၂ ဘုရင်များ ၄:၁-၄၄

  • မုဆိုးမရဲ့ဆီကို ဧလိရှဲ ပွားစေ (၁-၇)

  • ရှုနင်မြို့သူရဲ့ ဧည့်ဝတ်ကျေပွန်မှု (၈-၁၆)

  • အမျိုးသမီးကို သားဆုပေး၊ သားသေဆုံး (၁၇-၃၁)

  • ဆုံးသွားတဲ့သားကို ဧလိရှဲ ထမြောက်စေ (၃၂-၃၇)

  • စားလို့ရတဲ့ဟင်းဖြစ်အောင် ဧလိရှဲလုပ်ပေး (၃၈-၄၁)

  • မုန့်များလာအောင် ဧလိရှဲလုပ်ပေး (၄၂-၄၄)

၄  ပရောဖက်တစ်ယောက်ရဲ့+ ဇနီးက ဧလိရှဲဆီ လာပြီး “အရှင့်ရဲ့ကျွန်၊ ကျွန်မယောက်ျား သေဆုံးသွားပါပြီ။ သူဟာ ယေဟောဝါဘုရားကို အမြဲကြောက်ရွံ့ရိုသေသူဖြစ်မှန်း အရှင် သိပါတယ်။+ အခု၊ ကြွေးရှင်က ကျွန်မကလေးတွေကို ကျွန်ခံခိုင်းဖို့ လာခေါ်နေပြီ” ဆိုပြီး အကူအညီတောင်းတယ်။ ၂  ဒါနဲ့ ဧလိရှဲက “ကျွန်တော် ဘာကူညီပေးရမလဲ။  ခင်ဗျားအိမ်မှာ  ဘာတွေရှိသလဲ” လို့မေးတော့ “ကျွန်မရဲ့အိမ်မှာ ဆီအိုးတစ်လုံးကလွဲလို့  ဘာမှမရှိပါဘူး”+ လို့ဖြေတယ်။ ၃  ဧလိရှဲက “အိမ်နီးချင်းတွေဆီ  သွားပြီး  အိုးလွတ်တွေကို တောင်းပါ။ များနိုင်သလောက်များများ ယူခဲ့။ ၄  ပြီးရင် ခင်ဗျားတို့သားအမိတွေ အိမ်ထဲဝင်၊ တံခါးပိတ်ပြီး အိုးလွတ်တွေထဲ ဆီဖြည့်ပါ။ ပြည့်တဲ့အိုးတွေကို  ဖယ်ထားပါ”  လို့ပြောတယ်။ ၅  အဲဒီအမျိုးသမီးလည်း ထွက်သွားတယ်။ အဲဒီနောက် သားတွေနဲ့အတူ အိမ်ထဲဝင်၊ တံခါးပိတ်ပြီး သားတွေကမ်းပေးတဲ့  အိုးတွေထဲ  ဆီဖြည့်တယ်။+ ၆  အိုးတွေပြည့်သွားလို့ “နောက်တစ်လုံး ယူခဲ့”+ ဆိုပြီး တောင်းတော့ သားတစ်ယောက်က “အိုးလွတ် မရှိတော့ဘူး” လို့ပြောတဲ့အခါ ဆီလည်း ထပ်မထွက်တော့ဘူး။+ ၇  ဒါနဲ့ အဲဒီအမျိုးသမီးက  စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ ဧလိရှဲကို  သွားပြောပြတဲ့အခါ  ဧလိရှဲက “အဲဒီဆီကို ရောင်းပြီး အကြွေးဆပ်လိုက်။ ကျန်တဲ့ငွေနဲ့ ခင်ဗျားတို့သားအမိတွေ အသက်မွေးကြပါ” လို့ပြောတယ်။ ၈  တစ်နေ့မှာ ရှုနင်မြို့ကို+ ဧလိရှဲ သွားတဲ့အခါ လူသိများတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို မရမကခေါ်ပြီး ကျွေးမွေးဧည့်ခံတယ်။+ အဲဒီမြို့ကို သူရောက်တဲ့အခါတိုင်း အဲဒီအိမ်ထဲ ဝင်ပြီး စားသောက်လေ့ရှိတယ်။ ၉  ဒါကြောင့် အမျိုးသမီးက သူ့ခင်ပွန်းကို “ဒီလမ်းကို အမြဲလာနေတဲ့ ဒီလူဟာ ဘုရားသခင်ရဲ့ သန့်ရှင်းသူပဲဆိုတာ ကျွန်မသိတယ်။ ၁၀  သူ့အတွက် အိမ်မိုးပေါ်မှာ+ အခန်းလေးတစ်ခန်းဖွဲ့ပြီး ခုတင်၊ စားပွဲ၊ ထိုင်ခုံနဲ့ ဆီမီးတိုင် ထားပေးရအောင်။ ကျွန်မတို့ဆီ သူရောက်လာတဲ့အခါတိုင်း အဲဒီမှာ တည်းလို့ရတာပေါ့”+ လို့ပြောတယ်။ ၁၁  တစ်နေ့၊ ဧလိရှဲက အဲဒီအိမ်ကို ရောက်လာတဲ့အခါ လဲလျောင်းဖို့ အိမ်မိုးအထက်ခန်းကို တက်သွားပြီး၊ ၁၂  “ရှုနင်မြို့သူကို+ ခေါ်လိုက်ပါ” လို့ နောက်လိုက်ဂေဟာဇိကို+ ခိုင်းတယ်။ ဂေဟာဇိခေါ်လိုက်တဲ့အခါ အမျိုးသမီး ရောက်လာပြီး ရှေ့မှာ ရပ်နေတယ်။ ၁၃  ဒါနဲ့ ဧလိရှဲက ဂေဟာဇိကို “သူ့ကို ပြောလိုက်ပါ။ ‘ကျွန်တော်တို့ကို ဒီလောက်တောင် ဒုက္ခခံပြီး+ လုပ်ကျွေးပြုစုခဲ့တာဆိုတော့ ခင်ဗျားကို ဘာကူညီပေးရမလဲ။+ ဘုရင့်ဆီမှာ ဒါမှမဟုတ် ဗိုလ်ချုပ်ဆီမှာ တစ်ခုခု တောင်းဆိုပေးရမလား’”+ လို့မေးတယ်။ ဒါပေမဲ့ အမျိုးသမီးက “ကိုယ့်လူမျိုးတွေနဲ့အတူ နေထိုင်ရလို့ ကျွန်မ အဆင်ပြေပါတယ်” ဆိုပြီးဖြေတယ်။ ၁၄  ဧလိရှဲက “ဒါဆို သူ့အတွက် ဘာလုပ်ပေးရင် ကောင်းမလဲ” လို့မေးတော့ ဂေဟာဇိက “သူ့မှာ သားမရှိပါဘူး။+ သူ့ယောက်ျားလည်း အိုနေပြီ” ဆိုပြီး ပြန်ဖြေတယ်။ ၁၅  ဒါနဲ့ ဧလိရှဲက “သူ့ကို ခေါ်လိုက်ပါ” လို့ပြောတဲ့အတိုင်း ခေါ်လိုက်တဲ့အခါ အမျိုးသမီးလည်း  တံခါးဝမှာ  လာရပ်တယ်။ ၁၆  ဧလိရှဲက “နောက်နှစ် ဒီအချိန်ရောက်ရင် ခင်ဗျား သားလေးမွေးလိမ့်မယ်”+ လို့ပြောတော့ အမျိုးသမီးက “ဘုရားသခင်ရဲ့လူ၊ မဖြစ်နိုင်တဲ့ မျှော်လင့်ချက် မပေးပါနဲ့” ဆိုပြီးပြောတယ်။ ၁၇  ဒါပေမဲ့ ဧလိရှဲပြောတဲ့အတိုင်း အမျိုးသမီးမှာ ကိုယ်ဝန်ရှိလာပြီး နောက်နှစ် အဲဒီအချိန်ရောက်တဲ့အခါ သားလေးမွေးတယ်။ ၁၈  ဒီလိုနဲ့ ကလေး ကြီးပြင်းလာတယ်။ တစ်နေ့၊ ကလေးက ကောက်ရိတ်သမားတွေနဲ့အတူရှိနေတဲ့ ဖခင်ဆီ သွားတယ်။ ၁၉  ပြီးတော့ “ခေါင်းကိုက်လိုက်တာ၊  ခေါင်းကိုက်လိုက်တာ”  ဆိုပြီး  ညည်းနေတဲ့အတွက် ဖခင်က “ကလေးကိုချီပြီး သူ့အမေဆီ ခေါ်သွားလိုက်” လို့ပြောတဲ့အခါ ၂၀  အစေခံက ကလေးကိုချီပြီး မိခင်ဆီ ခေါ်သွားတယ်။ ကလေးဟာ မိခင်ရဲ့ပေါင်ပေါ်မှာ ထိုင်ပြီး မွန်းတည့်ချိန်ရောက်တော့ သေသွားရှာတယ်။+ ၂၁  ဒါနဲ့ အမျိုးသမီးက ကလေးကို ဘုရားသခင့်လူရဲ့ ခုတင်ပေါ်မှာ+ သွားထားပြီးနောက် တံခါးပိတ်ပြီး ထွက်သွားတယ်။ ၂၂  ပြီးတော့ သူ့ခင်ပွန်းကို ခေါ်ပြီး “ကျွန်မအတွက် အစေခံတစ်ယောက်နဲ့ မြည်းတစ်ကောင် စီစဉ်ပေးပါလား။ ဘုရားသခင်ရဲ့လူဆီ မြန်မြန်သွားပြီး ပြန်လာခဲ့မယ်” လို့ပြောတယ်။ ၂၃  ခင်ပွန်းကလည်း “ဒီနေ့က လဆန်းနေ့လည်း မဟုတ်၊+ ဥပုသ်နေ့လည်း မဟုတ်ဘဲနဲ့ ဘာလို့ သွားတွေ့မှာလဲ” လို့ပြောပေမဲ့ အမျိုးသမီးက “စိတ်မပူပါနဲ့။ အဆင်ပြေမှာပါ” လို့ပြန်ပြောတယ်။ ၂၄  အဲဒီနောက် မြည်းကို ကုန်းနှီးတင်ပြီး အစေခံကို “ခပ်သုတ်သုတ် သွားပါ။ ရပ်လို့ ငါမပြောမချင်း အရှိန်မလျှော့လိုက်နဲ့” လို့မှာတယ်။ ၂၅  ဒီလိုနဲ့ အမျိုးသမီးက ဘုရားသခင်ရဲ့လူရှိနေတဲ့ ကရမေလတောင်ကို ရောက်လာတယ်။ ဘုရားသခင်ရဲ့လူက လှမ်းမြင်တာနဲ့ နောက်လိုက် ဂေဟာဇိကို “ဟိုမှာ ရှုနင်မြို့သူ လာနေတယ်။ ၂၆  အမြန်ပြေးတွေ့ပြီး ‘နေကောင်းလား။ ခင်ဗျားရဲ့ယောက်ျားနဲ့ ကလေးရော နေကောင်းရဲ့လား’ လို့ နှုတ်ဆက်လိုက်ပါ” ဆိုပြီး ပြောတယ်။ အမျိုးသမီးက “အားလုံး နေကောင်းပါတယ်” လို့ဖြေပြီး၊ ၂၇  တောင်ပေါ်မှာရှိတဲ့ ဘုရားသခင်ရဲ့လူအနား ရောက်လာတဲ့အခါ ချက်ချင်းပဲ သူ့ခြေကို ဖက်ထားတော့တယ်။+ ဂေဟာဇိလည်း အမျိုးသမီးကို တွန်းဖယ်မလို့လုပ်တော့ ဘုရားသခင်ရဲ့လူက “နေပါစေ။ သူ သိပ်စိတ်ထိခိုက်နေလို့ပါ။ အကြောင်းရင်းကိုတော့ ငါမသိဘူး။ ယေဟောဝါဘုရားက ငါ့ကို အသိမပေးဘဲ ဖုံးကွယ်ထားတယ်” လို့ပြောတယ်။ ၂၈  အဲဒီအခါ အမျိုးသမီးက “သခင့်ဆီမှာ ကျွန်မ သားဆု တောင်းခဲ့လို့လား။ ‘မဖြစ်နိုင်တဲ့ မျှော်လင့်ချက် မပေးပါနဲ့’+ လို့ ကျွန်မပြောခဲ့သားပဲ” ဆိုပြီးပြောတယ်။ ၂၉  ဧလိရှဲလည်း ချက်ချင်းပဲ ဂေဟာဇိကို “မင်းရဲ့ဝတ်လုံကို ခါးမှာ လိပ်တင်ပြီး+ ငါ့တောင်ဝှေးကို ယူသွားပါ။ လမ်းမှာ တစ်ယောက်ယောက်နဲ့ တွေ့ရင် နှုတ်မဆက်နဲ့။ လာနှုတ်ဆက်ရင်လည်း ပြန်မဖြေနဲ့။ ဒီတောင်ဝှေးကို ကလေးရဲ့ မျက်နှာပေါ်မှာ တင်ပါ” လို့မှာတယ်။ ၃၀  ဒါနဲ့ ကလေးရဲ့မိခင်က “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါနဲ့ အသက်ရှင်တဲ့ သခင့်ကို တိုင်တည်ပြီး ပြောမယ်။ သခင် မပါရင် ကျွန်မ မပြန်ဘူး”+ လို့ပြောတဲ့အတွက် ဧလိရှဲလည်း သူနဲ့အတူ လိုက်သွားတယ်။ ၃၁  ဂေဟာဇိကတော့ ရှေ့ကနေ သွားနှင့်ပြီး ကလေးရဲ့မျက်နှာပေါ်မှာ  တောင်ဝှေးကို  တင်တယ်။ ဒါပေမဲ့  ကလေးက ဘာအသံမှ မပြုဘူး။+ တုတ်တုတ်တောင် မလှုပ်ဘူး။ ဒါကြောင့် ဂေဟာဇိက ဧလိရှဲကို ပြန်လာကြိုပြီး “ကလေး မနိုးလာဘူး” လို့ပြောတယ်။ ၃၂  ဧလိရှဲ အိမ်ထဲဝင်လာချိန်မှာ သေနေတဲ့ကလေးဟာ သူ့ခုတင်ပေါ် ရှိနေတယ်။+ ၃၃  ဒါနဲ့ အခန်းထဲဝင်၊ ကလေးနဲ့နှစ်ယောက်တည်းရှိနေဖို့ တံခါးကို ပိတ်လိုက်ပြီး ယေဟောဝါဆီ ဆုတောင်းတော့တယ်။+ ၃၄  အဲဒီနောက် ခုတင်ရှိရာကိုသွားပြီး ကလေးပေါ်မှာ ကိုယ်ကိုကိုင်းရင်း နှုတ်ခမ်းချင်း၊ မျက်လုံးချင်း၊ လက်ချင်း ထပ်လိုက်တဲ့အခါ ကလေးရဲ့ကိုယ် နွေးလာတယ်။+ ၃၅  ဧလိရှဲက အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်တယ်။ ပြီးတော့ ခုတင်ရှိရာကို သွားပြီး ကလေးပေါ်မှာ ကိုယ်ကိုကိုင်းလိုက်ပြန်တယ်။ ကလေးလည်း ခုနစ်ကြိမ် နှာချေပြီးတဲ့နောက် မျက်လုံးပွင့်လာတယ်။+ ၃၆  ဧလိရှဲက “ရှုနင်မြို့သူကို ခေါ်လိုက်ပါ” လို့ဂေဟာဇိကို ခိုင်းတယ်။ ဂေဟာဇိခေါ်လိုက်တော့ အမျိုးသမီး ရောက်လာတယ်။ “ခင်ဗျားရဲ့သားကို ပွေ့ချီလိုက်ပါ”+ လို့ ဧလိရှဲပြောတဲ့အခါ၊ ၃၇  အမျိုးသမီးလည်း ဧလိရှဲရဲ့ခြေရင်းမှာ လာပျပ်ဝပ်တယ်။ ပြီးတော့ သားကို ပွေ့ချီပြီး ထွက်သွားတယ်။ ၃၈  ဂိလဂါလမြို့ကို ဧလိရှဲပြန်လာတဲ့အခါ တိုင်းပြည်မှာ အငတ်ဘေး ဆိုက်တယ်။+ ရှေ့မှာ ပရောဖက်တစ်စု+ ထိုင်နေတဲ့အခါ ဧလိရှဲက နောက်လိုက်ကို+ “အိုးကြီးတစ်လုံး ယူပြီး ပရောဖက်တွေအတွက် ဟင်းချက်ပေးပါ” လို့ ပြောတယ်။ ၃၉  ပရောဖက်တစ်ယောက်က ဟင်းသီးဟင်းရွက်ခူးဖို့ တောထဲသွားရင်း ဘူးရိုင်းပင်ကို တွေ့တာနဲ့ အသီးတွေကို ခူးပြီး အဝတ်နဲ့ထုပ်လာတယ်။ ဘူးရိုင်းမှန်းမသိဘဲ ဟင်းအိုးထဲ လှီးထည့်လိုက်တယ်။ ၄၀  ပရောဖက်တွေကို တည်ခင်းပေးတဲ့အခါ သူတို့စားကြည့်တော့ “ဘုရားသခင်ရဲ့လူ၊ ဟင်းအိုးထဲမှာ အဆိပ်ရှိတယ်” လို့အော်ပြောပြီး မစားကြတော့ဘူး။ ၄၁  ဒါနဲ့ ဧလိရှဲက “ဂျုံမှုန့်နည်းနည်း ယူခဲ့” လို့ပြောပြီး ဂျုံမှုန့်ကို ဟင်းအိုးထဲ ထည့်လိုက်တယ်။ ပြီးနောက် “သူတို့ကို ကျွေးလိုက်” လို့ပြောတယ်။ ဟင်းအိုးထဲမှာ အဆိပ် မရှိတော့ဘူး။+ ၄၂  နောက်တော့  ဗာလရှလိရှအရပ်က+ လူတစ်ယောက်ဟာ သီးဦးသီးဖျား မုယောနဲ့ လုပ်ထားတဲ့ မုန့်အလုံး ၂၀ နဲ့+ ကောက်နှံအသစ်တစ်အိတ်ကို ဘုရားသခင်ရဲ့လူအတွက် ယူလာပေးတယ်။+ ဒါနဲ့ ဧလိရှဲက “လူတွေကို ကျွေးလိုက်ပါ” လို့ပြောတယ်။ ၄၃  ဒါပေမဲ့ နောက်လိုက်က “ဒါလေးနဲ့ လူ ၁၀၀ ကို ဘယ်လို ကျွေးမှာလဲ”+ လို့မေးတဲ့အခါ ဧလိရှဲက “ကျွေးသာ ကျွေးလိုက်ပါ။ ‘စားပြီးရင် ကျန်တောင် ကျန်ဦးမယ်’+ ဆိုပြီး ယေဟောဝါဘုရား ပြောထားတယ်” လို့ဖြေတယ်။ ၄၄  နောက်လိုက်လည်း လူတွေကို ကျွေးတော့ ယေဟောဝါ ပြောတဲ့အတိုင်း အဝစားရတဲ့အပြင် ကျန်တောင် ကျန်သေးတယ်။+

အောက်ခြေမှတ်ချက်များ