၂ ကောရိန္သု ၇:၁-၁၆

  • ညစ်​ညူး​စေ​တဲ့​အရာတွေ​နဲ့ ကင်း​စင်​စေ ()

  • ကော​ရိန္သု​အသင်း​တော်​အတွက် ပေါ​လု​ဝမ်းမြောက် (၂-၄)

  • သတင်း​ကောင်း​ကို တိတု သယ်​ဆောင်​လာ (၅-၇)

  • စစ်​မှန်​တဲ့ ဝမ်း​နည်း​မှု​နဲ့ နောင်​တ (၈-၁၆)

 ချစ်​ရ​သူ​တို့၊ အဲ​ဒီ​က​တိ​တော်တွေ​ကို+ ကျွန်​တော်​တို့ ရ​ရှိ​ထား​တဲ့​အတွက် ကိုယ်​စိတ်​နှစ်​ပါး​ကို ညစ်​ညူး​စေ​တဲ့​အရာ ရှိ​သမျှ​နဲ့ ကင်း​စင်​နေ​ကြ​စို့။+ ဘုရား​သခင်​ကို ကြောက်​ရွံ့​ ရို​သေတဲ့​စိတ်​နဲ့ သန့်​ရှင်း​သည်​ထက် သန့်​ရှင်း​အောင် အသက်​ရှင်​နေ​ကြ​စို့။ ၂  ခင်​ဗျား​တို့​ရဲ့  နှ​လုံး​သား​ထဲ​မှာ​ ကျွန်​တော်​တို့​ကို  နေ​ရာ​ပေး​ကြ​ပါ။+ ကျွန်တော်​တို့ ဘယ်​သူ့​ကို​မှ မပြစ်​မှား​ခဲ့​ဘူး။ ဘယ်​သူ့​ကို​မှ မဖျက်​ဆီး​ခဲ့​ဘူး။ ဘယ်​သူ့​ဆီ​က​မှ အမြတ်​မထုတ်​ခဲ့​ဘူး။+ ၃  ခင်ဗျား​တို့​ကို အပြစ်​တင်​တဲ့​အနေ​နဲ့  ပြော​နေ​တာ မဟုတ်​ပါ​ဘူး။ ကျွန်​တော်​ပြော​ခဲ့​သလို​ပဲ  သေသည်​ဖြစ်​စေ၊  ရှင်​သည်​ဖြစ်​စေ  ကျွန်​တော်​တို့​ရဲ့ နှ​လုံး​သား​ထဲ​မှာ  ခင်​ဗျား​တို့  ရှိ​နှင့်​ပြီး​သား​ပါ။ ၄  ခင်​ဗျား​တို့​နဲ့​ပတ်​သက်​ပြီး ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်* ကျွန်​တော့်​မှာ ရှိ​တယ်။ ခင်​ဗျား​တို့​နဲ့​ပတ်သက်​လို့ တကယ်​ဂုဏ်​ယူ​ပြီး စိတ်​အား​တက်​လာ​တယ်။ ဒုက္ခ​အမျိုး​မျိုး ခံ​ရ​ပေမဲ့  အတိုင်း​ထက်​အလွန်  ဝမ်း​သာ​တယ်။+ ၅  ကျွန်​တော်​တို့​က မက်​ဆီ​ဒိုး​နီး​ယား​ပြည်​ကို​ရောက်​တဲ့​အခါ+ စိတ်ထောင်း​ကိုယ်​ကြေ ဖြစ်​ခဲ့ရ​တယ်။ ဒါ​တောင် ဒုက္ခ​အမျိုး​မျိုး ကြုံ​နေ​ရ​တုန်း​ပဲ။ အပြင်​က တိုက်​ခိုက်​တာ​ကို ခံ​ရ​သလို အတွင်း​က​လူ​တွေ​အတွက်​လည်း စိတ်​ပူ​နေ​ရ​တယ်။ ၆  ဒါ​ပေမဲ့ အား​ငယ်​သူ​တွေ​ကို နှစ်​သိမ့်​ပေး​တတ်​တဲ့ ဘု​ရား​သခင်​က+ ရောက်​လာ​တဲ့ တိတု​အား​ဖြင့် ကျွန်​တော်​တို့​ကို နှစ်​သိမ့်​ပေး​တယ်။ ၇  တိတု ရောက်​လာ​တဲ့​အပြင် ခင်​ဗျား​တို့​ကြောင့် သူ​ခံ​စား​ရ​တဲ့ နှစ်​သိမ့်​မှု​က​လည်း ကျွန်တော့်​ကို အား​တက်​စေ​တယ်။ ကျွန်​တော့်​ကို သတိ​ရ​နေ​တဲ့​အကြောင်း၊ ခင်​ဗျား​တို့ ဝမ်း​နည်း​ပူ​ဆွေး​နေ​တဲ့​အကြောင်း၊​ ကျွန်​တော့်​အတွက် သိပ်​စိတ်​ပူ​နေ​တဲ့​အ​ကြောင်း သူ​ပြော​ပြတော့ ပို​ပြီး​ဝမ်း​သာ​ရ​ပါ​တယ်။ ၈  ကျွန်​တော်ရေးခဲ့​တဲ့  စာ​ကြောင့် ခင်ဗျား​တို့ ဝမ်း​နည်း​ရရင်​တောင်+ ကျွန်​တော် စိတ်​မကောင်း မဖြစ်​ပါ​ဘူး။ (အဲ​ဒီ​စာ​ကြောင့် ခင်​ဗျား​တို့ အခိုက်​အတန့် ဝမ်း​နည်း​ခဲ့ရ​တယ်​ဆို​တဲ့​အကြောင်း သိ​လိုက်​ရတော့) အစ​ပိုင်း​မှာ ကျွန်​တော် စိတ်​မကောင်း ဖြစ်​မိ​သေး​တယ်။ ၉  အခု​တော့  ကျွန်​တော်   ဝမ်း​သာ​မိ​တယ်။ ခင်ဗျား​တို့ ဝမ်း​နည်း​ရလို့​မဟုတ်​ဘဲ နောင်​တ​ရ​သွား​လို့​ပါ။ အဲ​ဒီ​ဝမ်း​နည်း​မှု​ဟာ ဘုရား​သခင့် အလို​တော်​နဲ့ ညီ​ပါ​တယ်။ ကျွန်​တော်​တို့​ကြောင့် ခင်​ဗျား​တို့ မနစ်​နာ​ခဲ့ရ​ပါ​ဘူး။ ၁၀  ဘု​ရား​သခင့် အလို​တော်​နဲ့​ညီ​တဲ့ ဝမ်း​နည်း​မှု​က နောင်​တ​ရ​ပြီး ကယ်​တင်​ခြင်း​ရ​စေ​တဲ့​အတွက် အမြဲအကျိုး​ရ​စေ​ပါ​တယ်။+ လော​က​နဲ့​ဆက်​နွှယ်​တဲ့ ဝမ်း​နည်း​မှု​က​တော့  သေခြင်း​ကို ဖြစ်​စေ​တယ်။ ၁၁  ဘု​ရား​သခင့် အလို​တော်​နဲ့​ညီ​တဲ့ ဝမ်း​နည်း​မှု​ကြောင့် ခင်​ဗျား​တို့ လုံ့​လ​ဝီ​ရိ​ယ​ရှိ​တယ်။ အမှား​ကင်း​အောင် ကြိုး​စား​တယ်။ မကောင်း​မှု​အတွက် ဒေါသ​ထွက်​တယ်။ ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေတယ်။ နောင်​တ​ရ​ချင်​စိတ် ပြင်း​ပြတယ်။ ဇွဲ​ထက်​သန်​တယ်။ အမှား​ကို ပြု​ပြင်​တယ်။+  ခင်​ဗျား​တို့​ဟာ  စင်​ကြယ်​သူ​တွေ​ဖြစ်​မှန်း အဲ​ဒီ​လို နည်း​အမျိုး​မျိုး​နဲ့ တင်​ပြခဲ့​ကြ​တယ်။ ၁၂  ကျွန်​တော်  စာ​ရေး​လိုက်​တာ​ဟာ အပြစ်​ပြု​သူ​အတွက် မဟုတ်​ဘူး။+ ပြစ်​မှား​ခံ​ရ​သူ​အတွက်​လည်း မဟုတ်​ဘူး။ ကျွန်​တော်​တို့​ပြော​တာ​ကို နား​ထောင်​ချင်​စိတ် ပြင်း​ပြမှန်း ဘု​ရား​သခင့်​ရှေ့​မှာ ခင်​ဗျား​တို့ ဖော်​ပြနိုင်​ဖို့​ပါ။ ၁၃  ကျွန်​တော်​တို့ နှစ်​သိမ့်​မှု ခံ​စား​ရ​ပြီ။ နှစ်​သိမ့်​မှု ခံ​စား​ရ​တဲ့​အပြင် ဝမ်း​သာ​အား​ရ​လည်း ဖြစ်​မိ​တယ်။ ဘာ​လို့​လဲ​ဆို​တော့ ခင်​ဗျား​တို့​အား​လုံး​က တိတု​ကို စိတ်​လန်း​ဆန်း​စေ​တဲ့​အတွက် သူ​ပျော်​ရွှင်​နေ​တာ​ကို မြင်​ရလို့​ပါ။ ၁၄  တိတု​ရှေ့​မှာ  ခင်​ဗျား​တို့​အကြောင်း ကျွန်​တော် ကြွား​ပြော​ခဲ့​တာ​တွေ​ဟာ  ရှက်​စ​ရာ​မှ မဟုတ်​တာ။ ခင်​ဗျား​တို့​ကို ကျွန်​တော်​တို့ ပြော​ခဲ့​တာ​တွေ​ဟာ  အမှန်​တွေ​ချည်း​ပဲ ဖြစ်​သလို တိတု​ရှေ့​မှာ ကျွန်​တော်​တို့ ကြွား​ပြော​ခဲ့​တာ​တွေ​ဟာ​လည်း အမှန်​တွေ​ချည်း​ပါ​ပဲ။ ၁၅  ဒါ့​အပြင် တိတု​က ခင်​ဗျား​တို့​ရဲ့ နာ​ခံ​မှု​အကြောင်း၊+ သူ့​ကို လေး​လေး​စား​စား လက်​ခံ​ကြို​ဆို​ခဲ့​တဲ့​အကြောင်း အမှတ်​ရ​နေ​တဲ့​အတွက် ခင်​ဗျား​တို့​ကို ပို​ပြီး ချစ်​ခင်မြတ်​နိုး​လာ​တယ်။ ၁၆  အရာရာ​မှာ ခင်​ဗျား​တို့​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​တဲ့​အတွက်* ကျွန်​တော် ဝမ်း​မြောက်​နေ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
“ခင်​ဗျား​တို့​ကြောင့်​ အားရှိ​လာ​တဲ့​အတွက်” လည်း​ဖြစ်​နိုင်။