၁ ရှမွေလ ၃၁:၁-၁၃

  • ရှောလုနဲ့ သားတော်သုံးယောက် သေဆုံး (၁-၁၃)

၃၁  ဖိလိတိလူတွေက အစ္စရေးတွေနဲ့ စစ်တိုက်တယ်။+ အစ္စရေးစစ်သည်တွေ ထွက်ပြေးရပြီး ဂိလဗောတောင်မှာ အတုံးအရုံး ကျဆုံးသွားတယ်။+ ၂  ဖိလိတိလူတွေက ရှောလုမင်းနဲ့ သားတော်ယောနသန်၊+ အဘိနဒပ်၊ မေလခိရွှတို့ကို သဲကြီးမဲကြီး လိုက်တိုက်တယ်။ သားတော်သုံးယောက် အသတ်ခံလိုက်ရတယ်။+ ၃  ရှောလုကိုလည်း အပြင်းအထန် တိုက်ခိုက်တဲ့အတွက် လေးသမားတွေ ပစ်လိုက်တဲ့မြား ထိမှန်ပြီး အကြီးအကျယ် ဒဏ်ရာရသွားတယ်။+ ၄  ရှောလုက သူ့လက်နက်ကိုင်ကို “မင်းရဲ့ဓားကိုထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်စမ်း။ နို့မို့ဆိုရင် အရေဖျားမဖြတ်တဲ့ ဒီလူတွေ+ ငါ့ကို ရက်ရက်စက်စက် ထိုးသတ်လိမ့်မယ်” လို့အမိန့်ပေးတယ်။ ဒါပေမဲ့ လက်နက်ကိုင်က ကြောက်လွန်းလို့ မလုပ်ရဲဘူး ဖြစ်နေတော့ ရှောလုက ဓားကိုထောင်ပြီး ဓားပေါ် မှောက်ချလိုက်တယ်။+ ၅  ရှောလု သေဆုံးသွားတာကို မြင်တော့+ သူ့လက်နက်ကိုင်လည်း ဓားပေါ်မှောက်ချပြီး ရှောလုနဲ့အတူ သေဆုံးသွားတယ်။ ၆  အဲဒီနေ့မှာ ရှောလုနဲ့အတူ သားတော် သုံးယောက်၊ သူ့လက်နက်ကိုင်နဲ့ သူ့လူတွေအားလုံး သေဆုံးသွားတယ်။+ ၇  ချိုင့်ဝှမ်းဒေသနဲ့ ဂျော်ဒန်မြစ်ဝှမ်းဒေသမှာရှိတဲ့ အစ္စရေးတွေလည်း စစ်သည်တွေ ထွက်ပြေးတာ၊ ရှောလုနဲ့ သားတော်တွေ တိုက်ပွဲကျသွားတာကို ကြားသိတဲ့အခါ ကိုယ့်မြို့ကိုယ့်ရွာကို စွန့်ပြီး ထွက်ပြေးရတော့တယ်။+ အဲဒီအခါ ဖိလိတိလူတွေက အဲဒီမြို့တွေမှာ ဝင်နေကြတယ်။ ၈  နောက်တစ်နေ့မှာ ဖိလိတိလူတွေက ကျဆုံးသူတွေရဲ့ ပစ္စည်းတန်ဆာတွေကို ချွတ်ယူဖို့ လာတဲ့အခါ ဂိလဗောတောင်ပေါ်မှာ ရှောလုနဲ့ သားတော်သုံးယောက် သေဆုံးနေတာကို တွေ့တယ်။+ ၉  ဒါနဲ့ ရှောလုရဲ့ ခေါင်းကို ဖြတ်ပြီး သူ့ချပ်ဝတ်တန်ဆာတွေကို ချွတ်ယူကြတယ်။ ပြီးတော့ ဖိလိတိတစ်ပြည်လုံးကို တမန်တွေ လွှတ်ပြီး သူတို့ရဲ့ ဘုရားကျောင်းတွေမှာ၊+ လူတွေအလယ်မှာ သတင်းပျံ့သွားအောင် လုပ်လိုက်တယ်။+ ၁၀  အဲဒီနောက် ရှောလုရဲ့ ချပ်ဝတ်တန်ဆာတွေကို အာရှတရက် ဘုရားကျောင်းမှာ ထားပြီး အလောင်းကိုတော့ ဗက်ရှန်မြို့ရိုးမှာ+ ချိတ်ဆွဲထားကြတယ်။ ၁၁  ရှောလုကို ဖိလိတိလူတွေ အဲဒီလိုလုပ်လိုက်မှန်း ယာဗက်ဂိလဒ်မြို့သားတွေ+ ကြားတဲ့အခါ၊ ၁၂  စစ်သည်တွေ တစ်ညလုံး ချီတက်သွားတယ်။ ရှောလုနဲ့ သားတော်တွေရဲ့ အလောင်းကို ဗက်ရှန်မြို့ရိုးကနေ ဖြုတ်ယူပြီး ယာဗက်မြို့ဆီသယ်လာတယ်။ အဲဒီမှာ အလောင်းတွေကို မီးရှို့ပြီး၊ ၁၃  အရိုးတွေကို+ ယာဗက်မြို့မှာရှိတဲ့ မန်ကျည်းပင်* အောက်မှာ မြှုပ်လိုက်တယ်။+ ပြီးတော့ ခုနစ်ရက် အစာရှောင်ကြတယ်။

အောက်ခြေမှတ်ချက်များ

အရွက်သေးပြီး အဖြူရောင်၊ ပန်းရောင်ပွင့်တဲ့ အမြဲစိမ်းပင်တစ်မျိုး။