၂ ကောရိန္သု ၅:၁-၂၁
၅ ကျွန်တော်တို့ရဲ့ မြေကြီးနေအိမ်ဖြစ်တဲ့ လက်ရှိတဲအိမ်ဟာ ပျက်စီးသွားရမှာဖြစ်ပြီး+ ကောင်းကင်မှာ ထာဝစဉ်တည်မယ့် နေအိမ်၊ လူမဆောက်တဲ့နေအိမ်ကို ဘုရားသခင်ဆီကနေ ရမယ်လို့ ကျွန်တော်တို့ သိထားတယ်။+
၂ လက်ရှိနေအိမ်မှာ ကျွန်တော်တို့ နေထိုင်တုန်း ကောင်းကင်နေအိမ်ကို တောင့်တလွန်းလို့ ညည်းတွားနေကြတယ်။ ကောင်းကင်နေအိမ်က ကျွန်တော်တို့ကို အဝတ်လို လွှမ်းခြုံပေးလိမ့်မယ်။+
၃ ကောင်းကင်နေအိမ်ကို အဝတ်လို ဝတ်ဆင်ရတဲ့အခါ ကျွန်တော်တို့ အဝတ်ဗလာဖြစ်နေမှာ မဟုတ်ဘူး။
၄ လက်ရှိတဲအိမ်မှာနေတဲ့ ကျွန်တော်တို့ဟာ ဝန်ပိပြီး ညည်းတွားနေရတယ်။ ဒီတဲအိမ်ကို အဝတ်လို ချွတ်ပစ်ချင်လို့ မဟုတ်ဘဲ ကောင်းကင်နေအိမ်ကို ဝတ်ဆင်ချင်လို့ ညည်းတွားနေတာပါ။+ ဒါမှ သေတတ်တဲ့အရာကို အသက်ရှင်ခြင်းနဲ့ အစားထိုးနိုင်မှာပါ။+
၅ အဲဒီအသက်တာကို ပြင်ဆင်ပေးတဲ့အရှင်ကတော့ ဘုရားသခင်ပဲ။+ ဘုရားသခင်က ကျွန်တော်တို့ကို နောင်ရမယ့်အရာအတွက် အာမခံချက်* အဖြစ် စွမ်းအားတော် ပေးထားတယ်။+
၆ ဒါကြောင့် ကျွန်တော်တို့ဟာ အမြဲ စိတ်ချလက်ချဖြစ်နေတယ်။ ဒီခန္ဓာနဲ့ နေထိုင်သရွေ့ သခင်နဲ့ ဝေးကွာနေမယ်ဆိုတာကို သိတယ်။+
၇ မြင်ရတဲ့အရာတွေကို ကြည့်ပြီး အသက်မရှင်ဘဲ ယုံကြည်ခြင်းနဲ့ အသက်ရှင်နေကြတယ်။
၈ ကျွန်တော်တို့ စိတ်ချလက်ချဖြစ်နေပေမဲ့ ဒီခန္ဓာနဲ့ နေထိုင်မယ့်အစား သခင်နဲ့အတူ နေထိုင်ဖို့ ပိုလိုလားပါတယ်။+
၉ ဒါပေမဲ့ သခင်နဲ့အတူ နေထိုင်ရသည်ဖြစ်စေ၊ ဝေးကွာနေရသည်ဖြစ်စေ သခင်နှစ်သက်သူတွေ အမြဲဖြစ်နိုင်ဖို့ ကျွန်တော်တို့ ပန်းတိုင်ထားတယ်။
၁၀ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံး ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့ ရောက်ရမှာဖြစ်လို့ပဲ။ ဒီခန္ဓာနဲ့ အသက်ရှင်တုန်းက ပြုကျင့်ခဲ့တဲ့ ကောင်းတဲ့အကျင့်၊ မကောင်းတဲ့အကျင့်အတိုင်း အကျိုးအပြစ်ကို ခံရလိမ့်မယ်။+
၁၁ သခင်ကို ကြောက်ရွံ့သင့်မှန်း ကျွန်တော်တို့ သိတဲ့အတွက် လူတွေကို နားလည်လက်ခံလာအောင် သွန်သင်ပေးတယ်။ ကျွန်တော်တို့ ဘယ်လိုလူစားမျိုးလဲဆိုတာ ဘုရားသခင် ကောင်းကောင်း သိတယ်။ ခင်ဗျားတို့လည်း* ကောင်းကောင်း သိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
၁၂ ကျွန်တော်တို့ ကိုယ့်အကြောင်းကိုယ် ထောက်ခံချက်ပေးနေတာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို ဂုဏ်ယူဝင့်ကြွားစေချင်လို့ ပြောနေတာ။ ဒါမှ စိတ်ရင်းကိုမကြည့်ဘဲ အပြင်ပန်းကိုကြည့်ပြီး+ ဂုဏ်ယူဝင့်ကြွားတတ်သူတွေရဲ့ စကားကို ခင်ဗျားတို့ ချေပနိုင်မှာပေါ့။
၁၃ ကျွန်တော်တို့က စိတ်မမှန်တဲ့သူလို တစ်ခုခုလုပ်တယ်ဆိုရင်+ ဘုရားသခင်အတွက် လုပ်တာပါ။ စိတ်မှန်တဲ့သူတွေလို လုပ်တယ်ဆိုရင် ခင်ဗျားတို့အကျိုးအတွက် လုပ်တာပါ။
၁၄ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို တွန်းအားပေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ကောက်ချက်ချတာက– လူအားလုံးအတွက် လူတစ်ယောက် အသေခံတယ်။+ လူအားလုံး သေဆုံးပြီဖြစ်လို့ သူအသေခံဖို့ လိုအပ်တယ်။
၁၅ လူအားလုံးအတွက် အသေခံတဲ့သူဟာ ခရစ်တော်ပဲ။ ဒါကြောင့် အသက်ရှင်နေသူတွေဟာ ကိုယ့်အတွက် အသက်မရှင်တော့ဘဲ+ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်သင့်တယ်။
၁၆ ကျွန်တော်တို့က အခုကစပြီး ဘယ်သူ့ကိုမှ ကိုယ့်အမြင်နဲ့ အကဲမဖြတ်တော့ဘူး။+ အရင်တုန်းက ခရစ်တော်ကို ကိုယ့်အမြင်နဲ့ အကဲဖြတ်ခဲ့ကြပေမဲ့ အခုတော့ အဲဒီလို အကဲမဖြတ်တော့ဘူး။+
၁၇ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိတဲ့သူဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းရာအသစ်ပဲ။+ ဟောင်းတဲ့အရာတွေ ကွယ်ပျောက်ပြီး အသစ်သောအရာတွေ တည်ရှိလာပြီ။
၁၈ တကယ်တော့ အရာအားလုံးဟာ ဘုရားသခင်ဆီကပဲ။ ဘုရားသခင်က ခရစ်တော်ကတစ်ဆင့် ကျွန်တော်တို့ကို မိမိနဲ့ ပြန်လည်သင့်မြတ်စေတဲ့အပြင်+ ပြန်လည်သင့်မြတ်စေတဲ့ လုပ်ငန်းကိုလည်း ကျွန်တော်တို့ဆီ ပေးအပ်ထားတယ်။+
၁၉ အဲဒီလုပ်ငန်းကတော့ ခရစ်တော်ကတစ်ဆင့် ဒီလောကကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေတဲ့ လုပ်ငန်းပဲ။+ ဘုရားသခင်က လူတွေရဲ့အပြစ်ကို မှတ်မထားဘူး။+ မိမိနဲ့ ပြန်လည်သင့်မြတ်နိုင်တယ်ဆိုတဲ့အကြောင်း လူတွေကို ဟောရမယ့်လုပ်ငန်းကို ကျွန်တော်တို့ဆီ ပေးအပ်ထားတယ်။+
၂၀ ဒီတော့ ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ကိုယ်စား သံအမတ်တွေပဲ။+ ကျွန်တော်တို့ကတစ်ဆင့် ဘုရားသခင်ကိုယ်တိုင် မေတ္တာရပ်ခံနေတဲ့သဘောပေါ့။ ဒါကြောင့် “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်အောင် လုပ်ကြပါ” ဆိုပြီး ခရစ်တော်ကိုယ်စား+ ကျွန်တော်တို့ တောင်းပန်နေတာပါ။
၂၁ ဘုရားသခင်က အပြစ်ကင်းစင်သူကို+ ကျွန်တော်တို့အတွက် အပြစ်ဖြေရာအလှူ ဖြစ်စေခဲ့တယ်။ ကျွန်တော်တို့ဟာ သူ့ကြောင့် ဘုရားသခင်ရဲ့အမြင်မှာ ဖြောင့်မတ်သူတွေ ဖြစ်နိုင်ကြတယ်။+