၁ သက်သာလောနိတ် ၄:၁-၁၈

  • လိင်အကျင့်ယိုယွင်းမှုကို ရှောင်ဖို့ သတိပေး (၁-၈)

  • ဒီထက်မက မေတ္တာပြကြ (၉-၁၂)

    • ‘သူတစ်ပါးကိစ္စကို ဝင်မစွက်နဲ့’ (၁၁)

  • ယေရှုရဲ့နောက်လိုက်အဖြစ် သေဆုံးသူတွေ အရင်ထမြောက် (၁၃-၁၈)

၄  ညီအစ်ကိုတို့၊ ဘုရားသခင့် မျက်နှာသာရဖို့ ဘယ်လို ကျင့်ကြံပြုမူရမယ်ဆိုတာ ကျွန်တော်တို့ ညွှန်ကြားခဲ့တယ်။+ အဲဒီအတိုင်းလည်း ခင်ဗျားတို့ လုပ်ဆောင်နေတယ်။ ဒါပေမဲ့ ဒီထက်မက အပြည့်အဝ လုပ်ဆောင်ကြဖို့ သခင်ယေရှုရဲ့ နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ကို တိုက်တွန်းပါတယ်၊ မေတ္တာရပ်ခံပါတယ်။ ၂  သခင်ယေရှုပေးအပ်တဲ့ အခွင့်အာဏာအရ အဲဒီလို ညွှန်ကြားခဲ့မှန်း ခင်ဗျားတို့ သိပါတယ်။ ၃  ဘုရားသခင်ရဲ့  အလိုတော်က ခင်ဗျားတို့ လိင်အကျင့်ယိုယွင်းမှုကို*+ ရှောင်ကြဉ်ပြီး  သန့်ရှင်းနေကြဖို့ပါ။+ ၄  ခင်ဗျားတို့အားလုံး  သန့်ရှင်းသူတွေ၊+ ဂုဏ်အသရေရှိသူတွေ ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်ကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာ သိရမယ်။+ ၅  လောဘကြီးတာမျိုး၊ ဘုရားသခင်ကို မသိတဲ့ လူမျိုးခြားတွေလို+  ရမ္မက်ဆန္ဒကို  မချုပ်တည်းတာမျိုး+ မဖြစ်ရဘူး။ ၆  ဒီကိစ္စနဲ့ပတ်သက်လာရင် ဘယ်သူမှ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ စည်းကို မကျော်ရဘူး၊ ညီအစ်ကိုတွေကို အခွင့်ကောင်း မယူရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့  ကြိုတင်ပြောပြပြီး ပြတ်ပြတ်သားသား သတိပေးခဲ့တဲ့အတိုင်း ယေဟောဝါ* ဘုရားက အဲဒီလိုလုပ်တဲ့သူတွေကို မလွဲမသွေ ပြစ်ဒဏ်ပေးမှာဖြစ်လို့ပဲ။ ၇  ဘုရားသခင်က ကျွန်တော်တို့ကို ညစ်ညူးသူတွေဖြစ်ဖို့ မဟုတ်ဘဲ သန့်ရှင်းသူတွေဖြစ်ဖို့  ရွေးချယ်ထားတာ။+ ၈  ဒါကြောင့်  ဒီညွှန်ကြားချက်ကို အရေးမလုပ်တဲ့သူဟာ လူကို အရေးမလုပ်တာ မဟုတ်ဘူး။ သန့်ရှင်းသော စွမ်းအားတော်+ ပေးသနားတဲ့ ဘုရားသခင်ကို အရေးမလုပ်တာပဲ။+ ၉  အချင်းချင်း ချစ်ကြဖို့+ ဘုရားသခင်ကိုယ်တိုင် သင်ထားပေးပြီးသားဖြစ်နေလို့  ညီရင်းအစ်ကိုမေတ္တာနဲ့+ ပတ်သက်လာရင်တော့ ခင်ဗျားတို့ကို ရေးစရာအကြောင်း  ဘာမှမရှိဘူး။ ၁၀  ခင်ဗျားတို့က  မက်ဆီဒိုးနီးယားပြည် တစ်ဝန်းလုံးမှာရှိတဲ့ ညီအစ်ကိုတွေကို တကယ်မေတ္တာပြနေတာပဲ။ ဒါပေမဲ့ ညီအစ်ကိုတို့၊ ဒီထက်မက မေတ္တာပြကြဖို့ ခင်ဗျားတို့ကို တိုက်တွန်းပါတယ်။ ၁၁  ကျွန်တော်တို့  ညွှန်ကြားခဲ့တဲ့အတိုင်း အေးချမ်းတဲ့ အသက်တာနဲ့ နေထိုင်ဖို့၊+ သူတစ်ပါးကိစ္စကို ဝင်မစွက်ဘဲ+ အလုပ်ကြိုးစားဖို့+ ပန်းတိုင်ထားကြပါ။ ၁၂  ဒါမှ အသင်းတော်ပြင်ပက လူတွေရှေ့မှာ ခင်ဗျားတို့ သိက္ခာရှိရှိ ကျင့်ကြံပြုမူနိုင်လိမ့်မယ်။+  လိုလေသေးမရှိဘဲ ပြည့်စုံနေလိမ့်မယ်။ ၁၃  အဲဒီအပြင် ညီအစ်ကိုတို့၊ မျှော်လင့်ချက်မရှိတဲ့ လူတွေလို+ ဝမ်းမနည်းစေဖို့ သေခြင်းမှာ အိပ်ပျော်နေသူတွေရဲ့+ အနာဂတ်အကြောင်း ခင်ဗျားတို့ကို သိစေချင်တယ်။ ၁၄  ယေရှု သေဆုံးပြီးနောက် ရှင်ပြန်ထမြောက်လာတယ်ဆိုတာကို  ယုံတဲ့သူဟာ+  ယေရှုရဲ့နောက်လိုက်အဖြစ် သေခြင်းမှာ အိပ်ပျော်သွားသူတွေကို ယေရှုနဲ့အတူရှိစေဖို့ ဘုရားသခင် အသက်ပြန်ရှင်စေမယ်ဆိုတာကိုလည်း ယုံတယ်။+ ၁၅  ယေဟောဝါရဲ့* တရားစကားကို အခြေခံပြီး ကျွန်တော်တို့ ပြောမယ်– သခင်ရောက်ရှိနေချိန်အထိ အသက်ရှင်ကျန်ရစ်တဲ့ ကျွန်တော်တို့ဟာ သေခြင်းမှာ အိပ်ပျော်ပြီးသူတွေထက် စောပြီး ကောင်းကင်ကို ထမြောက်မှာ မဟုတ်ဘူး။ ၁၆  ဘာလို့လဲဆိုတော့ သခင်ကိုယ်တိုင် ကောင်းကင်ဘုံကနေ ဆင်းလာလိမ့်မယ်။ ဘုရားသခင်ရဲ့ ခရာကို ကိုင်ဆောင်ပြီး ကောင်းကင်တမန်မင်းရဲ့+ အမိန့်သံနဲ့ ခေါ်လိုက်တဲ့အခါ ခရစ်တော်ရဲ့ နောက်လိုက်အဖြစ် သေဆုံးသွားသူတွေ အရင်ထမြောက်လိမ့်မယ်။+ ၁၇  အဲဒီနောက် အသက်ရှင်ကျန်ရစ်တဲ့ ကျွန်တော်တို့က သူတို့နဲ့အတူ ရှိနိုင်ဖို့၊ အာကာသမှာ သခင်နဲ့ တွေ့ဆုံဖို့+ မိုးတိမ်ခြံရံပြီး+ တက်သွားရလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့အားလုံး သခင်နဲ့အတူ အမြဲရှိနေကြလိမ့်မယ်။+ ၁၈  ဒါကြောင့် ဒီအကြောင်းတွေပြောပြီး  အချင်းချင်း နှစ်သိမ့်ပေးကြပါ။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။