၂ ဘုရင်များ ၈:၁-၂၉

  • ရှုနင်မြို့သူရဲ့လယ်မြေတွေ ပြန်ရ (၁-၆)

  • ဧလိရှဲ၊ ဗင်ဟာဒဒ်၊ ဟာဇေလ (၇-၁၅)

  • ယုဒဘုရင် ယဟောရံ (၁၆-၂၄)

  • ယုဒဘုရင် အာခဇိ (၂၅-၂၉)

၈  ဧလိရှဲက  အသက်ပြန်ရှင်လာအောင် သူလုပ်ပေးခဲ့တဲ့ ကလေးရဲ့မိခင်ကို+  “အခု၊ အိမ်သားတွေနဲ့အတူ တစ်နေရာရာကိုသွားပြီး တိုင်းတစ်ပါးသားအဖြစ် နေထိုင်ပါ။ ယေဟောဝါဘုရားက တိုင်းပြည်မှာ ခုနစ်နှစ် အငတ်ဘေးသင့်စေမယ်”+ လို့ ပြောတယ်။ ၂  အမျိုးသမီးလည်း စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ ပြောတဲ့အတိုင်း လုပ်တယ်။ အိမ်သားတွေနဲ့အတူ ဖိလိတိပြည်ကိုသွားပြီး+ ခုနစ်နှစ် နေထိုင်တယ်။ ၃  ခုနစ်နှစ်စေ့လို့  ဖိလိတိပြည်ကနေ ပြန်ရောက်လာတဲ့အခါ အမျိုးသမီးက  ကိုယ့်အိမ်ကိုယ့်မြေ ပြန်ရအောင် အသနားခံဖို့  ဘုရင့်ဆီသွားတယ်။ ၄  အဲဒီအချိန်မှာ ဘုရင်က ဘုရားသခင့်လူရဲ့နောက်လိုက် ဂေဟာဇိကို “ဧလိရှဲလုပ်ခဲ့တဲ့ ကြီးမြတ်တဲ့ လုပ်ရပ်တွေအကြောင်း ပြောစမ်းပါဦး”+ ဆိုပြီး မေးမြန်းနေတယ်။ ၅  ဂေဟာဇိက လူသေကို ဧလိရှဲ အသက်ပြန်ရှင်လာအောင် လုပ်ပေးခဲ့ပုံတွေကို+ ပြောပြနေတုန်း အသက်ပြန်ရှင်လာတဲ့ ကလေးရဲ့ မိခင်ရောက်လာပြီး ကိုယ့်အိမ်ကိုယ့်မြေပြန်ရဖို့ ဘုရင့်ဆီမှာ အသနားခံတယ်။+ ဂေဟာဇိက ချက်ချင်းပဲ “အရှင်မင်းကြီး၊ အဲဒီအမျိုးသမီးပဲပေါ့။ အသက်ပြန်ရှင်အောင် ဧလိရှဲ လုပ်ပေးခဲ့တယ်ဆိုတာလည်း အဲဒီသားပဲပေါ့” ဆိုပြီးပြောတယ်။ ၆  ဒါနဲ့ ဘုရင်က မေးမြန်းကြည့်တော့ အမျိုးသမီးလည်း အကြောင်းစုံ လျှောက်တင်တယ်။ အဲဒီအခါ ဘုရင်က သူ့ကို နန်းတွင်းအရာရှိဆီအပ်ပြီး “သူပိုင်ဆိုင်သမျှကို ပြန်ပေးလိုက်ပါ။ သူ မရှိတဲ့နှစ်တွေအတွင်း သူ့လယ်ကထွက်တဲ့ သီးနှံတွေရဲ့ တန်ဖိုးကိုပါ ပြန်ပေးလိုက်” လို့အမိန့်ပေးတယ်။ ၇  ဧလိရှဲက ဒမတ်စကတ်မြို့ကို+ သွားတဲ့အချိန်မှာ ဆီးရီးယားဘုရင် ဗင်ဟာဒဒ်+ ဖျားနေတယ်။ “ဘုရားသခင်ရဲ့လူ+ ဒီမြို့မှာရောက်နေတယ်” ဆိုတဲ့သတင်းကိုရတော့၊ ၈  ဗင်ဟာဒဒ်က “လက်ဆောင်ယူပြီး ဘုရားသခင်ရဲ့လူကို သွားတွေ့။+ ငါပြန်ကျန်းမာလာမလားဆိုတာ ယေဟောဝါဘုရားကို မေးခိုင်းလိုက်” ဆိုပြီး ဟာဇေလ+ ကိုပြောတယ်။ ၉  ဟာဇေလလည်း ဒမတ်စကတ်မြို့ထွက် ပစ္စည်းကောင်း အမျိုးမျိုးကို ကုလားအုတ် ၄၀ ပေါ်တင်ပြီး ဧလိရှဲကို သွားတွေ့တယ်။ ဧလိရှဲဆီ ရောက်တဲ့အခါ ရှေ့မှာရပ်ပြီး “အရှင့်သား ဆီးရီးယားဘုရင် ဗင်ဟာဒဒ်က သူပြန်ကျန်းမာလာမလားဆိုတာ  မေးခိုင်းလိုက်ပါတယ်” ဆိုပြီးပြောတယ်။ ၁၀  ဧလိရှဲက “ကျိန်းသေ ပြန်ကျန်းမာလာမယ်ဆိုပြီး သွားပြောလိုက်ပါ။ ဒါပေမဲ့ သူ သေကိုသေရမယ်ဆိုတာ ကျွန်တော့်ကို ယေဟောဝါဘုရား အသိပေးထားတယ်”+ လို့ပြောပြီး ၁၁  ဟာဇေလကို အနေရခက်တဲ့အထိ စိုက်ကြည့်တယ်။ အဲဒီနောက် ဘုရားသခင်ရဲ့လူ မျက်ရည်ကျလာတယ်။ ၁၂  “အရှင် ဘာလို့မျက်ရည်ကျတာလဲ” လို့ ဟာဇေလမေးတော့ “အစ္စရေးတွေကို ခင်ဗျားဒုက္ခပေးမယ်ဆိုတာ ကျွန်တော် သိနေလို့ပဲ။+ ခင်ဗျားက သူတို့ရဲ့ခံတပ်မြို့တွေကို မီးရှို့လိမ့်မယ်။ သူရဲကောင်းတွေကို သတ်လိမ့်မယ်။ ကလေးတွေကို ကိုင်ဆောင့်ပြီး သတ်လိမ့်မယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ကို ခွဲလိမ့်မယ်”+ လို့ သူပြန်ဖြေတယ်။ ၁၃  ဟာဇေလကလည်း “ခွေးနဲ့မခြားတဲ့ ကျွန်တော့်လိုလူက ဒီလုပ်ရပ်မျိုးကို ဘယ်လို လုပ်နိုင်မှာလဲ” လို့ပြောတော့ ဧလိရှဲက “ခင်ဗျားဟာ ဆီးရီးယားဘုရင်  ဖြစ်လာမယ်ဆိုပြီး ကျွန်တော့်ကို ယေဟောဝါဘုရား အသိပေးထားတယ်”+ လို့ပြန်ပြောတယ်။ ၁၄  အဲဒီနောက်  ဟာဇေလပြန်ရောက်လာတဲ့အခါ ဆီးရီးယားဘုရင်က “ဧလိရှဲ ဘာပြောလိုက်သလဲ” လို့မေးတော့ “မင်းကြီး ကျိန်းသေ ပြန်ကျန်းမာလာမယ်ဆိုပြီး ပြောလိုက်ပါတယ်”+ လို့လျှောက်တင်တယ်။ ၁၅  ဒါပေမဲ့ နောက်တစ်နေ့မှာ ဟာဇေလက အိပ်ရာဖုံးကိုယူ၊ ရေထဲနှစ်ပြီး ဘုရင့်မျက်နှာပေါ် ဖိသတ်လိုက်တဲ့အတွက် ဘုရင်သေသွားတယ်။+ ဟာဇေလ နန်းတက်လာတယ်။+ ၁၆  အစ္စရေးဘုရင် အာဟပ်ရဲ့သား ယောရံနန်းစံ ငါးနှစ်မြောက်မှာ+ ယုဒဘုရင် ယောရှဖတ်ရဲ့သား ယဟောရံ+ နန်းထိုင်တယ်။ ၁၇  သူနန်းထိုင်ချိန်မှာ အသက် ၃၂ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၈ နှစ် စိုးစံတယ်။ ၁၈  ယဟောရံက အာဟပ်ရဲ့သမီးတော်ကို မိဖုရားမြှောက်ထားတဲ့အတွက်+ အာဟပ်အမျိုးတွေလိုပဲ+ အစ္စရေးဘုရင်တွေရဲ့ လမ်းစဉ်အတိုင်း လိုက်တယ်။+ ယေဟောဝါရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။+ ၁၉  ဒါပေမဲ့ ယေဟောဝါက ဒါဝိဒ်နဲ့သားမြေးတွေရဲ့ မီးခွက်ကို အမြဲထွန်းလင်းစေမယ်လို့ ကတိပေးထားတဲ့အတွက်+ မိမိကျွန်ဒါဝိဒ်ကို ထောက်ပြီး ယုဒနိုင်ငံကို မပျက်စီးစေချင်ဘူး။+ ၂၀  ယဟောရံ လက်ထက်မှာ ဧဒုံပြည်က ယုဒနိုင်ငံကို ပုန်ကန်ပြီး+ ဘုရင်တစ်ပါး တင်မြှောက်လိုက်ကြတယ်။+ ၂၁  ဒါကြောင့် ယဟောရံက မြင်းရထားတွေစီးပြီး ဇာအိရမြို့ကို စစ်ချီသွားတယ်။ သူနဲ့ မြင်းရထားတပ်မှူးတွေကို လာဝိုင်းတဲ့ ဧဒုံလူတွေကို ညအချိန်မှာ တိုက်ခိုက်အနိုင်ယူလိုက်တဲ့အတွက် ဧဒုံလူတွေလည်း သူတို့ရဲ့တဲတွေဆီ ထွက်ပြေးကုန်တယ်။ ၂၂  ဒါပေမဲ့ ဧဒုံပြည်က ယုဒနိုင်ငံကို ဒီနေ့အထိ ပုန်ကန်နေတုန်းပဲ။ အဲဒီအချိန်မှာ လိဗနမြို့ကလည်း+ ပုန်ကန်တယ်။ ၂၃  ယဟောရံရဲ့  ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ယုဒဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။ ၂၄  နောက်ပိုင်းမှာ ယဟောရံ ကွယ်လွန်သွားတဲ့အတွက် ဒါဝိဒ်မြို့မှာ ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်လိုက်တယ်။+ အဲဒီနောက် သားတော် အာခဇိ+ ထီးနန်းဆက်ခံတယ်။ ၂၅  အစ္စရေးဘုရင် အာဟပ်ရဲ့သား ယောရံနန်းစံ ၁၂ နှစ်မှာ ယုဒဘုရင် ယဟောရံရဲ့သား အာခဇိ နန်းတက်လာတယ်။+ ၂၆  အသက် ၂၂ နှစ်မှာ နန်းထိုင်ပြီး ဂျေရုဆလင်မြို့မှာ တစ်နှစ်စိုးစံတယ်။ မယ်တော်က အစ္စရေးဘုရင် သြမရိရဲ့+ မြေးမ အာသလိလို့+ ခေါ်တယ်။ ၂၇  အာခဇိက အာဟပ်နဲ့ အမျိုးတော်တဲ့အတွက်+ အာဟပ်အမျိုးရဲ့ လမ်းစဉ်အတိုင်း လိုက်တယ်။+ အာဟပ်အမျိုးလိုပဲ ယေဟောဝါရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။ ၂၈  အာခဇိက အာဟပ်ရဲ့သား ယောရံနဲ့အတူ ရာမုတ်ဂိလဒ်မြို့မှာ+ ဆီးရီးယားဘုရင် ဟာဇေလကို တိုက်ခိုက်တယ်။ ဒါပေမဲ့ ဆီးရီးယားတွေလက်ချက်နဲ့ ယောရံ ဒဏ်ရာရသွားတယ်။+ ၂၉  ယောရံမင်းလည်း ရာမမြို့မှာ ဆီးရီးယားဘုရင် ဟာဇေလနဲ့တိုက်ခိုက်တုန်းက+ ဆီးရီးယားတွေလက်ချက်နဲ့ ရခဲ့တဲ့ ဒဏ်ရာကိုကုဖို့ ယေဇရေလမြို့ကို ပြန်လာတယ်။+ ယုဒဘုရင် ယဟောရံရဲ့သား အာခဇိကတော့ ဒဏ်ရာရသွားတဲ့ အာဟပ်ရဲ့သား ယောရံကိုကြည့်ဖို့ ယေဇရေလမြို့ကို ဆင်းသွားတယ်။

အောက်ခြေမှတ်ချက်များ