၂ ဘုရင်များ ၁၂:၁-၂၁

  • ယုဒဘုရင် ယောရှ (၁-၃)

  • ဗိမာန်တော်ကို ယောရှ ပြုပြင် (၄-၁၆)

  • ဆီးရီးယားရဲ့ကျူးကျော်မှု (၁၇၊ ၁၈)

  • ယောရှ လုပ်ကြံခံရ (၁၉-၂၁)

၁၂  ယေဟုနန်းစံ ၇ နှစ်မှာ+ ယောရှ+ နန်းတက်လာပြီး ဂျေရုဆလင်မြို့မှာ နှစ်ပေါင်း ၄၀ စိုးစံတယ်။ မယ်တော်က ဗေရရှေဘမြို့သူ ဇိဗိလို့ခေါ်တယ်။+ ၂  ယောရှဟာ ပုရောဟိတ်ယောယဒရဲ့ သွန်သင်မှုခံရချိန် တစ်လျှောက်လုံး ယေဟောဝါရှေ့မှာ မှန်ရာကို  ဆက်လုပ်တယ်။ ၃  အထွတ်အမြတ်နေရာတွေ+ ရှိနေဆဲဖြစ်လို့ လူတွေက အဲဒီမှာ ယဇ်တွေဆက်သပြီး မီးရှို့ပူဇော်နေကြတုန်းပဲ။* ၄  ယောရှက  ပုရောဟိတ်တွေကို “သန့်ရှင်းတဲ့အလှူအဖြစ် ယေဟောဝါဘုရားရဲ့ အိမ်တော်ဆီ ယူလာတဲ့ ငွေအားလုံးကို စုလိုက်ပါ။+ အဲဒီငွေတွေကတော့ လူတစ်ယောက်စီပေးရတဲ့ အခွန်ငွေ၊+ လူတစ်ယောက်ရဲ့ သတ်မှတ်တန်ဖိုးအဖြစ် ပေးလှူတဲ့ငွေ၊ ယေဟောဝါဘုရားရဲ့ အိမ်တော်အတွက် စေတနာစိတ်နဲ့ လှူဒါန်းတဲ့ငွေတွေပဲ။+ ၅  ပုရောဟိတ်တွေကိုယ်တိုင် အလှူရှင်တွေဆီကနေ ငွေကောက်ခံပြီး အိမ်တော်ပျက်စီးတဲ့ နေရာတွေ ပြုပြင်ရာမှာ အဲဒီငွေကို အသုံးပြုရမယ်”+ လို့မှာတယ်။ ၆  ဒါပေမဲ့ ယောရှ နန်းစံ ၂၃ နှစ်ရောက်တဲ့အထိ ပုရောဟိတ်တွေက အိမ်တော်ပျက်စီးတဲ့ နေရာတွေကို မပြုပြင်ကြသေးဘူး။+ ၇  ဒါကြောင့် ယောရှမင်းက ပုရောဟိတ်ယောယဒနဲ့+ တခြားပုရောဟိတ်တွေကိုခေါ်ပြီး “အိမ်တော်ပျက်စီးတဲ့ နေရာတွေကို ဘာလို့ မပြုပြင်သေးတာလဲ။ အိမ်တော်ပြုပြင်ဖို့ မသုံးဘူးဆိုရင် အလှူရှင်တွေဆီကနေ ငွေထပ်မကောက်နဲ့တော့”+ လို့ပြောတယ်။ ၈  ပုရောဟိတ်တွေလည်း လူတွေဆီကနေ ငွေကောက်ခံတဲ့တာဝန်၊ အိမ်တော်ပြုပြင်မယ့် တာဝန်ကို မယူဖို့ သဘောတူကြတယ်။ ၉  အဲဒီနောက် ပုရောဟိတ်ယောယဒက သေတ္တာတစ်လုံးကိုယူ၊+ အဖုံးမှာ အပေါက်ဖောက်ပြီး ယေဟောဝါရဲ့ အိမ်တော်အဝင်လမ်း ညာဘက်၊ ပူဇော်ရာပလ္လင်ဘေးမှာ ထားလိုက်တယ်။ ယေဟောဝါရဲ့ အိမ်တော်ထဲ ယူလာတဲ့ငွေတွေကို တံခါးစောင့်အဖြစ် အမှုဆောင်တဲ့ ပုရောဟိတ်တွေက အဲဒီသေတ္တာထဲ ထည့်ကြတယ်။+ ၁၀  သေတ္တာထဲမှာ ငွေများလာမှန်း သိတဲ့အခါ ဘုရင့်စာရေးတော်နဲ့ ပုရောဟိတ်မင်း ရောက်လာပြီး ယေဟောဝါရဲ့ အိမ်တော်ဆီ ယူလာတဲ့ငွေကို စုသိမ်းပြီးနောက် ရေတွက်ကြတယ်။+ ၁၁  ရေတွက်ပြီးသားငွေကို ယေဟောဝါရဲ့ အိမ်တော်လုပ်ငန်း ကြီးကြပ်ရတဲ့သူတွေကို အပ်လိုက်တယ်။ ကြီးကြပ်သူတွေက အဲဒီငွေကို ယေဟောဝါရဲ့ အိမ်တော်မှာ အလုပ်လုပ်တဲ့ လက်သမားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ၊+ ၁၂  ပန်းရန်သမားတွေ၊ ကျောက်ဆစ်သမားတွေကို ပြန်ပေးတယ်။ ယေဟောဝါရဲ့အိမ်တော် ပျက်စီးတဲ့ နေရာတွေကို ပြုပြင်ဖို့ သစ်သားတွေ၊ ဆစ်ထားတဲ့ကျောက်တွေကိုလည်း ဝယ်ကြတယ်။ အိမ်တော်ပြုပြင်ရေး ကုန်ကျစရိတ်အတွက် အဲဒီငွေကို သုံးကြတယ်။ ၁၃  ဒါပေမဲ့  ယေဟောဝါရဲ့အိမ်တော်မှာ သုံးတဲ့ ငွေအင်တုံ၊ မီးငြိမ်းကိရိယာ၊ ဇလုံ၊ ခရာတွေနဲ့+ ငွေထည်ရွှေထည်ပစ္စည်း အမျိုးမျိုးအတွက်တော့ ယေဟောဝါရဲ့အိမ်တော်ဆီ ယူလာတဲ့ငွေကို မသုံးဘူး။+ ၁၄  အဲဒီငွေကို ကြီးကြပ်သူတွေကိုပဲ ပေးအပ်တယ်၊ အဲဒီငွေနဲ့ ယေဟောဝါရဲ့အိမ်တော်ကို ပြုပြင်ကြတယ်။ ၁၅  ကြီးကြပ်သူတွေဟာ ယုံကြည်စိတ်ချထိုက်သူတွေဖြစ်တယ်။ ဒါကြောင့် စာရေးတော်နဲ့ ပုရောဟိတ်မင်းက အလုပ်သမားတွေကိုပေးတဲ့ ငွေနဲ့ပတ်သက်ပြီး သူတို့ကို စစ်ဆေးမေးမြန်းတာမျိုး မလုပ်ဘူး။+ ၁၆  အပြစ်ဖြေရာအလှူနဲ့+ ဒုစရိုက်ဖြေရာအလှူအတွက် ရတဲ့ငွေတွေကိုတော့ ယေဟောဝါရဲ့ အိမ်တော်အတွက် မသုံးဘဲ ပုရောဟိတ်တွေ ယူရတယ်။+ ၁၇  အဲဒီအချိန်မှာ ဆီးရီးယားဘုရင် ဟာဇေလက+ ဂါသမြို့ကို+ ချီတက်တိုက်ခိုက်ပြီး သိမ်းယူတယ်။ အဲဒီနောက် ဂျေရုဆလင်မြို့ကိုလည်း တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။+ ၁၈  ယုဒဘုရင်ယောရှက ဘိုးဘေးတွေဖြစ်တဲ့ ယုဒဘုရင် ယောရှဖတ်၊ ယဟောရံ၊ အာခဇိတို့ ဆက်ကပ်ခဲ့တဲ့ သန့်ရှင်းတဲ့အလှူတွေ၊ သူကိုယ်တိုင်လှူထားတဲ့ သန့်ရှင်းတဲ့အလှူတွေ၊ ယေဟောဝါရဲ့အိမ်တော်နဲ့ နန်းတော်ရဲ့ ဘဏ္ဍာတိုက်တွေထဲက ရွှေတွေကို ဆီးရီးယားဘုရင် ဟာဇေလဆီ ပို့လိုက်တယ်။+ အဲဒီအခါ ဂျေရုဆလင်မြို့ကနေ ဟာဇေလ ဆုတ်ခွာသွားတယ်။ ၁၉  ယောရှရဲ့  ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၂၀  ယောရှရဲ့ မင်းမှုထမ်းတွေက ပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး+ စိလအရပ်ဘက် ဆင်းတဲ့လမ်း၊ တောင်ကုန်းပေါ်က*+ ခံတပ်မှာ သူ့ကို လုပ်ကြံလိုက်တယ်။ ၂၁  မင်းမှုထမ်းတွေဖြစ်တဲ့ ရှိမတ်ရဲ့သား ယောဇကာနဲ့ ရှောမာရဲ့သား ယဟောဇဗတ်က လုပ်ကြံလိုက်တာပဲ။+ ယောရှကို ဒါဝိဒ်မြို့မှာ ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်လိုက်တယ်။ သားတော်အာမဇိက ထီးနန်းဆက်ခံတယ်။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “မီးခိုးငွေ့ တက်စေကြတုန်းပဲ။”
ဒါမှမဟုတ်၊ “ဗက်မိလောပေါ်က။”