၂ ဘုရင်များ ၁၁:၁-၂၁
၁၁ မယ်တော်အာသလိက+ သားတော်အာခဇိမင်း သေဆုံးမှန်းသိတာနဲ့+ တော်ဝင်မျိုးဆက် အားလုံးကို သုတ်သင်ပစ်တယ်။+
၂ ဒါပေမဲ့ ယဟောရံရဲ့ သမီးတော်၊ အာခဇိရဲ့နှမ ယောရှေဘက အာခဇိရဲ့သား ယောရှကို+ ကွပ်မျက်ခံရမယ့် သားတော်တွေထဲကနေ ခိုးယူပြီး အထိန်းတော်နဲ့အတူ အတွင်းအိပ်ခန်းမှာ ဝှက်ထားလိုက်တယ်။ အာသလိ မသိအောင် ဝှက်ထားတဲ့အတွက် ယောရှ အသတ်မခံလိုက်ရဘူး။
၃ တိုင်းပြည်ကို အာသလိ အုပ်စိုးချိန်အတွင်း ယောရှက အထိန်းတော်နဲ့အတူ ယေဟောဝါရဲ့အိမ်တော်မှာ ခြောက်နှစ်လုံး ပုန်းနေတယ်။
၄ ခုနစ်နှစ်မြောက်မှာ ယောယဒက ခေရိကိုယ်ရံတော်တစ်ရာနဲ့ နန်းတော်စောင့်+ တစ်ရာရဲ့ တပ်မှူးတွေကို သူရှိနေတဲ့ ယေဟောဝါရဲ့ အိမ်တော်ဆီ လာခိုင်းတယ်။ ယေဟောဝါရဲ့ အိမ်တော်မှာ သူတို့နဲ့ ကတိကဝတ်ပြုပြီး သစ္စာဆိုခိုင်းတယ်။ အဲဒီနောက် ဘုရင့်သားတော်ကို ထုတ်ပြလိုက်တယ်။+
၅ ပြီးတော့ “ခင်ဗျားတို့ လုပ်ရမှာက– လူသုံးစု ခွဲလိုက်ပါ။ တစ်စုက ဥပုသ်နေ့မှာ နန်းတော်ကို အသေအချာ စောင့်ကြပ်ဖို့ တာဝန်ယူရမယ်။+
၆ နောက်တစ်စုက အုတ်မြစ်တံခါးမှာ စောင့်ရမယ်။ နောက်ဆုံးတစ်စုက နန်းတော်စောင့်တွေရဲ့နောက်က တံခါးမှာ စောင့်ရမယ်။ အိမ်တော်ကိုလည်း အလှည့်ကျ စောင့်ကြပ်ရမယ်။
၇ ဥပုသ်နေ့မှာ တာဝန်မကျတဲ့ အုပ်စုနှစ်စုက ဘုရင်ကိုကာကွယ်ဖို့ ယေဟောဝါရဲ့ အိမ်တော်ကို အသေအချာစောင့်ကြပ်ရတဲ့ တာဝန်ယူရမယ်။
၈ ယောက်တိုင်း လက်နက်ကိုယ်စီကိုင်ပြီး ဘုရင်ကို ခြံရံစောင့်ကြပ်ရမယ်။ အစောင့်အကြပ်တွေကြား ဝင်လာသူမှန်သမျှ သေဒဏ်ပဲ။ ဘုရင်သွားလေရာရာ ခင်ဗျားတို့လိုက်ရမယ်” ဆိုပြီး ညွှန်ကြားတယ်။
၉ ကိုယ်ရံတော်တစ်ရာရဲ့ တပ်မှူးတွေလည်း+ ပုရောဟိတ်ယောယဒ ညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာကြတယ်။ တပ်မှူးတွေက ဥပုသ်နေ့မှာ တာဝန်ကျတဲ့သူတွေကိုရော တာဝန်မကျသူတဲ့သူတွေကိုပါ ခေါ်ထားတယ်။ သူတို့အားလုံး ပုရောဟိတ်ယောယဒဆီ လာကြတယ်။+
၁၀ အဲဒီအခါ ပုရောဟိတ်က တပ်မှူးတွေကို ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ဒါဝိဒ်မင်းရဲ့လှံတွေ၊ ဒိုင်းဝိုင်းတွေ ပေးလိုက်တယ်။
၁၁ နန်းတော်စောင့်တွေက+ လက်နက်ကိုယ်စီကိုင်၊ ဘုရင်ကိုခြံရံပြီး ပူဇော်ရာပလ္လင်အနား၊+ အိမ်တော်အနား၊ အိမ်တော်ရဲ့ညာဘက်ကနေ ဘယ်ဘက်အထိ စောင့်ကြပ်ကြတယ်။
၁၂ အဲဒီနောက် ယောယဒက ဘုရင့်သားတော် ယောရှကို ခေါ်ထုတ်လာတယ်။+ ခေါင်းပေါ် သရဖူဆောင်းပေးပြီး ပညတ်ကျမ်းလိပ်ကို+ တင်တယ်။ ယောရှကို မင်းမြှောက်ပြီး ဘိသိက်ပေးလိုက်တယ်။ “မင်းကြီး အသက်တော် ရှည်ပါစေ” ဆိုပြီး လက်ခုပ်တီးရင်း ကြွေးကြော်ကြတယ်။+
၁၃ အာသလိက အုတ်အုတ်ကျက်ကျက် ဖြစ်နေတဲ့အသံကို ကြားတာနဲ့ လူတွေစုဝေးနေတဲ့ ယေဟောဝါရဲ့အိမ်တော်ကို ရောက်လာတယ်။+
၁၄ ထုံးစံရှိတဲ့အတိုင်းတိုင်နားမှာ ဘုရင်ရပ်နေတာကို သူတွေ့လိုက်ရတယ်။+ တပ်မှူးတွေနဲ့ ခရာမှုတ်သူတွေက+ ဘုရင့်အနားမှာ ရှိနေပြီး ပြည်သူပြည်သားတွေလည်း ဝမ်းသာအားရ ခရာမှုတ်နေကြတယ်။ ဒါနဲ့ အာသလိက ကိုယ့်အဝတ်ကိုဆွဲဆုတ်ပြီး “ဒါ ပုန်ကန်မှုပဲ။ ပုန်ကန်နေကြတာပဲ” လို့အော်တော့တယ်။
၁၅ ပုရောဟိတ်ယောယဒက တပ်သားတွေကို ကြီးကြပ်ရတဲ့ ရာတပ်မှူးတွေကို+ “အစောင့်အကြပ်တွေကြားကနေ သူ့ကို ခေါ်ထုတ်သွားကြ။ သူ့နောက်ကို လိုက်တဲ့သူရှိရင်လည်း ဓားနဲ့ကွပ်မျက်ကြ” လို့အမိန့်ပေးတယ်။ ယောယဒက “သူ့ကို ယေဟောဝါဘုရားရဲ့ အိမ်တော်ထဲမှာ မသတ်ကြနဲ့” ဆိုပြီး မှာထားတဲ့အတွက်၊
၁၆ သူ့ကို ဖမ်းချုပ်လိုက်ပြီး နန်းတော်ထဲ မြင်းတွေဝင်တဲ့နေရာ+ ရောက်တဲ့အခါ ကွပ်မျက်ကြတယ်။
၁၇ အဲဒီနောက် ယောယဒက ဘုရင်နဲ့လူတွေကို ယေဟောဝါရဲ့လူမျိုး အမြဲဖြစ်နေစေဖို့ ယေဟောဝါနဲ့ ကတိသစ္စာပြုခိုင်းတယ်။+ ဘုရင်နဲ့ လူတွေကိုလည်း ကတိသစ္စာပြုခိုင်းတယ်။+
၁၈ နောက်တော့ ပြည်သူပြည်သား အားလုံးက ဗာလဘုရားကျောင်းကိုလာပြီး ယဇ်ပလ္လင်တွေကို ဖြိုချတယ်။+ ဗာလရုပ်တုတွေကို ချိုးဖဲ့ဖျက်ဆီးပြီး+ ဗာလပုရောဟိတ် မဿန်ကို ယဇ်ပလ္လင်တွေရှေ့မှာ ကွပ်မျက်လိုက်တယ်။+
ပြီးတော့ ပုရောဟိတ်က ယေဟောဝါရဲ့ အိမ်တော်ကိုစောင့်ကြပ်ဖို့ ကြီးကြပ်မှူးတွေ ခန့်အပ်တယ်။+
၁၉ ဒါ့အပြင် ရာတပ်မှူးတွေ၊+ ခေရိကိုယ်ရံတော်တပ်ဖွဲ့၊ နန်းတော်စောင့်တွေ၊+ ပြည်သူပြည်သားတွေကို ခေါ်ပြီး ဘုရင်ကို ယေဟောဝါရဲ့ အိမ်တော်ကနေ နန်းတော်ဆီ ခေါ်ထုတ်ချိန်မှာ ခြံရံစောင့်ကြပ်စေတယ်။ နန်းတော်စောင့်တွေရဲ့ တံခါးလမ်းအတိုင်း ခေါ်ဆောင်လာပြီးတဲ့နောက် ဘုရင်လည်း ရာဇပလ္လင်ပေါ်မှာ နန်းထိုင်တယ်။+
၂၀ အာသလိကို နန်းတော်မှာ ဓားနဲ့ကွပ်မျက်လိုက်ပြီဖြစ်လို့ ပြည်သူပြည်သားအားလုံး ပျော်ရွှင်မြူးထူးပြီး တစ်မြို့လုံး ငြိမ်သက်အေးချမ်းနေတယ်။
၂၁ ယောရှ+ နန်းတက်ချိန်မှာ အသက် ၇ နှစ်ပဲ ရှိသေးတယ်။+