၁ ရှမွေလ ၉:၁-၂၇
-
ရှောလုကို ရှမွေလ တွေ့ဆုံ (၁-၂၇)
၉ အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလတို့ကနေ ဆင်းသက်လာသူ ကိရှလို့ခေါ်တဲ့+ ဗင်ယာမိန်အမျိုးသားတစ်ယောက်+ ရှိတယ်။ သူဟာ အင်မတန် ချမ်းသာကြွယ်ဝတယ်။
၂ ကိရှမှာ ရှောလုလို့ခေါ်တဲ့ သားတစ်ယောက် ရှိတယ်။+ သူဟာ ငယ်ရွယ်ပြီး ရုပ်ဖြောင့်တယ်။ အစ္စရေးလူမျိုးမှာ သူ့လောက် ရုပ်ဖြောင့်တဲ့သူ မရှိဘူး။ သူ့အရပ်က တခြားလူအားလုံးထက် ခေါင်းတစ်လုံးစာ ပိုမြင့်တယ်။
၃ တစ်နေ့မှာ၊ ကိရှက သူ့မြည်းတွေ ပျောက်သွားတဲ့အခါ သားရှောလုကို “နောက်လိုက်တစ်ယောက်ကို ခေါ်ပြီး မြည်းတွေကို သွားရှာခဲ့” လို့ပြောတယ်။
၄ သူတို့က ဧဖရိမ်တောင်တန်းဒေသနဲ့ ရှလိရှနယ်မြေအနှံ့ လိုက်ရှာပေမဲ့ မတွေ့ဘူး။ ရှာလိမ်နယ်မြေတစ်လျှောက်မှာ ရှာတော့လည်း မတွေ့ဘူး။ ဗင်ယာမိန်နယ်မြေအနှံ့ ရှာတော့လည်း မတွေ့ဘူး။
၅ ဇုဖနယ်မြေကို ရောက်လာတဲ့အခါ ရှောလုက “ပြန်ရအောင်။ အဖေက မြည်းတွေအတွက် စိတ်ပူမယ့်အစား ငါတို့အတွက် စိတ်ပူနေဦးမယ်”+ ဆိုပြီး နောက်လိုက်ကို ပြောတယ်။
၆ ဒါပေမဲ့ နောက်လိုက်က “နေပါဦး။ ဒီမြို့မှာ ဘုရားသခင်ရဲ့လူ ရှိတယ်။ သူဟာ ရိုသေလေးစားခံရသူပဲ။ သူဟောသမျှ မှန်တယ်။+ သူ့ဆီ သွားကြစို့။ ကျွန်တော်တို့သွားရမယ့် လမ်းကို သူပြောပြနိုင်မှာပါ” လို့ အကြံပေးတယ်။
၇ ရှောလုက “စစ်မှန်တဲ့ဘုရားသခင်ရဲ့ လူဆီ သွားတဲ့အခါ ဘာယူသွားပေးရင် ကောင်းမလဲ။ အိတ်ထဲက မုန့်တွေလည်း ကုန်နေပြီဆိုတော့ လက်ဆောင်ပေးစရာ မရှိတော့ဘူး။ ဒို့မှာ ဘာများရှိသေးလဲ” ဆိုပြီးမေးတော့၊
၈ နောက်လိုက်က “ကျွန်တော့်ဆီမှာ ငွေဒင်္ဂါးတစ်ပြား* ရှိတယ်။ ဘုရားသခင်ရဲ့လူကို ပေးလိုက်မယ်။ ဒါဆိုရင် ကျွန်တော်တို့ သွားရမယ့်လမ်းကို သူပြောပြမှာပါ” လို့ရှောလုကို ပြောတယ်။
၉ (အရင်တုန်းက အစ္စရေးပြည်မှာ ဘုရားသခင်က မေးမြန်းဖို့ သွားတဲ့အခါ “အကြားအမြင်ရသူဆီ သွားကြစို့”+ ဆိုပြီး ပြောလေ့ရှိတယ်။ အခုချိန်မှာ ပရောဖက်လို့ခေါ်တဲ့သူကို အဲဒီတုန်းက အကြားအမြင်ရသူလို့ ခေါ်တတ်ကြတယ်။)
၁၀ ရှောလုက “ကောင်းသားပဲ။ သွားကြတာပေါ့” ဆိုပြီး ဘုရားသခင်ရဲ့လူရှိတဲ့ မြို့ကို သွားကြတယ်။
၁၁ အဲဒီမြို့ကို သူတို့တက်သွားနေတုန်း ရေခပ်ဆင်းလာတဲ့ မိန်းကလေးတွေကို တွေ့တော့ “ဒီမြို့မှာ အကြားအမြင်ရသူ+ ရှိလား” ဆိုပြီးမေးတယ်။
၁၂ မိန်းကလေးတွေက “ရှိပါတယ်။ ရှေ့နားလေးတင်ပဲ။ အမြန်သွားကြ။ ဒီနေ့ အထွတ်အမြတ်နေရာမှာ+ ပူဇော်သက္ကာ ဆက်သမှာမို့လို့+ ဒီမြို့ကို သူ ရောက်လာတာ။
၁၃ အထွတ်အမြတ်နေရာကို သူမသွားသေးဘူးဆိုရင်တော့ ရှင်တို့ မြို့ထဲဝင်တာနဲ့ သူ့ကို တွေ့မှာပါ။ ပူဇော်သက္ကာအတွက် သူဆုတောင်းပေးမှာ။ သူဆုတောင်းပေးပြီးမှပဲ ဖိတ်ခေါ်ခံရသူတွေ စားလို့ရတာ။ ဒါကြောင့် အခု ချက်ချင်းတက်သွားရင် သူ့ကိုတွေ့မယ်” လို့ပြောကြတယ်။
၁၄ ဒါနဲ့ မြို့ကို သူတို့ တက်သွားကြတယ်။ မြို့အဝင်မှာ အထွတ်အမြတ်နေရာကို သွားမယ့် ရှမွေလက သူတို့ကို ထွက်ကြိုတယ်။
၁၅ ရှောလု မရောက်လာခင် တစ်ရက်မှာ ယေဟောဝါက ရှမွေလကို၊
၁၆ “မနက်ဖြန် ဒီအချိန်လောက်မှာ ဗင်ယာမိန်နယ်သား တစ်ယောက်ကို+ မင်းဆီ ငါလွှတ်လိုက်မယ်။ သူ့ကို ငါ့လူမျိုးအစ္စရေးတွေရဲ့ ခေါင်းဆောင်အဖြစ် ဘိသိက်ပေးရမယ်။+ သူက ဖိလိတိလူတွေလက်ကနေ ငါ့လူမျိုးကို ကယ်တင်ပေးလိမ့်မယ်။ ငါ့လူမျိုး ဒုက္ခရောက်နေတာကို ငါမြင်ပြီ။ သူတို့အော်သံကိုလည်း ငါကြားပြီ”+ လို့ပြောထားတယ်။
၁၇ ရှမွေလက ရှောလုကို တွေ့တဲ့အခါ ယေဟောဝါက “‘ငါ့လူမျိုးကို အုပ်ချုပ်မယ့်သူ’ လို့ ငါပြောခဲ့တာ ဒီတစ်ယောက်ပဲ”+ ဆိုပြီး ပြောတယ်။
၁၈ ရှောလုက မြို့တံခါးနားမှာရှိတဲ့ ရှမွေလဆီ သွားပြီး “အကြားအမြင်ရသူရဲ့ အိမ်ကို ပြောပြနိုင်မလား” လို့မေးတော့၊
၁၉ ရှမွေလက “အကြားအမြင်ရသူဟာ ငါပဲ။ အထွတ်အမြတ်နေရာကို ငါ့ရှေ့ကနေ တက်သွားပါ။ ဒီနေ့ ငါနဲ့အတူ စားသောက်ရမယ်။+ မင်းသိချင်တာအားလုံး ငါပြောပြမယ်။ မနက်ကျမှ ပြန်ပါ။
၂၀ လွန်ခဲ့တဲ့သုံးရက်က ပျောက်သွားတဲ့ မြည်းတွေအတွက် စိတ်မပူနဲ့။+ ပြန်တွေ့ပြီ။ အစ္စရေးပြည်က အဖိုးတန်တဲ့အရာ မှန်သမျှကို ဘယ်သူပိုင်သလဲ။ မင်းနဲ့ မင်းအဖေရဲ့ အိမ်သားတွေပဲ မဟုတ်လား”+ လို့ပြောတယ်။
၂၁ ရှောလုက “ကျွန်တော်ဟာ အစ္စရေးအမျိုးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ဗင်ယာမိန်အနွယ်ကပါ။+ ကျွန်တော့်မိသားစုကလည်း ဗင်ယာမိန်အနွယ်ရဲ့ ဆွေမျိုးစုတွေထဲမှာ အရေးမပါသူတွေပါ။ ကျွန်တော့်ကို ဘာလို့ ဒီလိုပြောရတာလဲ” ဆိုပြီးပြောတယ်။
၂၂ အဲဒီနောက် ရှမွေလက ရှောလုနဲ့ နောက်လိုက်ကို စားသောက်ခန်းဆီ ခေါ်သွားပြီး ထိပ်ဆုံးမှာ ထိုင်ခိုင်းတယ်။ ဖိတ်ခေါ်ခံရသူ ၃၀ လောက်ရှိတယ်။
၂၃ ရှမွေလက “‘သပ်သပ်ဖယ်ထား’ ဆိုပြီး ငါသိမ်းထားခိုင်းတဲ့အသားကို ယူလာပါ” လို့ စားဖိုမှူးကို ပြောတယ်။
၂၄ စားဖိုမှူးက ပေါင်သားကို ယူလာပြီး ရှောလုရှေ့မှာ ချပေးတယ်။ ရှမွေလက “ဒါဟာ မင်းအတွက်ပဲ။ စားပါ။ ‘ဧည့်သည်တွေ ငါဖိတ်ထားတယ်’ ဆိုပြီးပြောထားလို့ ဒီပွဲမှာ မင်းစားဖို့ သူတို့ ဖယ်ထားပေးတာ” လို့ပြောတယ်။ အဲဒီနေ့မှာ ရှောလုလည်း ရှမွေလနဲ့အတူ စားသောက်တယ်။
၂၅ အဲဒီနောက် အထွတ်အမြတ်နေရာကနေ မြို့ထဲကို ဆင်းလာကြတယ်။+ ရှမွေလနဲ့ ရှောလုက အိမ်မိုးပေါ်မှာ စကားပြောကြတယ်။
၂၆ နောက်တစ်နေ့ မိုးလင်းတာနဲ့ ရှမွေလက ရှောလုကို အိမ်မိုးပေါ် ခေါ်သွားပြီး “သွားဖို့ပြင်တော့။ မင်းကို ငါလိုက်ပို့မယ်” လို့ပြောတယ်။ ရှောလုလည်း အသင့်ပြင်ပြီးနောက် နှစ်ယောက်သား ထွက်သွားကြတယ်။
၂၇ မြို့ပြင်ကို ရောက်တဲ့အခါ ရှမွေလက “မင်းရဲ့နောက်လိုက်ကို+ အရင်သွားခိုင်းလိုက်။ မင်းကတော့ ဒီမှာနေခဲ့။ ဘုရားသခင်ရဲ့ စကားကို ငါပြောပြမယ်” ဆိုပြီး ရှောလုကို ပြောတယ်။ ဒါနဲ့ နောက်လိုက်လည်း အရင်သွားနှင့်တယ်။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “တစ်ရှယ်ကယ်ရဲ့ လေးပုံတစ်ပုံ။” တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။