၂ ဘုရင်များ ၂၀:၁-၂၁

  • ဟေဇကိ ဖျားနာ၊ ပြန်ကောင်းလာ (၁-၁၁)

  • ဗာဗုလုန်ကနေ တမန်တွေရောက်လာ (၁၂-၁၉)

  • ဟေဇကိကွယ်လွန် (၂၀၊ ၂၁)

၂၀  အဲဒီအချိန်မှာ  ဟေဇကိမင်းဟာ သေလုမြောပါး ဖျားနေတယ်။+ အာမွတ်ရဲ့သား ပရောဖက်ဟေရှာယ ရောက်လာပြီး “ယေဟောဝါဘုရား  ပြောတာက  ‘မင်း  ပြန်နေကောင်းလာမှာ မဟုတ်ဘူး၊ သေရလိမ့်မယ်။ ဒါကြောင့် မိသားစုဝင်တွေကို မှာစရာရှိတာ  မှာခဲ့ပါ’”+  ဆိုပြီးပြောတယ်။ ၂  ဒါနဲ့ ဟေဇကိက နံရံဘက်လှည့်ပြီး ယေဟောဝါကို  ဆုတောင်းတယ်– ၃  “ယေဟောဝါဘုရား၊  ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ဟာ ရှေ့တော်မှာ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိ လျှောက်လှမ်းခဲ့တာ၊ ကောင်းတာတွေပဲ လုပ်ဆောင်ခဲ့တာကို သတိရပေးပါ”+ လို့ အသနားခံပြီး ရှိုက်ကြီးတငင် ငိုတယ်။ ၄  နန်းတော်ရဲ့  အလယ်ရင်ပြင်ကို ဟေရှာယ မဖြတ်ကျော်ခင်မှာပဲ ယေဟောဝါက သူ့ကို၊+ ၅  “ငါ့လူမျိုးရဲ့ခေါင်းဆောင် ဟေဇကိဆီ ပြန်သွားပြီး  ပြောလိုက်ပါ။  ‘ဘိုးဘေးဒါဝိဒ်ရဲ့ဘုရား ယေဟောဝါပြောတာက– “မင်းရဲ့ဆုတောင်းသံကို ငါကြားတယ်။ မင်းရဲ့မျက်ရည်ကိုလည်း ငါမြင်တယ်။+ အခု မင်းရဲ့ရောဂါပျောက်ကင်းအောင် လုပ်ပေးမယ်။+  သုံးရက်ကြာရင်  ယေဟောဝါရဲ့အိမ်တော်ကို မင်း တက်သွားရလိမ့်မယ်။+ ၆  မင်းရဲ့သက်တမ်းကို နောက်ထပ် ၁၅ နှစ် ငါတိုးပေးမယ်။ မင်းနဲ့ဒီမြို့ကို အဆီးရီးယားဘုရင်ရဲ့ လက်ထဲကနေ ကယ်တင်မယ်။+ ငါ့နာမည်အတွက်၊ ငါ့ကျွန်ဒါဝိဒ်အတွက် ဒီမြို့ကို ကာကွယ်ပေးမယ်”’”+ လို့ပြောတယ်။ ၇  ဟေရှာယက “သဖန်းသီးပျဉ်ကို ယူလာခဲ့” လို့ပြောတယ်။ သူတို့လည်း ယူလာပြီး ဟေဇကိရဲ့ အနာစိမ်းပေါ် အုံပေးလိုက်တဲ့အတွက် တဖြည်းဖြည်း ပြန်သက်သာလာတယ်။+ ၈  ဟေဇကိက  “ဒီရောဂါကို ယေဟောဝါဘုရား  ပျောက်ကင်းစေမယ်၊ သုံးရက်ကြာရင်  ယေဟောဝါရဲ့အိမ်တော်ကို ကျုပ်တက်သွားနိုင်မယ်ဆိုတဲ့ အထောက်အထားများ ရှိသလား”+ လို့မေးတော့၊ ၉  ဟေရှာယက “ယေဟောဝါဟာ  ပြောတဲ့အတိုင်း  လုပ်ဆောင်မယ်ဆိုတာ မင်းကြီးသိအောင်ပြမယ်။ ယေဟောဝါပေးတဲ့ အထောက်အထားကတော့ လှေကားထစ်ပေါ်က* နေရိပ်ကို ဆယ်ထစ် ရှေ့တိုးစေချင်သလား၊ ဆယ်ထစ် နောက်ဆုတ်စေချင်သလား”+ လို့မေးတယ်။ ၁၀  ဒါနဲ့ ဟေဇကိက “နေရိပ်ဟာ ဆယ်ထစ်ရှေ့တိုးဖို့  လွယ်ပါတယ်။  ဒီတော့ ဆယ်ထစ် နောက်ဆုတ်စေချင်တယ်” လို့ဖြေတယ်။ ၁၁  ဒါနဲ့ ပရောဖက်ဟေရှာယက ယေဟောဝါဆီ ဆုတောင်းလိုက်တဲ့အခါ အာခတ်မင်းရဲ့ လှေကားထစ်တွေပေါ် ကျနေတဲ့ နေရိပ်ဟာ ဆယ်ထစ် နောက်ဆုတ်သွားတယ်။+ ၁၂  ဟေဇကိမင်း နာမကျန်းဖြစ်တာကို ကြားတဲ့အခါ ဗာလဒန်မင်းရဲ့သား၊ ဗာဗုလုန်ဘုရင် မေရောဒဗာလဒန်က သဝဏ်လွှာတွေ၊ လက်ဆောင်တွေ ပါးလိုက်တယ်။+ ၁၃  ဟေဇကိက တမန်တွေကိုကြိုဆိုပြီး ရွှေငွေ၊ ဗာလစံဆီမွှေး၊ အဖိုးတန်ဆီ၊ လက်နက်တိုက်နဲ့ ဘဏ္ဍာတိုက်တွေထဲမှာ ရှိသမျှကို လိုက်ပြတယ်။+ နန်းတော်နဲ့ နိုင်ငံတစ်ဝန်းလုံးမှာ ရှိတာတွေကို တစ်ခုမကျန် လိုက်ပြတယ်။ ၁၄  အဲဒီနောက်  ပရောဖက်ဟေရှာယ ရောက်လာပြီး “ဒီလူတွေ ဘယ်ကလာတာလဲ။ ဘာပြောသွားလဲ” လို့မေးတော့ ဟေဇကိမင်းက “ဝေးလံတဲ့ ဗာဗုလုန်ပြည်ကနေ  လာကြတာ”+  လို့ဖြေတယ်။ ၁၅  “နန်းတော်ထဲက ဘာတွေကို တွေ့သွားလဲ” လို့ဆက်မေးတဲ့အခါ ဟေဇကိမင်းက “နန်းတော်မှာ ရှိသမျှကို  တွေ့သွားတယ်။  စည်းစိမ်ဘဏ္ဍာတွေကို တစ်ခုမကျန် ပြလိုက်တယ်” လို့ဖြေတယ်။ ၁၆  ဒါနဲ့ ဟေရှာယက “ယေဟောဝါဘုရား ပြောတာကို နားထောင်ပါ။+ ၁၇  ယေဟောဝါဘုရား  ပြောတာက ‘မင်းရဲ့နန်းတော်မှာရှိသမျှ၊ ဒီနေ့အထိ ဘိုးဘေးတွေ စုဆောင်းခဲ့သမျှကို ဗာဗုလုန်ဆီ သိမ်းယူသွားမယ့်နေ့ ရောက်လာမယ်။+ ဘာတစ်ခုမှ ကျန်မှာမဟုတ်ဘူး။ ၁၈  မင်းကနေ  ဆင်းသက်လာမယ့် သားမြေးတွေကို ဖမ်းသွားမယ်။+ သူတို့ဟာ ဗာဗုလုန်ဘုရင်ရဲ့ နန်းတော်မှာ နန်းတွင်းအရာရှိတွေ ဖြစ်လာမယ်’”+ လို့ပြောတယ်။ ၁၉  အဲဒီအခါ ဟေဇကိက  “ယေဟောဝါဘုရား ပြောခိုင်းလိုက်တဲ့ စကားတွေ သင့်လျော်ပါတယ်။+ ကျုပ်လက်ထက်မှာ တိုင်းပြည် ငြိမ်းချမ်းပြီး တည်ငြိမ်နေရင် ပြီးတာပဲ”+ ဆိုပြီး ဟေရှာယကို ပြောတယ်။ ၂၀  ဟေဇကိရဲ့  ကျန်တဲ့သမိုင်းကြောင်းတွေ၊ စွမ်းဆောင်ချက်တွေ၊ ရေလှောင်ကန်နဲ့+ ရေသွယ်ပြွန်လုပ်ပြီး မြို့ထဲရေသွင်းပုံတွေကို+ ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၂၁  နောက်ပိုင်း ဟေဇကိ ကွယ်လွန်သွားတဲ့အတွက်+ သားတော်မနာရှေက+ ထီးနန်းဆက်ခံတယ်။+

အောက်ခြေမှတ်ချက်များ

နေနာရီလိုမျိုး အချိန်တွက်ချက်ရာမှာသုံးတဲ့ လှေကားထစ်ဖြစ်နိုင်။