၂ ကောရိန္သု ၁:၁-၂၄
၁ ဘုရားသခင့် အလိုတော်ကြောင့် ခရစ်တော်ယေရှုရဲ့ တမန်တော်ဖြစ်တဲ့ ကျွန်တော်ပေါလုနဲ့ ညီအစ်ကို တိမောသေက+ အခါယပြည်မှာရှိတဲ့+ သန့်ရှင်းသူအားလုံး အပါအဝင် ကောရိန္သုမြို့မှာရှိတဲ့ ဘုရားသခင့် အသင်းတော်ဆီ စာရေးလိုက်ပါတယ်။
၂ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။
၃ သခင်ယေရှုခရစ်ရဲ့အဖ+ ဘုရားသခင်ကို ချီးမွမ်းကြပါ။ ဘုရားသခင်ဟာ ကရုဏာကြီးတဲ့အဖ၊+ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်ပဲ။+
၄ ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ဘုရားသခင် နှစ်သိမ့်ပေးတယ်။+ ကျွန်တော်တို့ကလည်း ဘုရားပေးတဲ့ နှစ်သိမ့်မှုအားဖြင့်+ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတွေကို ပြန်နှစ်သိမ့်ပေးနိုင်တယ်။+
၅ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ နောက်လိုက်တွေအဖြစ် ဆင်းရဲဒုက္ခအများကြီး ခံရသလို+ ခရစ်တော်ကြောင့်ပဲ နှစ်သိမ့်မှုအများကြီး ပြန်ခံစားရတယ်။
၆ ကျွန်တော်တို့ ဆင်းရဲဒုက္ခ ခံရတယ်ဆိုရင် ဒါဟာ ခင်ဗျားတို့ကို နှစ်သိမ့်မှုနဲ့ ကယ်တင်ခြင်း ရစေဖို့ပဲ။ ကျွန်တော်တို့ နှစ်သိမ့်မှုရတယ်ဆိုရင် ဒါဟာ ခင်ဗျားတို့ကို နှစ်သိမ့်မှုရစေဖို့ပဲ။ အဲဒီနှစ်သိမ့်မှုက ကျွန်တော်တို့ခံရတဲ့ ဆင်းရဲဒုက္ခမျိုးကို ခင်ဗျားတို့လည်း ခံရပ်နိုင်ဖို့ ကူညီပေးတယ်။
၇ ခင်ဗျားတို့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ မယိမ်းယိုင်ဘူး။ ကျွန်တော်တို့ခံရတဲ့ ဆင်းရဲဒုက္ခမျိုးကို ခင်ဗျားတို့ခံရသလိုပဲ ကျွန်တော်တို့ခံစားရတဲ့ နှစ်သိမ့်မှုကိုလည်း ခင်ဗျားတို့ခံစားရမယ်ဆိုတာ သိနေလို့ပါ။+
၈ ညီအစ်ကိုတို့၊ အာရှနယ်မှာ ကျွန်တော်တို့ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခအကြောင်း ခင်ဗျားတို့ကို မသိဘဲ မနေစေချင်ဘူး။+ အဲဒီတုန်းက ကျွန်တော်တို့ဟာ မခံရပ်နိုင်လောက်အောင် ဖိစီးမှုကြုံခဲ့ရတဲ့အတွက် အသက်ရှင်ဖို့ မျှော်လင့်ချက်တောင် မရှိသလောက်ပဲ။+
၉ သေရတော့မယ်လို့ ကျွန်တော်တို့ ထင်ခဲ့တာ။ ဒီလိုတွေ့ကြုံခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားမကိုးဘဲ သေလွန်သူတွေကို အသက်ပြန်ရှင်စေတဲ့ ဘုရားသခင်ကို အားကိုးတတ်လာတယ်။+
၁၀ ဘုရားသခင်က ကျွန်တော်တို့ကို ကြောက်လန့်စရာ သေဘေးကနေ ကယ်တင်ခဲ့သလို နောင်လည်း ကယ်တင်ဦးမှာပဲ။ အဲဒီလို အမြဲကယ်တင်သွားမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေတယ်။+
၁၁ ခင်ဗျားတို့လည်း ကျွန်တော်တို့အတွက် တိုးလျှိုးအသနားခံပြီး ကူညီပေးနိုင်ပါတယ်။+ လူအများကသာ ကျွန်တော်တို့အတွက် ဆုတောင်းပေးရင် ဘုရားသခင် နားထောင်ပြီး ကူညီပေးမှာပဲ။ အဲဒီအခါ လူအများကလည်း ကျေးဇူးတော်ကို ချီးမွမ်းကြမှာပဲ။+
၁၂ ကျွန်တော်တို့မှာ ဂုဏ်ယူဝါကြွားစရာ တစ်ခုရှိတယ်– ကျွန်တော်တို့က ဒီလောကမှာ၊ အထူးသဖြင့် ခင်ဗျားတို့နဲ့အတူ ရှိနေချိန်မှာ လူ့ဉာဏ်ပညာကိုအားမကိုးဘဲ+ ဘုရားသခင်ရဲ့ မဟာကရုဏာကို အားကိုးခဲ့တယ်၊ ဘုရားဆီကရတဲ့ စိတ်သဘောရိုးနဲ့ သန့်ရှင်းစွာ ကျင့်ကြံနေထိုင်ခဲ့တယ်။ အဲဒီလိုကျင့်ကြံခဲ့မှန်း ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ဟာ သက်သေပဲ။
၁၃ ခင်ဗျားတို့ ဖတ်ရှုပြီး* နားလည်နိုင်တဲ့ အကြောင်းအရာကိုပဲ ကျွန်တော်တို့ ရေးလိုက်တာပါ။ ဒီအကြောင်းတွေကို ခင်ဗျားတို့ အပြည့်အဝ နားလည်လာလိမ့်မယ်လို့ မျှော်လင့်တယ်။
၁၄ ကျွန်တော်တို့ကြောင့် ခင်ဗျားတို့ ဂုဏ်ယူဝင့်ကြွားခဲ့ရတာကို ခင်ဗျားတို့ထဲကတချို့ နားလည်ထားသလိုမျိုးပေါ့။ ကျွန်တော်တို့လည်း သခင်ယေရှုရဲ့နေ့ကျရင် ခင်ဗျားတို့ကြောင့် ဂုဏ်ယူဝင့်ကြွားနိုင်မှာပါ။
၁၅ ဒါကို ယုံကြည်စိတ်ချတဲ့အတွက် ခင်ဗျားတို့ဆီ အရင်ဆုံးလာဖို့ ရည်ရွယ်သေးတယ်။ ခင်ဗျားတို့ကို ဒုတိယအကြိမ် ထပ်ပြီးပျော်ရွှင်စေချင်လို့ပါ။*
၁၆ မက်ဆီဒိုးနီးယားပြည်ကို အသွားမှာ တစ်ကြိမ်၊ အပြန်မှာ တစ်ကြိမ် ခင်ဗျားတို့ဆီ ဝင်လည်ဖို့၊ ပြီးရင် ကျွန်တော့်ကို ယုဒပြည်ဆီ လိုက်ပို့ခိုင်းဖို့ ရည်ရွယ်ခဲ့တယ်။+
၁၇ အဲဒီလိုလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာ ကျွန်တော် ပေါ့ပေါ့တန်တန် သဘောထားလို့လား။ တစ်ကိုယ်ကောင်းစိတ်နဲ့ ကြံရွယ်ပြီး “ဟုတ်တယ်” ပြောလိုက်၊ “မဟုတ်ဘူး” ပြောလိုက် လုပ်နေလို့လား။
၁၈ ကျွန်တော်တို့ ပြောတာတွေဟာ အမှန်တွေပါ။ ဘုရားသခင်ကို ယုံကြည်စိတ်ချပါ။ ကျွန်တော်တို့က “ဟုတ်တယ်” လို့ပြောပြီးမှ “မဟုတ်ဘူး” လို့ မပြောပါဘူး။
၁၉ ကျွန်တော်၊ သိလွာနုနဲ့* တိမောသေက+ ဘုရားသခင်ရဲ့သား၊ ခရစ်တော်ယေရှုအကြောင်း ဟောခဲ့တယ်။ ယေရှုကလည်း “ဟုတ်တယ်” ပြောလိုက်၊ “မဟုတ်ဘူး” ပြောလိုက် မလုပ်ခဲ့ဘူး။ “ဟုတ်တယ်” လို့ပြောပြီးရင် အမြဲတမ်း “ဟုတ်တယ်” ပဲ။
၂၀ ဘုရားသခင်ရဲ့ ကတိတော်တွေ ဘယ်လောက်ပဲ များပါစေ ခရစ်တော်အားဖြင့် ဟုတ်မှန်ရာ ဖြစ်လာတယ်။+ ခရစ်တော်အားဖြင့် “အာမင်”* ဆိုပြီး ကျွန်တော်တို့ ပြောနိုင်တဲ့အတွက်+ ဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေတယ်။
၂၁ တကယ်တော့ ခင်ဗျားတို့ကိုရော ကျွန်တော်တို့ကိုပါ ခရစ်တော်ပိုင်ဆိုင်မှန်း အာမခံပေးတဲ့အရှင်၊ ကျွန်တော်တို့ကို ဘိသိက်ပေးတဲ့အရှင်ဟာ ဘုရားသခင်ပဲ။+
၂၂ ဘုရားသခင်က ကျွန်တော်တို့ကို တံဆိပ်ခတ်ပြီး+ နောင်ရမယ့်အရာအတွက် အာမခံချက်* ပေးတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့စိတ်ထဲ ကိန်းအောင်းနေတဲ့ စွမ်းအားတော်ပဲ။+
၂၃ ကောရိန္သုမြို့ကို ကျွန်တော်မလာသေးတာဟာ ခင်ဗျားတို့ကို ငဲ့ညှာလို့ဆိုတာ ဘုရားသခင်ကို သက်သေထားပြီး ပြောနိုင်ပါတယ်။
၂၄ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်နေတာ မဟုတ်ဘူး။+ ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို ပျော်ရွှင်စေချင်တဲ့ လုပ်ဖော်ဆောင်ဖက်တွေပဲ။ ခင်ဗျားတို့ဟာ ကိုယ့်ယုံကြည်ခြင်းနဲ့ကိုယ် အခိုင်အမာ ရပ်တည်နေသူတွေပါ။