၁ ရှမွေလ ၂၉:၁-၁၁

  • ဒါဝိဒ်​ကို ဖိ​လိ​တိ​လူ​တွေ မယုံ (၁-၁၁)

၂၉  ဖိလိ​တိ​လူ​တွေ​က+ အာ​ဖက်​မြို့​မှာ တပ်​ချ​ထား​တယ်။ အစ္စ​ရေး​တွေ​က​တော့ ယေဇရေလ​မြို့က စမ်း​ရေ​နား​မှာ တပ်​ချ​ထား​တယ်။+ ၂  ဖိ​လိ​တိ​မင်း​တွေ​က​ သူ​တို့​ရဲ့ စစ်​သည်​တစ်​ရာ​တပ်၊ တစ်​ထောင်​တပ်​တွေ​နဲ့​အတူ ချီ​တက်​သွား​တယ်။ ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​က​တော့ အာ​ခိတ်​မင်း​နဲ့​အတူ နောက်​က​နေ ချီ​တက်​လာ​တယ်။+ ၃  ဖိ​လိ​တိ​မင်း​တွေ​က “ဒီ​ဟီ​ဘ​ရူး​တွေ ဒီ​မှာ ဘာ​လာ​လုပ်​တာ​လဲ” လို့​မေး​တော့ အာ​ခိတ်​မင်း​က “သူ​ဟာ အစ္စရေး​ဘုရင်​ရှောလု​ရဲ့ မင်း​မှု​ထမ်း ဒါဝိဒ်​ပါ။ ငါ့​ဆီ​ရောက်​နေ​တာ တစ်​နှစ်​မက​တော့​ဘူး။+ ငါ့​ဆီ လာ​ခိုလှုံ​တဲ့​နေ့​က​စ​ပြီး ဒီ​နေ့​အထိ အပြစ်​ပြော​စ​ရာ တစ်​ခု​မှ​မ​တွေ့​ဘူး” လို့​ဖြေတယ်။ ၄  ဒါ​ပေမဲ့ ဖိ​လိ​တိမင်း​တွေ​က စိတ်​ဆိုး​ပြီး “အဲဒီ​လူ​ကို ပြန်​ခိုင်း​လိုက်။+ မင်း သူ့​ကို ပေး​ထား​တဲ့​နေ​ရာ​ကို​ပဲ ပြန်​သွား​ပါ​စေ။ ငါ​တို့​နဲ့​အတူ လိုက်​ပြီး မတိုက်​ခိုင်း​နဲ့။ တိုက်​နေ​တုန်း ငါ​တို့​ကို ပြန်​ရန်​မူ​နေ​ဦး​မယ်။+ ငါ​တို့​လူ​တွေ​ရဲ့ ခေါင်း​ကို ဖြတ်​ပြီး သူ့​သခင်​ရဲ့ မျက်​နှာ​သာ​ရ​အောင် လုပ်​နိုင်​တယ်။ သူ့​အတွက် ဒီ​ထက်​ကောင်း​တဲ့​နည်း ရှိ​လို့​လား။ ၅  ‘ရှောလု​သတ်​တာ အထောင်​ထောင်၊ ဒါဝိဒ်​သတ်​တာ အသောင်း​သောင်း’+ ဆို​ပြီး လူ​တွေ သီ​ဆို​ကခုန်​ခဲ့​ကြ​တာ ဒီ​ဒါဝိဒ်​ကို​ပဲ​လေ” လို့​ပြော​ကြ​တယ်။ ၆  ဒါ​ကြောင့် အာ​ခိတ်​မင်း​က+ ဒါဝိဒ်​ကို ဆင့်​ခေါ်​ပြီး “အသက်​ရှင်​နေ​တဲ့​ဘုရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ငါ​ပြော​မယ်။ မင်း​ဟာ ရိုး​ဖြောင့်​တဲ့​သူ​ပါ။ ငါ့​စစ်​တပ်​နဲ့​အတူ မင်း တိုက်​ပွဲ​ဝင်​မှာ​ကို ငါ​သဘော​ကျ​တယ်။+ ငါ့​ဆီ​ရောက်​တဲ့​နေ့​က​စ​ပြီး ဒီ​နေ့​အထိ မင်း​မှာ အပြစ်​ပြော​စ​ရာ တစ်​ခု​မှ မတွေ့​ဘူး။+ ဒါ​ပေမဲ့ တ​ခြား​မင်း​တွေ​က မင်း​ကို မယုံ​ဘူး။+ ၇  ဒီ​တော့ အေး​အေး​ဆေး​ဆေး​သာ ပြန်​သွား​လိုက်။ ဖိ​လိ​တိ​မင်း​တွေ မကြိုက်​တာ​တစ်​ခု​မှ မလုပ်​ပါ​နဲ့” လို့​ပြော​တယ်။ ၈  ဒါဝိဒ်​က “မင်း​ကြီး​နဲ့​အတူ လိုက်​ပြီး ရန်​သူ​တွေ​ကို မတိုက်​ရ​အောင် ကျွန်​တော် ဘာ​များ​လုပ်​မိ​လို့​လဲ။ မင်း​ကြီး​ဆီ ရောက်​တဲ့​နေ့​က​စ​ပြီး ဒီ​နေ့​အထိ ကျွန်​တော့်​မှာ ဘာ​အပြစ်​များ တွေ့​လို့​လဲ” ဆို​ပြီး​မေး​တယ်။ ၉  အာ​ခိတ်​မင်း​က​လည်း “ငါ့​အမြင်​မှာ​တော့ မင်း​ဟာ ဘုရား​သခင်​ရဲ့ ကောင်း​ကင်​တ​မန်​လို​ပဲ ကောင်း​ပါ​တယ်။+ ဒါ​ပေမဲ့ ဖိ​လိ​တိ​မင်း​တွေ​က ‘ငါ​တို့​နဲ့​အတူ လိုက်​ပြီး မတိုက်​ခိုင်း​နဲ့’ ဆို​ပြီး ပြော​နေ​လို့​ပါ။ ၁၀  ဒါ​ကြောင့် မင်း​ရော မင်း​သခင်​ရဲ့​ကျွန်​တွေ​ရော မနက်​စော​စော​ထ​ပြီး မိုး​လင်း​တာ​နဲ့ ထွက်​သွား​ပါ” လို့​ပြော​တယ်။ ၁၁  ဒါဝိဒ်​နဲ့ သူ့​လူ​တွေ​လည်း မနက်​စော​စော​ထ​ပြီး ဖိ​လိ​တိ​ပြည်​ကို ပြန်​သွား​တယ်။ ဖိ​လိ​တိ​လူ​တွေ​က​တော့ ယေဇရေလ​မြို့​ကို  ချီ​တက်​ သွား​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ