၂ ဘုရင်များ ၁၆:၁-၂၀

  • ယုဒဘုရင် အာခတ် (၁-၆)

  • အာခတ်က အဆီးရီးယားဘုရင်ကို လက်ဆောင်ပေး (၇-၉)

  • အယူမှားယဇ်ပလ္လင်ကို အာခတ် ပုံတူကူး (၁၀-၁၈)

  • အာခတ် ကွယ်လွန် (၁၉၊ ၂၀)

၁၆  ရေမလိရဲ့သား ပေကာ နန်းစံ ၁၇ နှစ်မှာ ယုဒဘုရင် ယောသံရဲ့သား အာခတ်+ နန်းတက်လာတယ်။ ၂  အာခတ် နန်းတက်ချိန်မှာ အသက် ၂၀ ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၁၆ နှစ် စိုးစံတယ်။ ဘိုးဘေးဒါဝိဒ်က ယေဟောဝါဘုရားရှေ့မှာ မှန်ရာကို လုပ်ခဲ့ပေမဲ့ အာခတ်မင်းကတော့ မလုပ်ဘူး။+ ၃  အစ္စရေးဘုရင်တွေရဲ့ လမ်းစဉ်အတိုင်း လိုက်တယ်။+ အစ္စရေးတွေရှေ့ကနေ ယေဟောဝါ မောင်းထုတ်ခဲ့တဲ့ လူမျိုးတွေရဲ့ ရွံမုန်းစရာ အကျင့်ဓလေ့တွေကို လိုက်လုပ်ပြီး+ ကိုယ့်သားကိုတောင် မီးရှို့ပူဇော်တယ်။+ ၄  ဒါ့အပြင် သူက အထွတ်အမြတ်နေရာနဲ့+ တောင်ကုန်းတွေပေါ်မှာ၊ စိမ်းလန်းတဲ့ အပင်အောက်မှာ+ ယဇ်တွေ ဆက်သပြီး မီးရှို့ပူဇော်တယ်။ ၅  နောက်တော့ ဆီးရီးယားဘုရင် ရေဇိန်နဲ့ ရေမလိရဲ့သား အစ္စရေးဘုရင် ပေကာတို့ဟာ ဂျေရုဆလင်မြို့ကို စစ်ချီလာပြီး+ အာခတ်နဲ့သူ့လူတွေကို ဝိုင်းထားတယ်။ မြို့ကိုတော့ မသိမ်းပိုက်နိုင်ကြဘူး။ ၆  အဲဒီအချိန်မှာ ဆီးရီးယားဘုရင် ရေဇိန်က ဧလတ်မြို့ကို+ ဧဒုံပြည်ထဲ ပြန်သိမ်းယူပြီးနောက် ဧလတ်မြို့မှာရှိတဲ့ ဂျူးတွေကို* မောင်းထုတ်ပစ်တယ်။ ပြီးတော့ ဧဒုံလူတွေက ဧလတ်မြို့မှာ လာနေထိုင်ကြတာ ဒီနေ့အထိပဲ။ ၇  ဒါနဲ့ အာခတ်မင်းက အဆီးရီးယားဘုရင် တိဂလတ်ပိလေသာဆီ+ တမန်တွေလွှတ်ပြီး “ကျွန်တော်ဟာ မင်းကြီးရဲ့ကျွန်၊ မင်းကြီးရဲ့သားပါ။ အခု ကျွန်တော့်ကို ဆီးရီးယားဘုရင်နဲ့ အစ္စရေးဘုရင် လာတိုက်နေပြီ။ ကူညီပါဦး” လို့ပြောခိုင်းတယ်။ ၈  ပြီးတော့ ယေဟောဝါရဲ့အိမ်တော်နဲ့ နန်းတော်ဘဏ္ဍာတိုက်ထဲမှာ တွေ့သမျှ ရွှေငွေကိုယူပြီး အဆီးရီးယားဘုရင်ကို လက်ဆောင်ပေးလိုက်တယ်။+ ၉  အဆီးရီးယားဘုရင်က သူတောင်းဆိုတဲ့အတိုင်း လိုက်လျောတယ်။ ဒမတ်စကတ်မြို့ကို ချီတက်သိမ်းပိုက်ပြီး မြို့သားတွေကို ကိရအရပ်ကို ဖမ်းခေါ်သွားတယ်။+ ရေဇိန်ကိုတော့ ကွပ်မျက်လိုက်တယ်။+ ၁၀  အဲဒီနောက်  အာခတ်မင်းက ဒမတ်စကတ်မြို့မှာရှိတဲ့ အဆီးရီးယားဘုရင် တိဂလတ်ပိလေသာကို သွားတွေ့တယ်။ အဲဒီမြို့မှာ ယဇ်ပလ္လင်ကို တွေ့တဲ့အခါ ယဇ်ပလ္လင်ရဲ့ပုံစံနဲ့ အသေးစိတ် အချက်အလက်တွေကို ရေးဆွဲပြီး ပုရောဟိတ် ဥရိယဆီ ပို့ပေးတယ်။+ ၁၁  ပုရောဟိတ် ဥရိယလည်း+ အာခတ်ပို့လိုက်တဲ့ ပုံစံအတိုင်း ယဇ်ပလ္လင်ကို တည်ဆောက်တယ်။+ ဒမတ်စကတ်မြို့ကနေ အာခတ်ပြန်မရောက်ခင် ယဇ်ပလ္လင်ကို တည်ဆောက်ပြီးနေပြီ။ ၁၂  ဒမတ်စကတ်မြို့ကနေ အာခတ်မင်း ပြန်ရောက်တဲ့အခါ ယဇ်ပလ္လင်ကိုတွေ့တော့ အနားကိုသွားပြီး အလှူတွေ ပူဇော်တယ်။+ ၁၃  အဲဒီယဇ်ပလ္လင်ပေါ်မှာ  မီးရှို့ရာအလှူတွေနဲ့ ကောက်နှံအလှူတွေကို မီးရှို့ပူဇော်တယ်၊ သွန်းလောင်းရာ အလှူတွေကိုလည်း သွန်းလောင်းတယ်၊ မိတ်သဟာယ ပူဇော်သက္ကာရဲ့ သွေးကို ဖျန်းတယ်။ ၁၄  အဲဒီနောက် ယေဟောဝါရှေ့က ပူဇော်ရာကြေးနီပလ္လင်ကို+ အိမ်တော်ရှေ့ကနေ ရွှေ့လိုက်တယ်။ သူ့ယဇ်ပလ္လင်နဲ့ ယေဟောဝါရဲ့ အိမ်တော်ကြားမှာရှိနေတဲ့ အဲဒီကြေးနီပလ္လင်ကို သူ့ယဇ်ပလ္လင်ရဲ့ မြောက်ဘက်မှာ ရွှေ့ထားလိုက်တယ်။ ၁၅  ပြီးတော့ အာခတ်မင်းက ပုရောဟိတ် ဥရိယကို+ “ဒီယဇ်ပလ္လင်ကြီးပေါ်မှာ+ မနက်ပိုင်း မီးရှို့ရာအလှူ၊ ညဦးပိုင်း ကောက်နှံအလှူကို+ ပူဇော်ရမယ်။ ဒါ့အပြင် ငါ့ရဲ့မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူကိုရော ပြည်သူပြည်သားတွေရဲ့ မီးရှို့ရာအလှူ၊ ကောက်နှံအလှူနဲ့ သွန်းလောင်းရာအလှူတွေကိုပါ ပူဇော်ရမယ်။ မီးရှို့ရာအလှူရဲ့သွေးနဲ့ တခြားပူဇော်သက္ကာတွေရဲ့ သွေးတွေကိုလည်း ဒီပေါ်မှာပဲ ဖျန်းရမယ်။ ပူဇော်ရာကြေးနီပလ္လင်ကိုတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ နောက်မှပဲ ငါဆုံးဖြတ်မယ်” ဆိုပြီး မိန့်မှာတယ်။ ၁၆  ပုရောဟိတ် ဥရိယလည်း သူမိန့်မှာတဲ့အတိုင်း လုပ်တယ်။+ ၁၇  ဒါ့အပြင် အာခတ်က တွန်းလှည်းတွေမှာ ကပ်ထားတဲ့ ကြေးနီချပ်တွေကို+ အပိုင်းပိုင်းဖြတ်ပြီး အင်တုံတွေကို ဖြုတ်လိုက်တယ်။+ ရေကန်ကိုလည်း ကြေးနီနွားရုပ်တွေပေါ်ကနေ+ ကျောက်ခင်းပေါ်မှာ  ချထားလိုက်တယ်။+ ၁၈  ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ဘုရင်ဝင်ထွက်ရာလမ်းနဲ့ ဥပုသ်ဆောင်ကို တခြားနေရာဆီ ရွှေ့လိုက်တယ်။ သူအဲဒီလိုလုပ်တာ အဆီးရီးယားဘုရင်ကို ကြောက်လို့ပဲ။ ၁၉  အာခတ်ရဲ့  ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။+ ၂၀  နောက်ပိုင်းမှာ အာခတ် ကွယ်လွန်သွားတဲ့အတွက် ဒါဝိဒ်မြို့မှာ ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်လိုက်တယ်။ သားတော်ဟေဇကိ*+ ထီးနန်းဆက်ခံတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ယုဒလူတွေကို။”
အဓိပ္ပာယ်၊ “ယေဟောဝါ ခွန်အားပေးတယ်။”