၂ ရာဇဝင်ချုပ် ၁၂:၁-၁၆

  • ဂျေရု​ဆ​လင်​မြို့​ကို ရှိ​ရှက် တိုက်​ခိုက် (၁-၁၂)

  • ရော​ဗောင်ရဲ့​နန်း​သက် ကုန်​ဆုံး (၁၃-၁၆)

၁၂  ရော​ဗောင်​မင်း​က အင်အား​ကြီး​မား​လာ​ပြီး မင်း​အာ​ဏာ  တည်​မြဲလာ​တဲ့​အခါ+ သိပ်​မကြာ​ခင်​မှာ​ပဲ သူ​ရော အစ္စရေး​တွေ​ပါ ယေဟောဝါ​ရဲ့​ပညတ်​ကို ပစ်​ပယ်​ကြ​တယ်။+ ၂  ယေ​ဟောဝါ​ကို သူတို့ သစ္စာ​ဖောက်​တဲ့​အ​တွက် ရော​ဗောင်​နန်း​စံ ငါး​နှစ်​မှာ အီဂျစ်​ဘုရင် ရှိ​ရှက်​က+ ဂျေရု​ဆ​လင်​မြို့​ကို တိုက်​ဖို့ ချီ​တက်​လာ​တယ်။ ၃  ရှိ​ရှက်​မင်း​ဆီ​မှာ မြင်း​ရထား ၁,၂၀၀၊ မြင်း​စီး​သူ​ရဲ ၆၀,၀၀၀ ရှိ​တယ်။ များ​ပြား​လှ​တဲ့ လစ်​ဗျား​လူမျိုး၊ သု​ကိ​လူမျိုး၊ အီသီယိုး​ပီးယား​လူမျိုး+ စစ်​သည်​တွေ​လည်း အီဂျစ်​ပြည်​က​နေ သူ​နဲ့​အတူ လိုက်​လာ​တယ်။ ၄  သူ​က ယုဒ​ပြည်​ရဲ့ ခံ​တပ်​မြို့​တွေ​ကို သိမ်း​ပိုက်​ပြီး နောက်​ဆုံး​မှာ ဂျေရု​ဆ​လင်​မြို့​ကို ရောက်​လာ​တယ်။ ၅  အဲဒီ​အခါ ရှိ​ရှက်​မင်း​ကို ကြောက်​လို့ ဂျေရု​ဆ​လင်​မြို့​မှာ စု​ရုံး​နေ​တဲ့ ယုဒ​မှူး​မတ်​တွေ​နဲ့ ရော​ဗောင်​မင်း​ဆီ ပရော​ဖက်​ရှေ​မာ​ယ+ ရောက်​လာ​ပြီး “ယေဟောဝါ​ဘုရား ပြော​တာ​က ‘မင်း​တို့ ငါ့​ကို စွန့်​တဲ့​အတွက် ငါ​လည်း မင်း​တို့​ကို​စွန့်​ပြီး+ ရှိ​ရှက်​မင်း​လက်​ထဲ အပ်​လိုက်​ပြီ’” လို့​ပြော​တယ်။ ၆  မင်း​ကြီး​နဲ့ အစ္စရေး​မှူး​မတ်​တွေ​က စိတ်​ကို​နှိမ့်​ချ​ပြီး+ “ယေဟောဝါ​ဘုရား​ဟာ ဖြောင့်​မတ်​တဲ့​အရှင်​ပါ” လို့​ပြော​ကြ​တယ်။ ၇  အဲဒီ​လို သူတို့​ရဲ့​စိတ်​ကို နှိမ့်​ချ​လိုက်​တာ ယေဟောဝါ မြင်​တယ်။ ဒါ​ကြောင့် ယေဟောဝါ​က ရှေ​မာ​ယ​ကို “သူတို့ စိတ်​နှိမ့်​ချ​တဲ့​အတွက် ငါ​မဖျက်​ဆီး​တော့​ဘူး။+ မကြာ​ခင် သူတို့​ကို ငါ​ကယ်​တင်​မယ်။ ရှိ​ရှက်​မင်း​က​တစ်ဆင့် ဂျေရု​ဆ​လင်​မြို့​အပေါ် ငါ့​အမျက်​ကို မသွန်း​လောင်း​တော့​ဘူး။ ၈  ဒါ​ပေမဲ့ ရှိ​ရှက်​မင်း​ဆီ​မှာ​တော့ သူတို့ ကျွန်​ခံ​ရ​မယ်။ ဒါ​မှ ငါ့​ဆီ​မှာ အမှု​ထမ်း​တာ​နဲ့ တ​ခြား​တိုင်း​ပြည်​ရဲ့ ဘုရင်​တွေ​ဆီ​မှာ အမှု​ထမ်း​တာ ဘာ​ကွာ​ခြား​လဲ​ဆို​တာ သိ​လာ​လိမ့်​မယ်” လို့​ပြော​တယ်။ ၉  ဒါ​နဲ့ အီဂျစ်​ဘုရင် ရှိ​ရှက်​က ဂျေရု​ဆ​လင်​မြို့​ကို ချီ​တက်​တိုက်​ခိုက်​ပြီး ယေဟောဝါ​ရဲ့​အိမ်​တော် ဘဏ္ဍာတွေ၊+ နန်း​တော်​ဘဏ္ဍာတွေ၊ ရှော​လ​မုန်​လုပ်​ခဲ့​တဲ့ ရွှေ​ဒိုင်း​လွှား​တွေ​အပါ​အဝင် ရှိ​သမျှ​ကို သိမ်း​ယူ​သွား​တယ်။+ ၁၀  ဒါ​ကြောင့် ရော​ဗောင်​မင်း​က ရွှေ​ဒိုင်း​လွှား​အစား ကြေး​နီ​ဒိုင်း​လွှား​တွေ လုပ်​ပြီး နန်း​တော်​တံခါး​စောင့်​တွေ​ကို* ကြီး​ကြပ်​တဲ့​သူ​တွေ​ဆီ အပ်​လိုက်​တယ်။ ၁၁  ယေဟောဝါ​ရဲ့​အိမ်​တော်​ကို ရော​ဗောင်​မင်း လာ​တဲ့​အခါ​တိုင်း တံခါး​စောင့်​တွေ​က ဝင်​လာ​ပြီး အဲဒီ​ဒိုင်း​လွှား​တွေ​ကို ကိုင်​ဆောင်​ကြ​တယ်။ ပြီး​ရင် အဲ​ဒါ​တွေ​ကို တံခါး​စောင့်​အခန်း​မှာ  ပြန်​ထား​ကြ​တယ်။ ၁၂  ရော​ဗောင် စိတ်​နှိမ့်​ချ​လာ​တဲ့​အ​တွက် ယေဟောဝါ အမျက်​ပြေသွား​ပြီး+ သူတို့​ကို လုံးလုံး​လျား​လျား မဖျက်​ဆီး​ပစ်​ဘူး။+ ဒါ့​အပြင် ယုဒ​ပြည်​သူ​ပြည်​သား​တွေ​ရဲ့ ကောင်း​မှု​တ​ချို့​ကို​လည်း မြင်​တယ်။+ ၁၃  ရော​ဗောင်​မင်း​က ဂျေရု​ဆ​လင်​မြို့​မှာ သူ့​ရဲ့​အာ​ဏာ​ကို တည်​မြဲအောင်​လုပ်​ပြီး ဆက်​စိုး​စံ​တယ်။ သူ​နန်း​တက်​ချိန်​မှာ အသက် ၄၁ နှစ်​ရှိ​ပြီ။ နာ​မတော်​တည်​စေ​ဖို့ အစ္စရေး​အနွယ်​အားလုံး​ရဲ့ မြို့​တွေ​ထဲ​က​နေ ယေဟောဝါ ရွေး​ချယ်​ထား​တဲ့ ဂျေရု​ဆ​လင်​မြို့​မှာ သူ ၁၇ နှစ် စိုး​စံ​ခဲ့​တယ်။ မယ်​တော်​က အမ္မုန်​အမျိုး​သမီး နေ​မလို့​ခေါ်​တယ်။+ ၁၄  ရော​ဗောင်​က ယေဟောဝါ​ကို​ရှာ​ဖို့ စိတ်​မပိုင်း​ဖြတ်​ထား​တဲ့​အတွက် မကောင်း​မှု​တွေ လုပ်​ခဲ့​တယ်။+ ၁၅  ရော​ဗောင်​ရဲ့​သမိုင်း​ကြောင်း အစ​အဆုံး​ကို ဆွေ​စဉ်​မျိုး​ဆက်​မှတ်​တမ်း​ပုံ​စံ​နဲ့ ရေး​သား​ထား​တဲ့ ပရော​ဖက်​ရှေ​မာ​ယ​နဲ့+ စိတ်​အာ​ရုံ​မြင်​ရ​သူ အိ​ဒေါ​တို့​ရဲ့ ကျမ်း​စောင်​မှာ+ မှတ်​တမ်း​တင်​ထား​တယ်။ ရော​ဗောင်​နဲ့ ယေ​ရော​ဗောင်​တို့ဟာ  အမြဲစစ်​တိုက်​ခဲ့​ကြ​တယ်။+ ၁၆  နောက်​ပိုင်း​မှာ ရော​ဗောင် ကွယ်​လွန်​သွား​တဲ့​အတွက် သူ့​ကို ဒါဝိဒ်​မြို့​မှာ+ သင်္ဂြိုဟ်​ကြ​တယ်။ သား​တော် အဘိ​ယ+ ထီး​နန်း​ဆက်​ခံ​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ရှေ့​တော်​ပြေး​တွေ။”