၂ ရာဇဝင်ချုပ် ၁၆:၁-၁၄

  • အာ​သက ဆီး​ရီး​ယား​နဲ့ သဘော​တူ​ညီ​ချက်​ရ​ယူ (၁-၆)

  • အာ​သကို ဟာ​နေ​နိ ဆုံးမ​ (၇-၁၀)

  • အာ​သ သေဆုံး (၁၁-၁၄)

၁၆  အာ​သနန်း​စံ ၃၆ နှစ်​မှာ အစ္စ​ရေး​ဘုရင် ဗာ​ရှာ+ ယုဒ​ပြည်​ကို စစ်​ချီ​လာ​တယ်။ ယုဒ​ဘုရင်​အာ​သရဲ့ နယ်​မြေထဲ ဘယ်​သူ​မှ မဝင်​မထွက်​နိုင်​အောင် ရာ​မမြို့​ကို+ အခိုင်​အမာ တည်​ဆောက်​တယ်။+ ၂  အဲဒီ​အခါ အာသ​က ယေဟောဝါ​ရဲ့ အိမ်​တော်​ဘဏ္ဍာ​နဲ့ နန်း​တော်​ဘဏ္ဍာ​ထဲ​က ရွှေ​ငွေ​တွေ​ကို ယူ​ပြီး+ ဒ​မတ်​စ​ကတ်​မြို့​မှာ နန်း​ထိုင်​တဲ့ ဆီး​ရီး​ယား​ဘုရင် ဗင်​ဟာ​ဒ​ဒ်​ဆီ ပို့​လိုက်​တယ်။+ ၃  “ကျွန်​တော်​တို့​ရဲ့ ခမည်း​တော်​အချင်း​ချင်း ကတိ​သစ္စာ​ပြု​ခဲ့​သလို မင်း​ကြီး​နဲ့ ကျွန်​တော်​လည်း ကတိ​သစ္စာ​ပြု​ရ​အောင်။ အခု မင်း​ကြီး​အတွက် ရွှေ​ငွေ​တွေ ပို့​လိုက်​ပါ​တယ်။ ဒါ​ကြောင့် မင်း​ကြီး​က အစ္စရေး​ဘုရင်​ဗာ​ရှာ​နဲ့ ကတိ​သစ္စာ​ပြု​ထား​တာ​ကို လာ​ပြီး​ဖျက်​လိုက်​ပါ။ ဒါ​မှ ကျွန်​တော့်​ဆီ​က​နေ သူ​ဆုတ်​ခွာ​သွား​ပါ​လိမ့်​မယ်” လို့ သတင်း​ပါး​တယ်။ ၄  ဗင်​ဟာ​ဒ​ဒ်​လည်း အာ​သရဲ့​စကား​ကို နား​ထောင်​ပြီး အစ္စရေး​မြို့​တွေ​ကို တိုက်​ခိုက်​ဖို့ သူ့​ရဲ့​ဗိုလ်​ချုပ်​တွေ​ကို လွှတ်​လိုက်​တယ်။ သူတို့​က အိ​ယုန်​မြို့၊+ ဒန်​မြို့၊+ အာ​ဗေ​လ​မိမ်​မြို့​အပြင် န​ဿလိ​နယ်​မြေရဲ့ မြို့​တွေ​မှာ​ရှိ​တဲ့ သို​လှောင်​ရုံအားလုံး​ကို  တိုက်​ခိုက်​ကြ​တယ်။+ ၅  ဒီ​အကြောင်း​ကို ဗာ​ရှာ​ကြား​တဲ့​အခါ ရာ​မမြို့​ကို  ဆက်​မဆောက်​တော့​ဘဲ လုပ်ငန်း​ရပ်​လိုက်​တယ်။ ၆  အဲဒီ​အခါ အာ​သက ယုဒ​တစ်​မျိုး​လုံး​ကို ခေါ်​လိုက်​တယ်။ သူတို့​က ဗာ​ရှာ​တည်​ဆောက်​နေ​တဲ့ ရာ​မမြို့​က+ ကျောက်​တွေ၊ သစ်​သား​တွေ​ကို သယ်​သွား​တယ်။ အဲ​ဒါ​တွေ​ကို​သုံး​ပြီး ဂေဘ​မြို့​နဲ့+ မိ​ဇ​ပါ​မြို့​ကို+ အခိုင်​အမာ တည်​ဆောက်​တယ်။ ၇  အဲဒီ​အချိန်​မှာ ယုဒ​ဘုရင်​အာ​သ​ဆီ အကြား​အမြင်​ရ​သူ ဟာ​နေ​နိ+ ရောက်​လာ​ပြီး “မင်း​ကြီး​က ယေဟောဝါ​ဘုရား​ကို အား​မကိုး​ဘဲ ဆီး​ရီး​ယား​ဘုရင်​ကို အား​ကိုး​တဲ့​အတွက် ဆီး​ရီး​ယား​ဘုရင်​ရဲ့ စစ်​တပ်​ဟာ မင်း​ကြီး​လက်​ထဲ​က​နေ လွတ်​မြောက်​သွား​ပြီ။+ ၈  အီသီ​ယိုး​ပီးယား​နဲ့ လစ်​ဗျား​လူ​တွေ​ရဲ့ တပ်​မဟာ​ကြီး​မှာ မြင်း​ရထား​နဲ့ မြင်း​စီး​သူ​ရဲ​တွေ အမြောက်​အမြား​ပါ​တာ​ပဲ။ ဒါ​ပေမဲ့ ယေဟောဝါ​ဘုရား​ကို မင်း​ကြီး အား​ကိုး​ခဲ့​တဲ့​အတွက် ဘုရား​က သူတို့​ကို မင်း​ကြီး​လက်​ထဲ​အပ်​ခဲ့​တယ် မဟုတ်​လား။+ ၉  ယေဟောဝါ​ဘုရား​က​  စိတ်​နှလုံး​အကြွင်း​မဲ့ ဝတ်​ပြု​သူ​တွေ​ရဲ့ အကျိုး​အတွက်  အစွမ်း​တန်ခိုး​ပြဖို့ မြေတစ်​ပြင်​လုံး​ကို ဂရု​တ​စိုက် ကြည့်​နေ​တယ်။+ ဒီ​ကိစ္စ​မှာ မင်း​ကြီး​ရဲ့​လုပ်​ရပ်​ဟာ သိပ်​မိုက်​မဲ​တယ်။ အခု​ချိန်​က​စ​ပြီး စစ်​တွေ ဖြစ်​လာ​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၁၀  ဒါ​ပေမဲ့  အာ​သက  အကြား​အမြင်​ရ​သူ​ကို တ​အား​စိတ်​ဆိုး​တယ်။ စိတ်​ဆိုး​လွန်း​လို့  သူ့​ကို  အကျဉ်း​ချ​လိုက်​တယ်။ ပြည်​သား​တ​ချို့​ကို​လည်း စပြီး​နှိပ်​စက်​လာ​တယ်။ ၁၁  အာသ​ရဲ့​သမိုင်း​ကြောင်း အစ​အဆုံး​ကို ယုဒ​ဘုရင်​တွေ​နဲ့ အစ္စရေး​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​ကျမ်း​မှာ ရေး​ထား​တယ်။+ ၁၂  နန်း​စံ ၃၉ နှစ်​ရောက်​တော့ အာသ​က ခြေ​ထောက်​မှာ ရော​ဂါ​ရ​လာ​ပြီး အကြီး​အကျယ် နေ​မကောင်း​ဖြစ်​တယ်။ ဒီ​လောက် နေ​မကောင်း​ဖြစ်​တာ​တောင် ယေဟောဝါ​ဆီ အကူ​အညီ​မတောင်း​ဘဲ သမား​တော်တွေ​ကို အကူ​အညီ​တောင်း​တယ်။ ၁၃  နောက်​ဆုံး​တော့ အာ​သက နန်း​စံ ၄၁ နှစ်​မှာ ကွယ်​လွန်​သွား​တယ်။+ ၁၄  ဗာလ​စံ​ဆီ​မွှေး၊ အမွှေး​နံ့​သာ​အမျိုး​မျိုး​နဲ့ ဖော်​စပ်​ထား​တဲ့  ဆီ​မွှေး​တွေ  ထည့်​ထား​တဲ့ အလောင်း​စင်​မှာ  သူ့​ကို  တင်​ထား​တယ်။+ အဲဒီ​နောက် ဒါဝိဒ်​မြို့​မှာ+ သူ​ကိုယ်​တိုင် ပြင်​ဆင်​ထား​တဲ့ ခမ်း​နား​လှ​တဲ့ သင်္ချိုင်း​ဂူ​မှာ သင်္ဂြိုဟ်​လိုက်​တယ်။ သူ့​ကို​ဂုဏ်​ပြု​တဲ့​အနေ​နဲ့ စျာ​ပန​မီး​ရှို့​အခမ်း​အနား​ကို​လည်း* အကြီး​အကျယ် လုပ်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

မီး​သင်္ဂြိုဟ်​တာ​မဟုတ်၊ အမွှေး​နံ့​သာ​တွေ မီး​ရှို့​တာ​ဖြစ်။