၂ ယောဟန် ၁:၁-၁၃

  • နှုတ်ခွန်းဆက်စကား (၁-၃)

  • အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းပါ (၄-၆)

  • လှည့်ဖြားသူတွေကို သတိထား (၇-၁၁)

    • နှုတ်ဆက်စကားတောင် မပြောနဲ့ (၁၀၊ ၁၁)

  • လာလည်ဖို့ အစီအစဉ်။ နှုတ်ဆက်စကား (၁၂၊ ၁၃)

၁  အသက်ကြီးသူ* ကျွန်တော်က ရွေးချယ်ခံရသူ  အမျိုးသမီးနဲ့ သူ့သားသမီးတွေဆီ  စာရေးလိုက်ပါတယ်။ ကျွန်တော်သာမက အမှန်တရား သိလာသူအားလုံး ခင်ဗျားတို့ကို ချစ်မြတ်နိုးပါတယ်။ ၂  အမှန်တရားဟာ ကျွန်တော်တို့ဆီမှာ အခုရော နောင်ပါအမြဲရှိနေမှာပါ။ ၃  အဖဘုရားသခင်နဲ့ ဘုရားရဲ့သား  ယေရှုခရစ်က  ကျွန်တော်တို့ကို အမှန်တရား သွန်သင်ပေးပြီး မေတ္တာပြလိမ့်မယ်။ မဟာကရုဏာ၊ သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်းကိုလည်း ပေးသနားလိမ့်မယ်။ ၄  အဖဘုရားဆီက  ရထားတဲ့ ပညတ်အတိုင်း ခင်ဗျားရဲ့ သားသမီးတချို့ဟာ  အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေကြတာ တွေ့ရလို့ ကျွန်တော် သိပ်ဝမ်းသာတယ်။+ ၅  ရွေးချယ်ခံရသူ အမျိုးသမီး၊ အခု ကျွန်တော် မေတ္တာရပ်ခံချင်တာက အချင်းချင်းချစ်ကြပါဆိုတဲ့ ပညတ်ကို လိုက်နာကြဖို့ပါ။ (ပညတ်သစ်အကြောင်း ကျွန်တော်ပြောနေတာ မဟုတ်ဘူး။ ဒါဟာ  အစကတည်းက  ရထားတဲ့ ပညတ်ပဲ။)+ ၆  ချစ်ခြင်းမေတ္တာဆိုတာ ဘုရားရဲ့ပညတ်တွေကို လိုက်လျှောက်နေခြင်းပါပဲ။+ အစကတည်းက ခင်ဗျားတို့ကြားခဲ့တဲ့အတိုင်း မေတ္တာလမ်းစဉ်မှာ ဆက်လျှောက်လှမ်းနေဖို့ ဘုရားမိန့်မှာထားတယ်။ ၇  လောကမှာ လှည့်ဖြားသူအများကြီး ပေါ်လာပြီ။+ လူသားတစ်ဦးအဖြစ် ယေရှုလာတာကို သူတို့ လက်မခံကြဘူး။+ သူတို့ဟာ လှည့်ဖြားသူ၊ ခရစ်တော်ကို ဆန့်ကျင်သူပဲ။*+ ၈  ဒါကြောင့်  ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ။ သတိမထားရင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ခဲ့သမျှ အလဟဿဖြစ်ပြီး  အကျိုးအပြည့်အဝ  မခံစားရဘဲ  ဖြစ်လိမ့်မယ်။+ ၉  ခရစ်တော်ရဲ့ သွန်သင်ချက်အတိုင်း မလိုက်ဘဲ တလွဲသွန်သင်သူဟာ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရမှာမဟုတ်ဘူး။+ ခရစ်တော်ရဲ့ သွန်သင်ချက်အတိုင်း လိုက်တဲ့သူကတော့ အဖဘုရားနဲ့ သားတော်ရဲ့ နှစ်သက်လက်ခံမှုကို ရတယ်။+ ၁၀  ခရစ်တော်ရဲ့ သွန်သင်ချက်အတိုင်း မသွန်သင်တဲ့သူက ခင်ဗျားတို့ဆီ ရောက်လာရင် သူ့ကို လုံးဝ လက်မခံနဲ့။+ နှုတ်ဆက်စကားတောင် မပြောနဲ့။ ၁၁  နှုတ်ဆက်ရင် သူ့ရဲ့ဆိုးညစ်တဲ့ အကျင့်တွေကို ထောက်ခံရာရောက်တယ်။ ၁၂  ခင်ဗျားတို့ကို ပြောစရာ အများကြီးရှိပေမဲ့ စာနဲ့မရေးချင်ဘူး။ ကျွန်တော် ရောက်လာတဲ့အခါမှ မျက်နှာချင်းဆိုင် စကားပြောကြတာပေါ့။ အဲဒီအခါ  ခင်ဗျားတို့  သိပ်ဝမ်းသာကြမှာပါ။ ၁၃  ရွေးချယ်ခံရသူ ခင်ဗျားအစ်မရဲ့ သားသမီးတွေက ခင်ဗျားကို နှုတ်ခွန်းဆက်လိုက်ပါတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အကြီးအကဲ။”
ခက်ဆစ် “အန္တိခရစ်” ကိုကြည့်။