၂ ဘုရင်များ ၂၂:၁-၂၀

  • ယုဒဘုရင် ယောရှိ (၁၊ ၂)

  • ဗိမာန်တော် ပြုပြင်ဖို့ ညွှန်ကြား (၃-၇)

  • ပညတ်ကျမ်းလိပ်ကို ရှာတွေ့ (၈-၁၃)

  • ဘေးဆိုးကြုံရမယ်လို့ ဟုလဒကြိုဟော (၁၄-၂၀)

၂၂  ယောရှိမင်း+ နန်းတက်ချိန်မှာ အသက် ရှစ်နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၃၁ နှစ် စိုးစံတယ်။+ မယ်တော်က ဗောဇကတ်မြို့သူ အဒါယရဲ့သမီး ယေဒိဒလို့ခေါ်တယ်။+ ၂  ယောရှိက ယေဟောဝါရှေ့မှာ မှန်ရာကိုလုပ်ပြီး ဘိုးဘေးဒါဝိဒ်ရဲ့ လမ်းစဉ်အတိုင်း လိုက်တယ်။+  ဘယ်ညာမလွဲသွားဘူး။ ၃  ယောရှိ နန်းစံ ၁၈ နှစ်မှာ မေရှုလံရဲ့မြေး၊ အာဇလိရဲ့သား စာရေးတော်ရှာဖန်ကို ယေဟောဝါရဲ့အိမ်တော်ဆီ လွှတ်ပြီး၊+ ၄  “ပုရောဟိတ်မင်း ဟိလခိကို+ သွားတွေ့ပါ။ ယေဟောဝါရဲ့ အိမ်တော်ကိုလာတဲ့ လူတွေဆီကနေ+ တံခါးစောင့်တွေ ကောက်ခံတဲ့ ငွေအားလုံးကို စုပြီး၊+ ၅  ယေဟောဝါရဲ့ အိမ်တော်လုပ်ငန်း ကြီးကြပ်ရသူတွေကို အပ်ခိုင်းလိုက်ပါ။ ကြီးကြပ်သူတွေက အဲဒီငွေကို ယေဟောဝါရဲ့အိမ်တော်မှာ ပျက်စီးတဲ့နေရာတွေ ပြုပြင်ဖို့၊+ ၆  လက်မှုပညာသည်တွေ၊ ဆောက်လုပ်ရေးလုပ်သားတွေ၊ ပန်းရန်သမားတွေကို ပြန်ပေးရမယ်။ အိမ်တော်ပြုပြင်ဖို့ သစ်သားတွေ၊ ဆစ်ထားတဲ့ ကျောက်တွေကို သူတို့ဝယ်ရမယ်။+ ၇  ငွေလက်ခံတဲ့ ကြီးကြပ်သူတွေဟာ ယုံကြည်စိတ်ချထိုက်သူတွေ ဖြစ်တဲ့အတွက် အပ်ထားတဲ့ငွေနဲ့ပတ်သက်ပြီး သူတို့ကို စစ်ဆေးမေးမြန်းတာမျိုး မလုပ်ရဘူး”+ လို့ပြောတယ်။ ၈  နောက်တော့ ပုရောဟိတ်မင်း ဟိလခိက “ယေဟောဝါရဲ့အိမ်တော်မှာ ဒီပညတ်ကျမ်းလိပ်ကို တွေ့တယ်”+ ဆိုပြီး စာရေးတော်ရှာဖန်ကို+ အပ်တယ်။ ရှာဖန်က ကျမ်းလိပ်ကို ဖတ်ကြည့်တယ်။+ ၉  အဲဒီနောက် ယောရှိမင်းဆီ အခစားဝင်ပြီး “အိမ်တော်မှာ တွေ့သမျှ ငွေတွေကို ယူပြီး ယေဟောဝါရဲ့ အိမ်တော်လုပ်ငန်း ကြီးကြပ်ရသူတွေလက်ထဲ အပ်လိုက်ပါပြီ။+ ၁၀  ပုရောဟိတ်ဟိလခိက ကျွန်တော့်ကို ဒီကျမ်းလိပ်+ ပေးလိုက်ပါတယ်”  လို့  လျှောက်တင်ပြီးနောက် ယောရှိရှေ့မှာ ကျမ်းလိပ်ကို ဖတ်ပြတယ်။ ၁၁  ပညတ်ကျမ်းမှာပါတဲ့ စကားတွေကို ကြားတာနဲ့ ယောရှိက ကိုယ့်အဝတ်ကို ဆွဲဆုတ်ပြီး၊+ ၁၂  ပုရောဟိတ်ဟိလခိ၊  ရှာဖန်ရဲ့သား အဟိကံ၊+ မိက္ခာယရဲ့သား အာခဗော်၊ စာရေးတော်ရှာဖန်၊ မင်းမှုထမ်း အသာယတို့ကို၊ ၁၃  “အခုတွေ့တဲ့ ကျမ်းလိပ်ထဲမှာပါတဲ့ စကားတွေနဲ့ ပတ်သက်လို့ ငါ့အတွက်၊ လူတွေအတွက်၊ ယုဒတစ်ပြည်လုံးအတွက် ယေဟောဝါဘုရားကို သွားမေးမြန်းပါ။ ဘိုးဘေးတွေဟာ ဒီကျမ်းလိပ်မှာပါတဲ့ စကားတွေကို မနာခံခဲ့ဘူး၊ ငါတို့နဲ့ပတ်သက်ပြီး ရေးထားသမျှကို မလိုက်နာခဲ့ဘူး။ ဒါကြောင့် ငါတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်နေပြီ”+ လို့ပြောတယ်။ ၁၄  ဒါနဲ့ ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့က ပရောဖက်မ+ ဟုလဒဆီ သွားတယ်။ ဟုလဒက ဟရဟတ်ရဲ့မြေး၊ တိကဝရဲ့သား အဝတ်ခန်းတာဝန်ခံ ရှလုံရဲ့ဇနီးဖြစ်ပြီး ဂျေရုဆလင်မြို့ရဲ့ ကွက်သစ်မှာ နေထိုင်တယ်။ သူတို့ အကျိုးအကြောင်း ပြောပြတဲ့အခါ၊+ ၁၅  ဟုလဒက “အစ္စရေးတို့ရဲ့ဘုရား  ယေဟောဝါ  မိန့်မှာတယ်– ‘မင်းတို့ကို လွှတ်လိုက်တဲ့သူကို ပြန်ပြောလိုက်ပါ။ ၁၆  “ယေဟောဝါပြောတာက ‘ဒီမြို့နဲ့မြို့သားတွေအပေါ် ငါ ဘေးဆိုး ကျရောက်စေမယ်။ ယုဒဘုရင်ဖတ်ရတဲ့ ကျမ်းလိပ်ထဲကစကားတွေအတိုင်း  သူတို့  ကြုံရလိမ့်မယ်။+ ၁၇  သူတို့က ငါ့ကိုစွန့်ပြီး တခြားဘုရားတွေဆီ ပူဇော်သက္ကာတွေ မီးရှို့ပူဇော်တယ်။+ သူတို့လက်နဲ့လုပ်တဲ့ အရာတွေကို ကိုးကွယ်ပြီး ငါ့ကို စိတ်ဆိုးစေတယ်။+ ဒါကြောင့် ဒီမြို့အပေါ် မငြိမ်းနိုင်တဲ့ အမျက်တော်မီး လောင်လိမ့်မယ်။’”+ ၁၈  ယေဟောဝါကို မေးမြန်းဖို့ စေလွှတ်လိုက်တဲ့ ယုဒဘုရင်ကို ပြန်ပြောလိုက်ပါ။ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက ‘မင်းကြားရတဲ့စကားတွေနဲ့ ပတ်သက်လို့၊ ၁၉  ငါယေဟောဝါ ပြောမယ်– ဒီမြို့နဲ့ မြို့သားတွေဟာ ထိတ်လန့်စရာ၊ ကျိန်စာတိုက်စရာ ဖြစ်ရမယ်ဆိုတဲ့ ငါ့စီရင်ချက်ကို ကြားတဲ့အခါ မင်း စိတ်ထိခိုက်ပြီး ငါယေဟောဝါရှေ့မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခဲ့တယ်။+ အဝတ်ကို ဆွဲဆုတ်ပြီး+ ငါ့ရှေ့မှာ ငိုကြွေးခဲ့တယ်။ ဒါကို ငါကြားတယ်။ ၂၀  ဒါကြောင့် မင်းဟာ ဘိုးဘေးတွေ စုဝေးရာကို ရောက်သွားလိမ့်မယ်။* သင်္ချိုင်းဂူမှာ အေးအေးချမ်းချမ်း လဲလျောင်းရလိမ့်မယ်။ ဒီမြို့အပေါ် ငါကျရောက်စေမယ့် ဘေးဆိုးတွေကို မင်းမြင်ရမှာ မဟုတ်ဘူး’”’” လို့ပြောတယ်။ ဒါနဲ့ သူတို့လည်း ယောရှိကို အကြောင်းစုံ ပြန်လျှောက်တင်တယ်။

အောက်ခြေမှတ်ချက်များ

သေဆုံးတာကို တင်စားတဲ့ အသုံးအနှုန်း။