၂ ဘုရင်များ ၁၉:၁-၃၇

  • ဟေရှာယ​က​တစ်ဆင့် ဘု​ရား​ဆီ ဟေ​ဇ​ကိ အကူ​အညီ​တောင်း (၁-၇)

  • ဂျေရု​ဆ​လင်​ကို သနာ​ခ​ရိပ် ခြိမ်း​ခြောက် (၈-၁၃)

  • ဟေ​ဇ​ကိ​ရဲ့ ဆုတောင်း​ချက် (၁၄-၁၉)

  • ဘု​ရားရဲ့​စကား​ကို ဟေရှာယ ပြန်​ပြော​ပြ (၂၀-၃၄)

  • အဆီး​ရီး​ယား ၁၈၅,၀၀၀ ကို ကောင်း​ကင်​တ​မန် ကွပ်​မျက် (၃၅-၃၇)

၁၉  ဟေ​ဇ​ကိ​မင်း​ဟာ  အဲဒီ​အ​ကြောင်း​ကို ကြား​တာ​နဲ့ ကိုယ့်​အဝတ်​ကို ဆွဲ​ဆုတ်၊ အထည်​ကြမ်း​ဝတ်​ပြီး ယေဟောဝါ​ရဲ့ အိမ်​တော်​ကို သွား​တယ်။+ ၂  ပြီး​တော့ အထည်​ကြမ်း​ဝတ်​ထား​တဲ့ နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊  စာ​ရေး​တော်ရှေ​ဗ​န​နဲ့  ပု​ရော​ဟိတ် အကြီး​အကဲ​တွေ​ကို အာ​မွတ်​ရဲ့​သား ပရော​ဖက်​ဟေရှာယ​ဆီ+ လွှတ်​လိုက်​တယ်။ ၃  သူတို့​က “‘ဒီ​နေ့​ဟာ ဒုက္ခ​ရောက်​တဲ့​နေ့၊ စော်​ကား​ခံ​ရ​တဲ့​နေ့၊ အရှက်​ကွဲ​တဲ့​နေ့​ပဲ။ သား​ဖွား​ချိန်​ရောက်​ပေမဲ့ သား​ဖွား​ဖို့ ခွန်​အား​မရှိ​တဲ့ အဖြစ်​မျိုး​ပဲ။+ ၄  အသက်​ရှင်​တဲ့ ဘုရား​သခင်​ကို ကဲ့​ရဲ့​ဖို့+ အဆီး​ရီး​ယား​ဘုရင် လွှတ်​လိုက်​တဲ့ ရာဗရှာခ​ရဲ့ စကား​တွေ​ကို ယေဟောဝါ​ဘုရား ကြား​မှာ​ပါ။ အဲဒီ​စကား​တွေ​အတွက် သူ့​ကို ယေဟောဝါ​ဘုရား ဖြေရှင်း​ချက်​တောင်း​လိမ့်​မယ်။ ဒါ​ကြောင့် ကျန်​နေ​သေး​တဲ့​လူ​တွေ​အတွက် ဆုတောင်း​ပေး​ပါ’+ ဆို​ပြီး ဟေ​ဇ​ကိ မှာ​လိုက်​ပါ​တယ်” လို့ ဟေရှာယ​ကို ပြော​ကြ​တယ်။ ၅  ဟေ​ဇ​ကိ​မင်း​ရဲ့ မင်း​မှု​ထမ်း​တွေ အဲဒီ​လို​ပြော​ပြီး​တဲ့​နောက်၊+ ၆  ဟေ​ရှာ​ယ​က “မင်း​ကြီး​ကို ပြော​လိုက်​ပါ။ ‘ယေဟောဝါ​ဘုရား ပြော​တာ​က– “ငါ့​ကို အဆီး​ရီး​ယား​ဘုရင်​ရဲ့ မင်း​မှု​ထမ်း​တွေ စော်​ကား​ပြော​ဆို​နေ​တာ​ကို+ ကြား​ရ​လို့  ကြောက်​မနေ​နဲ့။+ ၇  အဲဒီ​ဘုရင်​ရဲ့​စိတ်​ထဲ​မှာ ငါ​အကြံ​တစ်​ခု ထည့်​ပေး​မယ်။ သူ သတင်း​တစ်​ခု​ကြား​ပြီး နေ​ရင်း​ပြည်​ကို ပြန်​သွား​လိမ့်​မယ်။ သူ့​ကို  အဲဒီ​မှာ​ပဲ ဓား​ဘေး​နဲ့ ငါ​ကျ​ဆုံး​စေ​မယ်”’”+ လို့​ မှာ​တယ်။ ၈  ရာဗရှာခ​ဟာ  လာခိ​ရှ​မြို့​က​နေ  အဆီး​ရီး​ယား​ဘုရင်  တပ်​ဆုတ်​သွား​တဲ့ သတင်း​ကို ကြား​တော့+ ဘု​ရင့်​ဆီ ပြန်​သွား​တယ်။ အဲဒီ​အခါ လိ​ဗ​န​မြို့​ကို ဘုရင်​တိုက်​ခိုက်​နေ​တာ သူ​တွေ့​လိုက်​ရတယ်။+ ၉  အဲဒီ​အချိန်​မှာ အဆီး​ရီးယား​ဘုရင်​က အီသီယိုး​ပီးယား​ဘုရင် တိရခါ “စစ်​ချီ​လာ​ပြီ” ဆို​တဲ့​သတင်း​ကို  ကြား​တယ်။  ဒါ​နဲ့  ဟေ​ဇ​ကိ​မင်းဆီ  တ​မန်​တွေ​ပြန်​လွှတ်​ပြီး၊+ ၁၀  “ယုဒ​ဘုရင် ဟေ​ဇ​ကိ​ကို ပြော​လိုက်– ‘မင်း​အား​ကိုး​နေ​တဲ့ ဘုရား​သခင်​က “ဂျေရု​ဆ​လင်​မြို့​ဟာ အဆီး​ရီး​ယား​ဘုရင်​လက်​ထဲ ရောက်​မှာ​မဟုတ်​ဘူး” ဆို​ပြီး လှည့်​စား​နေ​တာ​ကို လက်မခံ​​နဲ့။+ ၁၁  အဆီး​ရီး​ယား​ဘုရင်​တွေ​က တိုင်း​နိုင်​ငံ​အားလုံး​ကို ဖျက်​ဆီး​ပစ်​တယ်​ဆို​တာ မင်း​ကြား​ဖူး​သား​ပဲ။+ မင်း​ကျ​မှ ငါ့​လက်​က​နေ လွတ်​မတဲ့​လား။ ၁၂  ငါ့​ရဲ့​ဘိုး​ဘေး​တွေ ဖျက်​ဆီး​ပစ်​ခဲ့​တဲ့ လူမျိုး​တွေ​ရဲ့​ဘုရားတွေ​က သူတို့​ကို ကယ်​တင်​ခဲ့လို့​လား။ ဂေါ​ဇန်​ပြည်​သား၊ ခါရန်​ပြည်​သား၊+ ရေ​ဇပ်​ပြည်​သား​တွေ၊ တေ​လ​သာ​မြို့​မှာ​နေ​ထိုင်​တဲ့ ဧ​ဒင်​လူမျိုး​တွေ ဘယ်​မှာ​ရှိ​တော့လို့​လဲ။ ၁၃  ဟာ​မတ်​ဘုရင်၊ အာ​ပဒ်​ဘုရင်၊ သေဖရ​ဝိမ်​မြို့၊ ဟေ​န​မြို့​နဲ့ အိ​ဝါ​မြို့​တို့​ရဲ့ ဘုရင်​တွေ​ကော ဘယ်​မှာ​ရှိ​တော့လို့​လဲ’”+ ဆို​ပြီး ပြော​ခိုင်း​လိုက်​တယ်။ ၁၄  ဟေ​ဇ​ကိ​မင်း​က တ​မန်​တွေ​ဆီ​က စာ​တွေ​ကို ယူ​ဖတ်​တယ်။ ပြီး​တော့ ယေဟောဝါ​ရဲ့ အိမ်​တော်​ကို တက်​သွား​ပြီး ယေဟောဝါ​ရှေ့​မှာ စာ​တွေ​ကို​ဖြန့်​ချထား​တယ်။+ ၁၅  အဲဒီ​နောက် ယေဟောဝါ​ရှေ့​မှာ ဟေ​ဇ​ကိ ဒီ​လို​ဆု​တောင်း​တယ်-+  “အစ္စရေး​တို့​ရဲ့​ဘု​ရား​ ယေဟောဝါ၊ ခေရုဗိမ်တွေ​ပေါ်* စံမြန်း​တဲ့​အရှင်၊+  ကိုယ်​တော်  တစ်ပါး​တည်း​သာ ကမ္ဘာ့​တိုင်း​နိုင်​ငံ​ရှိ​သမျှ​ကို​ပိုင်​တဲ့ စစ်​မှန်​တဲ့​ဘုရား​သခင်၊+ ကောင်း​ကင်​နဲ့ မြေကြီး​ကို  ဖန်​ဆင်း​တဲ့​အရှင်  ဖြစ်​ပါ​တယ်။ ၁၆  ယေဟောဝါ​ဘုရား၊ နား​ကို​စွင့်​ပြီး နား​ထောင်​ပေး​ပါ။+ ယေဟောဝါ​ဘုရား၊ မျက်​စိ​ကို​ဖွင့်​ပြီး ကြည့်​ရှု​ပေး​ပါ။+ အသက်​ရှင်​တဲ့ ဘုရား​သခင်​ကို ကဲ့​ရဲ့​ဖို့ သနာ​ခ​ရိပ်​မှာ​လိုက်​တဲ့ စကား​တွေ​ကို  ကြား​လှည့်​ပါ။ ၁၇  ယေဟောဝါ​ဘုရား၊  အဆီး​ရီး​ယား​ဘုရင်​တွေက​ လူမျိုး​တွေ​နဲ့​တိုင်း​ပြည်​တွေ​ကို ဖျက်​ဆီး​ပစ်​ခဲ့​တယ်​ဆို​တာ အမှန်​ပါ​ပဲ။+ ၁၈  အဲဒီ​လူမျိုး​တွေ​ရဲ့  ဘုရားတွေ​ကို​လည်း မီး​ရှို့​ခဲ့​ကြ​တယ်။ အဲဒီ​ဘုရားတွေ​ဟာ လူ့​လက်​နဲ့​လုပ်​ထား​တဲ့​အရာတွေ၊+ သစ်​သား​တွေ၊ ကျောက်​တွေ​ပဲ။ ဘုရား​မှ မဟုတ်​တာ။+ ဒါ​ကြောင့် အဆီး​ရီး​ယား​တွေ ဖျက်​ဆီး​နိုင်​ခဲ့​တာ​ပါ။ ၁၉  ကျွန်​တော်​တို့​ရဲ့​ဘုရား  ယေဟောဝါ၊  အခု အဆီး​ရီး​ယား​ဘုရင်​ရဲ့ လက်​ထဲ​က​နေ ကယ်​တင်​ပေး​ပါ။  ဒါ​မှ  ယေဟောဝါ တစ်ပါး​တည်း​သာ ဘုရား​သခင်​ဖြစ်​မှန်း ကမ္ဘာ့​တိုင်း​နိုင်​ငံ​အားလုံး သိ​ကြ​ပါ​လိမ့်​မယ်။”+ ၂၀  အဲဒီ​အခါ  အာ​မွတ်​ရဲ့​သား ဟေရှာ​ယ​က ဟေ​ဇ​ကိ​မင်း​ကို အခု​လို သတင်း​ပါး​လိုက်​တယ်– “အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ပြော​တာ​က ‘အဆီး​ရီး​ယား​ဘုရင် သနာ​ခ​ရိပ်​နဲ့​ပတ်​သက်​ပြီး+ မင်း​ဆုတောင်း​တာ​ကို ငါ​ကြား​တယ်။+ ၂၁  သူ့​ကို ယေဟောဝါ​ပြော​တာ​က– “ဇိ​အုန်​သမီး​ပျို​က မင်း​ကို အထင်​သေး​ပြီး လှောင်​နေ​ပြီ။ ဂျေရု​ဆ​လင်​သမီး​ပျို​က မင်း​ကို​ကြည့်​ပြီး ခေါင်း​ခါ​နေ​ပြီ။ ၂၂  မင်း ဘယ်​သူ့​ကို ကဲ့​ရဲ့​နေ​တာ​လဲ။ ဘယ်​သူ့​ကို စော်​ကား​ပြော​ဆို​နေ​တာ​လဲ။+ ဘယ်​သူ့​ကို အော်​ကြီး​ဟစ်​ကျယ် ပြော​နေ​တာ​လဲ။+ ဘယ်​သူ့​ကို မောက်​မာ​တဲ့​အကြည့်​နဲ့ ကြည့်​နေ​တာ​လဲ။ အစ္စရေး​တို့​ရဲ့ သန့်​ရှင်း​တဲ့​အရှင်​ကို မဟုတ်​လား။+ ၂၃  မင်း​က တ​မန်​တွေ​လွှတ်​ပြီး+ ယေဟောဝါ​ကို ကဲ့​ရဲ့​တယ်။+ ‘လက်​ဘ​နွန်​ရဲ့​တောင်​ထိပ်​တွေ၊အစွန်​အဖျား​ဒေ​သတွေ​ကိုစစ်​မြင်း​ရထား​အလုံး​အရင်း​နဲ့ ငါ​တက်​မယ်။ မြင့်​မား​တဲ့ သစ်​က​တိုး​ပင်​တွေ၊ အကောင်း​ဆုံး ဂျူ​နီ​ပါ​ထင်း​ရှူး​ပင်​တွေ​ကို ခုတ်​လှဲ​မယ်။ ဝေး​လံ​လှ​တဲ့ ဆိတ်​ငြိမ်​ရာ​အရပ်​တွေ​ထဲ၊ တော​နက်​ကြီး​တွေ​ထဲ ငါဝင်​မယ်။ ၂၄  ရေ​တွင်းတွေ​တူး​ပြီး မသောက်​ဖူး​တဲ့ ရေ​ကို ငါ​သောက်​မယ်။ အီဂျစ်​ချောင်း​တွေ​ကို ငါ့​ခြေ​ဖဝါး​နဲ့ ခန်း​ခြောက်​စေ​မယ်’ လို့​ပြော​တယ်။ ၂၅  မင်း မကြား​ဖူး​ဘူး​လား။ ဟိုး​အရင်​က​တည်း​က ဒါ​ကို ငါ​ဆုံး​ဖြတ်​ထား​ပြီး​သား​ပဲ။+ ရှေး​က​တည်း​က ငါ​ပြင်​ဆင်​ထား​ပြီး​သား​ပဲ။+ အခု အဲ​ဒါ​ကို အကောင်​အထည် ဖော်​တော့​မယ်။+ မင်း​က ခံ​တပ်​မြို့​တွေ​ကို အပျက်​အယွင်း​ပုံ​ကြီး ဖြစ်​စေ​မယ်။+ ၂၆  ဒါ​ကြောင့် အဲဒီ​မြို့​သူ​မြို့​သား​တွေ ခိုကိုးရာ​မဲ့​ဖြစ်​သွား​မယ်။ ထိတ်​လန့်​ပြီး အရှက်​ကွဲ​ကုန်​မယ်။ အရှေ့​လေ​ကြောင့် ခြောက်​သွေ့​သွား​တဲ့ တော​မြက်​ပင်​တွေ၊+မြက်​စိမ်း​တွေ၊ ခေါင်​မိုး​ပေါ်​က​ မြက်​ပင်​တွေ​လို ဖြစ်​သွား​မယ်။ ၂၇  ဒါ​ပေမဲ့ မင်း ထိုင်​နေ​တာ၊ ဝင်​ထွက်​သွား​လာ​နေ​တာ၊+ငါ့​ကို ဒေါသ​ထွက်​နေ​တာ​တွေ ငါ​ကောင်း​ကောင်း​သိ​တယ်။+ ၂၈  မင်း ငါ့​ကို​ဒေါသ​ထွက်​ပြီး+ ကြိမ်း​မောင်း​နေ​တာ​ကို ငါ​ကြား​တယ်။+ ဒါ​ကြောင့် မင်း​ရဲ့​နှာ​ခေါင်း​ကို ချိတ်​နဲ့​ချိတ်​ပြီး ပါး​စပ်​မှာ ဇက်​ခွံ့​မယ်။+ လာ​လမ်း​အတိုင်း လှည့်​ပြန်​စေ​မယ်။”+ ၂၉  “‘ဟေ​ဇ​ကိ​အတွက် နိ​မိတ်​က​တော့– အလို​လို​ပေါက်​တဲ့ သီး​နှံ​တွေ​ကို ဒီ​နှစ်​မှာ စား​ရ​လိမ့်​မယ်။ အဲဒီ​က​နေ​ပေါက်​လာ​တဲ့ ကောက်​နှံ​တွေ​ကို ဒုတိ​ယ​နှစ်​မှာ စား​ရ​လိမ့်​မယ်။+ တ​တိ​ယ​နှစ်​မှာ​တော့ မျိုး​စေ့​ကြဲ​ပြီး ရိတ်​သိမ်း​ရ​လိမ့်​မယ်။ စ​ပျစ်​ခြံ​တွေ​စိုက်​ပျိုး​ပြီး စ​ပျစ်​သီး​တွေ  စား​ရ​လိမ့်​မယ်။+ ၃၀  ယုဒ​အမျိုး​ထဲ​က  အသက်​ရှင်​ကျန်​ရစ်​ပြီး လွတ်​မြောက်​သွား​သူ​တွေ​ဟာ+ သစ်​ပင်​တွေ​လို အမြစ်​စွဲ​ပြီး သီး​ပွင့်​လိမ့်​မယ်။ ၃၁  ကျန်​ကြွင်း​သူ​တွေ ဂျေရု​ဆ​လင်​မြို့​က​နေ ထွက်​လာ​လိမ့်​မယ်။ အသက်​ရှင်​ကျန်​ရစ်​သူ​တွေ​က ဇိ​အုန်​တောင်​က​နေ ထွက်​လာ​လိမ့်​မယ်။ ဗိုလ်​ခြေ​တို့​ရဲ့​အရှင်၊ စိတ်​ထက်​သန်​တဲ့​ဘုရား​ ယေဟောဝါ​က ဒါ​ကို လုပ်​ဆောင်​မယ်။+ ၃၂  “‘ဒါ​ကြောင့်  အဆီး​ရီး​ယား​ဘုရင်​နဲ့ ပတ်​သက်​ပြီး ယေဟောဝါ​ပြော​တာ​က–+ “သူ ဒီ​မြို့​ထဲ ဝင်​ရ​မှာ​မဟုတ်​ဘူး။+ မြို့​ထဲ​ကို မြား​တစ်​စင်း​မှ ပစ်​ရ​မှာ မဟုတ်​ဘူး။ ဒိုင်း​လွှား​ကိုင်​ပြီး တိုက်​ရ​မှာ မဟုတ်​ဘူး။ ထိုး​စစ်​ကုန်း​ရိုး​ကို​လည်း တည်ဆောက်​ရ​မှာ မဟုတ်​ဘူး။”’+ ၃၃  ငါ​ယေဟောဝါ​ရဲ့​အမိန့်​က​တော့– “သူ​ဟာ လာ​လမ်း​အတိုင်း လှည့်​ပြန်​ရ​လိမ့်​မယ်။ ဒီ​မြို့​ထဲ ဝင်​ရ​မှာ မဟုတ်​ဘူး။ ၃၄  ငါ့​နာ​မည်​အတွက်၊+  ငါ့​ကျွန်​ဒါဝိဒ်​အတွက်+ဒီ​မြို့​ကို ငါ​ကာ​ကွယ်​မယ်၊ ကယ်​တင်​မယ်။”’”+ ၃၅  အဲဒီ​ည​မှာ​ပဲ  ယေဟောဝါ​ရဲ့ ကောင်း​ကင်​တ​မန်​တစ်ပါး ထွက်​လာ​ပြီး အဆီး​ရီး​ယား တပ်​စ​ခန်း​မှာ​ရှိ​တဲ့ စစ်​သည် ၁၈၅,၀၀၀ ကို ကွပ်​မျက်​လိုက်​တယ်။+ မနက်​စော​စော လူ​တွေ​နိုး​လာ​ချိန်​မှာ အလောင်း​တွေ​ကို​ပဲ တွေ့​ရ​တယ်။+ ၃၆  ဒါ​ကြောင့်  အဆီး​ရီး​ယား​ဘုရင် သနာ​ခ​ရိပ်​လည်း ဆုတ်​ခွာ​ပြီး နိ​န​ဝေ​မြို့​မှာ+ သွား​နေ​ထိုင်​တယ်။+ ၃၇  သနာ​ခ​ရိပ်​က  သူ​ကိုးကွယ်​တဲ့​ဘုရား နိ​သရုတ်​ရဲ့ ဗိမာန်​မှာ ဦး​ချ​နေ​တုန်း သား​တော် အာ​ဒ​ရာ​မေလက်​နဲ့ ရှ​ရေ​ဇာ​က သူ့​ကို​လုပ်​ကြံ​ပြီး+ အာ​ရ​ရတ်​ပြည်​ကို ထွက်​ပြေး​သွား​တယ်။+ သား​တော် ဧသ​ရ​ဟ​ဒုန်+ ထီး​နန်း​ဆက်​ခံ​တယ်။

အောက်ခြေမှတ်ချက်များ

“ခေရုဗိမ်တွေ​ကြား​မှာ” လည်း​ဖြစ်​နိုင်။