၂ ရာဇဝင်ချုပ် ၂:၁-၁၈

  • ဗိမာန်တော်ဆောက်ဖို့ ပြင်ဆင် (၁-၁၈)

၂  ရှောလမုန်က  ယေဟောဝါရဲ့ နာမည်အတွက် အိမ်တော်တည်ဆောက်ဖို့၊+ နိုင်ငံအတွက် နန်းတော်တည်ဆောက်ဖို့ အမိန့်ထုတ်တယ်။+ ၂  ပြီးတော့ အထမ်းသမား ၇၀,၀၀၀၊ တောင်ပေါ်မှာ  ကျောက်ဆစ်မယ့်သူ ၈၀,၀၀၀၊+ လုပ်သားတွေ ကြီးကြပ်ရသူ  ၃,၆၀၀  တို့ကို ခန့်ထားတယ်။+ ၃  တိုင်ရာဘုရင် ဟိရံကိုလည်း+ အခုလို စကားပါးလိုက်တယ်– “ခမည်းတော်ဒါဝိဒ် စံမြန်းမယ့် နန်းတော်ကို ဆောက်တုန်းက သစ်ကတိုးသားတွေ မင်းကြီးပို့ပေးခဲ့သလို  ကျွန်တော့်အတွက်လည်း ပို့ပေးပါ။+ ၄  အခု ကျွန်တော်ဟာ ယေဟောဝါရဲ့နာမည်အတွက် အိမ်တော်ကို တည်ဆောက်နေပါတယ်။ အဲဒီအိမ်တော်ကို ဘုရားဆီ ဆက်ကပ်မှာပါ။ ရှေ့တော်မှာ နံ့သာပေါင်း မီးရှို့ပြီး+ အဆင့်ဆင့်တင်ထားတဲ့မုန့်ကို*+  အမြဲတင်မယ်။ မနက်ပိုင်းနဲ့  ညနေပိုင်းမှာ၊+ ဥပုသ်နေ့တွေ၊+  လဆန်းနေ့တွေ၊+ ပွဲတော်ရာသီတွေမှာ+ ယေဟောဝါဘုရားအတွက် မီးရှို့ရာအလှူတွေ ပူဇော်မယ်။ ဒါတွေဟာ အစ္စရေးတွေ အမြဲလုပ်ရမယ့်တာဝန်ပဲ။ ၅  ကျွန်တော်တို့ရဲ့ ဘုရားသခင်ဟာ တခြား ဘုရားတွေထက် ပိုကြီးမြတ်တဲ့အတွက် ကျွန်တော်တည်ဆောက်မယ့် အိမ်တော်ကလည်း ခမ်းနားထည်ဝါပါလိမ့်မယ်။ ၆  ကောင်းကင်သာမက  အမြင့်ဆုံး ကောင်းကင်ကြီးတောင်   ဘုရားစံမြန်းနိုင်လောက်အောင် မကျယ်ဝန်းဘူးဆိုတော့+ ဘုရားအတွက် အိမ်တော်တည်ဆောက်မယ့် တာဝန်ကို ဘယ်သူယူနိုင်မှာလဲ။ ဘုရားအတွက်  အိမ်တော်ဆောက်ပေးရအောင် ကျွန်တော်က ဘယ်သူမို့လို့လဲ။ ကျွန်တော်တတ်နိုင်တာကတော့ ရှေ့တော်မှာ ပူဇော်သက္ကာတွေကို မီးရှို့ဆက်သဖို့  နေရာတစ်နေရာ  တည်ဆောက်ပေးရုံပါပဲ။ ၇  ဒါကြောင့် ရွှေထည်၊ ငွေထည်၊ ကြေးထည်၊+ သံထည်လုပ်တဲ့အတတ်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ အပြာရောင်ချည် ရက်လုပ်တဲ့အတတ်၊ ပုံထွင်းအတတ် ကျွမ်းကျင်တဲ့ လက်မှုပညာသည်တစ်ယောက်ကို ပို့ပေးပါ။ သူက ယုဒပြည်နဲ့ ဂျေရုဆလင်မြို့မှာ ခမည်းတော်ဒါဝိဒ် ရွေးချယ်ထားတဲ့ လက်မှုပညာသည်တွေနဲ့အတူ လုပ်ဆောင်ပါလိမ့်မယ်။+ ၈  မင်းကြီးရဲ့ အမှုထမ်းတွေဟာ လက်ဘနွန်မှာ သစ်ခုတ်ကျွမ်းကျင်သူတွေဖြစ်မှန်း ကျွန်တော် သိပါတယ်။+ ဒါကြောင့် လက်ဘနွန်က သစ်ကတိုးသား၊ ဂျူနီပါထင်းရှူးသား၊+ စန္ဒကူးသားတွေ+ ပို့ပေးပါ။ ကျွန်တော့်အမှုထမ်းတွေက မင်းကြီးရဲ့ အမှုထမ်းတွေကို  ဝိုင်းကူပါ့မယ်။+ ၉  ကျွန်တော်ဆောက်မယ့်  အိမ်တော်ဟာ အင်မတန် ခမ်းနားထည်ဝါမှာဖြစ်လို့ သစ်သားတွေ အများကြီး ပြင်ဆင်နိုင်ဖို့ပါ။ ၁၀  မင်းကြီးရဲ့အမှုထမ်း သစ်ခုတ်သမားတွေအတွက် စားနပ်ရိက္ခာအဖြစ်+ ဂျုံကောရ* ၂၀,၀၀၀၊ မုယောစပါး ကောရ ၂၀,၀၀၀၊ စပျစ်ဝိုင်ဗတ်* ၂၀,၀၀၀၊ ဆီဗတ် ၂၀,၀၀၀ ပေးပါ့မယ်။” ၁၁  အဲဒီအခါ တိုင်ရာဘုရင် ဟိရံက ရှောလမုန်ဆီ စာရေးပို့လိုက်တယ်– “ယေဟောဝါဘုရားက မိမိလူမျိုးကို ချစ်မြတ်နိုးတဲ့အတွက်  မင်းကြီးကို  မင်းမြှောက်လိုက်ပြီ။ ၁၂  ကောင်းကင်မြေကြီးကို ဖန်ဆင်းတဲ့အရှင်၊ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြပါစေ။  ဒီဘုရားက  ဒါဝိဒ်မင်းကို မြော်မြင်ချင့်ချိန်နိုင်စွမ်း၊ သိနားလည်နိုင်စွမ်းရှိပြီး ဉာဏ်ပညာရှိတဲ့+ သားတစ်ယောက် ပေးသနားလိုက်ပြီပဲ။+ အဲဒီသားက ယေဟောဝါအတွက် အိမ်တော်နဲ့ နိုင်ငံအတွက် နန်းတော်ကို တည်ဆောက်လိမ့်မယ်။ ၁၃  အခု လက်မှုပညာကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ ဟိရံအဘိကို+ ကျုပ်လွှတ်လိုက်တယ်။ ၁၄  သူ့မိခင်က ဒန်အနွယ်၊ ဖခင်ကတော့ တိုင်ရာလူမျိုး ဖြစ်တယ်။ ဟိရံအဘိက ရွှေထည်၊ ငွေထည်၊ ကြေးထည်၊ သံထည်၊ ကျောက်နဲ့ သစ်သားထည်လုပ်တဲ့အတတ်၊ ခရမ်းရောင်သိုးမွေး၊ အပြာရောင်ချည်၊ ချည်ချော၊ ကြက်သွေးရောင်ချည် ရက်လုပ်တဲ့အတတ်ကို ကျွမ်းကျင်တယ်။+ ပုံစံအမျိုးမျိုး ထွင်းတတ်ပြီး ဘယ်ပုံစံမဆို လုပ်ပေးနိုင်တယ်။+ မင်းကြီးဆီက လက်မှုပညာသည်တွေ၊ မင်းကြီးရဲ့ခမည်းတော် အရှင်ဒါဝိဒ် ရွေးချယ်ထားတဲ့ လက်မှုပညာသည်တွေနဲ့အတူ သူလုပ်ဆောင်လိမ့်မယ်။ ၁၅  ဒါကြောင့် မင်းကြီး ကတိပေးတဲ့အတိုင်း ဂျုံ၊ မုယောစပါး၊  ဆီ၊ စပျစ်ဝိုင်တွေကို အမှုထမ်းတွေအတွက်  ပို့ပေးပါ။+ ၁၆  ကျုပ်တို့ကလည်း မင်းကြီးလိုသလောက် လက်ဘနွန်က သစ်တွေကို ခုတ်ပေးမယ်။+ ပြီးတော့ သစ်လုံးဖောင်ဖွဲ့ပြီး ပင်လယ်လမ်းအတိုင်း ယုပ္ပေမြို့အထိ မျှောချပေးမယ်။+ မင်းကြီးက အဲဒီသစ်တွေကို ဂျေရုဆလင်မြို့ဆီ သယ်သွားလိုက်ပါ။”+ ၁၇  အဲဒီနောက်  ရှောလမုန်က ခမည်းတော်ဒါဝိဒ်  လုပ်ခဲ့တဲ့အတိုင်း အစ္စရေးပြည်မှာရှိတဲ့  တိုင်းတစ်ပါးသား ယောက်ျားအားလုံးကို+ လူဦးရေစာရင်း ကောက်တဲ့အခါ+ စုစုပေါင်း ၁၅၃,၆၀၀ ရှိတယ်။ ၁၈  သူတို့ထဲက အထမ်းသမား  ၇၀,၀၀၀၊  တောင်ပေါ်မှာ ကျောက်ဆစ်မယ့်သူ ၈၀,၀၀၀၊+ လုပ်သားတွေ ကြီးကြပ်ရသူ ၃,၆၀၀ တို့ကို ခန့်ထားတယ်။+

အောက်ခြေမှတ်ချက်များ

ရှေ့တော်မုန့်။
တစ်ကောရက ၂၂၀ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
တစ်ဗတ်မှာ ၂၂ လီတာ (၅.၈၁ ဂါလံ) ရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။