့နေရာမှာ ကျွန်တော့်သွေး မြေပေါ်မကျပါရစေနဲ့။ အစ္စရေးဘုရင်က တောင်တန်းတွေပေါ်မှာ ခါငှက်တစ်ကောင်ကို လိုက်ဖမ်းသလိုမျိုး ဘာမဟုတ်တဲ့ ခွေးသန်းတစ်ကောင်ကို ရှာဖို့+ ထွက်လာခဲ့ပြီပဲ” လို့ပြောတယ်။
၂၁ အဲဒီအခါ ရှောလုက “ငါမှားသွားပြီ။+ ငါ့သား ဒါဝိဒ်၊ ငါ့ဆီ ပြန်လာပါ။ ဒီနေ့ မင်းက ငါ့အသက်ကို တန်ဖိုးထားတဲ့အတွက် မင်းကို အန္တရာယ် မပြုတော့ပါဘူး။+ ငါ တော်တော် မိုက်မဲတာပဲ။ ငါ အမှားကြီးမှားသွားပြီ” လို့ပြောတယ်။
၂၂ ဒါဝိဒ်ကလည်း “မင်းကြီးရဲ့လှံ ဒီမှာရှိပါတယ်။ တစ်ယောက်ယောက်ကို လွှတ်ပြီး လာယူခိုင်းပါ။
၂၃ ယေဟောဝါဘုရားက လူတိုင်းကို သူ့ရဲ့ဖြောင့်မတ်မှု၊+ သစ္စာရှိမှုအတိုင်း ဆပ်ပေးပါလိမ့်မယ်။ ဒီနေ့ ယေဟောဝါဘုရားက မင်းကြီးကို ကျွန်တော့်လက်ထဲ အပ်ပေမဲ့ ယေဟောဝါ ဘိသိက်ပေးထားသူကို ထိခိုက်အောင် ကျွန်တော် မလုပ်ချင်ပါဘူး။+
၂၄ မင်းကြီးအသက်ကို ကျွန်တော် တန်ဖိုးထားခဲ့သလို ယေဟောဝါဘုရားကလည်း ကျွန်တော့်အသက်ကို တန်ဖိုးထားပါစေ။ ကျွန်တော့်ကို ဆင်းရဲဒုက္ခအမျိုးမျိုးကနေ ကယ်တင်ပေးပါစေ”+ လို့ပြောတယ်။
၂၅ ရှောလုက “ငါ့သား ဒါဝိဒ်၊ မင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ။ မင်းဟာ ကြီးမြတ်တဲ့အရာတွေ လုပ်နိုင်လိမ့်မယ်။ ဘာပဲလုပ်လုပ် မလွဲမသွေ အောင်မြင်လိမ့်မယ်”+ လို့ပြောတယ်။ အဲဒီနောက် ဒါဝိဒ် ထွက်သွားတယ်။ ရှောလုလည်း နန်းတော်ကို ပြန်သွားတယ်။+