၂ ရာဇဝင်ချုပ် ၂၀:၁-၃၇

  • အိမ်​နီး​ချင်း​နိုင်​ငံ​တွေ ယုဒ​ပြည်​ကို ခြိမ်း​ခြောက် (၁-၄)

  • အကူ​အညီ​ရ​ဖို့ ယောရှဖတ် ဆုတောင်း (၅-၁၃)

  • ယေဟောဝါ အဖြေပေး (၁၄-၁၉)

  • ယုဒ​လူ​တွေ အံ့​ဖွယ်​နည်း​နဲ့ ကယ်​တင်​ခံ​ရ (၂၀-၃၀)

  • ယောရှဖတ်​ရဲ့​နန်း​သက် အဆုံး​ပိုင်း (၃၁-၃၇)

၂၀  အဲဒီ​နောက် မောဘ​လူမျိုး၊+ အမ္မုန်​လူမျိုး၊+ အမ္မုန်​နိမ်​လူ​မျိုး* တ​ချို့​က ယောရှဖတ်​ကို တိုက်​ဖို့ ချီ​တက်​လာ​တယ်။ ၂  “မင်း​ကြီး​ကို တိုက်​ဖို့ ပင်လယ်​ကမ်း​ရိုး​တန်း​ဒေ​သက​နေ၊ ဧ​ဒုံ​ပြည်​က​နေ+ လူ​အလုံး​အရင်း ချီ​တက်​လာ​နေ​ပြီ။ အင်​ဂေဒိ​လို့​ခေါ်​တဲ့+ ဟာ​ဇ​ဇုန်​တ​မာ​မြို့​မှာ  တပ်​ချ​ထား​တယ်” ဆို​တဲ့ သတင်း​ကို ရ​တဲ့​အခါ၊ ၃  ယောရှဖတ် ကြောက်​သွား​တယ်။ ဒါ​နဲ့ ယေဟောဝါ​ကို ရှာ​ဖွေ​ဖို့ စိတ်​ပိုင်း​ဖြတ်​ပြီး+ ယုဒ​တစ်​ပြည်​လုံး​မှာ အစာ​ရှောင်​ဖို့ ကြေ​ညာ​လိုက်​တယ်။ ၄  ယုဒ​ပြည်​သား​တွေ​က ယေဟောဝါ​ကို အကူ​အညီ​တောင်း​ဖို့ စု​ရုံး​လာ​တယ်။+ ယေဟောဝါ​ရဲ့ လမ်း​ညွှန်​မှု​ကို တောင်း​ခံ​ဖို့ ယုဒ​မြို့​အားလုံး​က​နေ ရောက်​လာ​ကြ​တယ်။ ၅  ယုဒ​ပြည်​သား​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​တွေ​က ယေဟောဝါ​အိမ်​တော်​ရဲ့ ရင်​ပြင်​အသစ်​မှာ  ရပ်​နေ​ကြ​တယ်။ ယောရှဖတ်​က သူတို့​ရှေ့​မှာ ရပ်​ပြီး၊ ၆  ဆုတောင်း​တယ်– “ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ၊ ကိုယ်​တော်​ဟာ ကောင်း​ကင်​မှာ စံ​မြန်း​တဲ့ ဘုရား​သခင်​ပါ။+ တိုင်း​နိုင်​ငံ​ရှိ​သမျှ​ကို အုပ်​စိုး​တဲ့​အရှင်​ပါ။+ လက်​တော်​ဟာ တန်ခိုး၊ အစွမ်း​သတ္တိ​နဲ့ ပြည့်​စုံ​တဲ့​အတွက် ကိုယ်​တော့်​ကို ဘယ်​သူ​မှ မဆန့်​ကျင်​နိုင်​ပါ​ဘူး။+ ၇  ကျွန်​တော်​တို့​ရဲ့ ဘုရား​သခင်၊ ကိုယ်​တော်​က ဒီ​ပြည်​သား​တွေကို အစ္စရေး​တွေ​ရှေ့​က​နေ မောင်း​ထုတ်​ပြီး ဒီ​ပြည်​ကို ကိုယ်​တော့်​မိတ်ဆွေ အာဗြဟံ​ရဲ့​သား​မြေး​တွေ ထာ​ဝ​စဉ်​ပိုင်​ဆိုင်​ဖို့ ပေး​ထား​တယ် မဟုတ်​လား။+ ၈  အစ္စရေး​တွေ ဒီ​ပြည်​မှာ အခြေ​ကျ​ပြီး​တဲ့​နောက် နာ​မတော်​အတွက် သန့်​ရှင်း​ရာ​ဌာန​တော်​ကို  တည်​ဆောက်​ခဲ့​ချိန်​မှာ၊+ ၉  ‘ဓား​ဘေး၊ ဒဏ်​ခတ်​ခြင်း​ဘေး၊ ကပ်​ရော​ဂါ​ဘေး၊ အငတ်​ဘေး တစ်​ခု​ခု​ကျ​ရောက်​တဲ့​အခါ (ဒီ​အိမ်​တော်​မှာ နာ​မတော်​တည်​ရှိ​တဲ့​အတွက်) ဒီ​အိမ်​တော်​ရှေ့၊  ကိုယ်​တော့်​ရှေ့​မှာ ရပ်​ပြီး+ ဆင်း​ရဲ​ဒုက္ခ​က​နေ လွတ်​မြောက်​ဖို့ အော်​ဟစ်​အကူ​အညီ​တောင်း​မယ်​ဆို​ရင် နားထောင်​ပြီး ကယ်​တင်​ပေး​ပါ’+ လို့ ဆုတောင်း​ခဲ့​ကြ​ပါ​တယ်။ ၁၀  အခု အမ္မုန်​လူ​တွေ၊ မောဘ​လူ​တွေ​နဲ့ စိ​ရ​တောင်​တန်း​ဒေ​သက+ လူ​တွေ​ရဲ့ လုပ်​ပုံ​ကို ကြည့်​ပါ​ဦး။ အစ္စရေး​တွေ အီဂျစ်​ပြည်​က​နေ ထွက်​လာ​တုန်း​က သူတို့​ကို တိုက်​ခိုက်​ဖို့ ကိုယ်​တော် ခွင့်​မပြု​ခဲ့​ဘူး။ ဒါ​ကြောင့် အစ္စရေး​တွေ​က သူတို့​ကို မဖျက်​ဆီး​ဘဲ ရှောင်​သွား​ခဲ့​ကြ​တယ်။+ ၁၁  ဒါ​ပေမဲ့ သူတို့​က​တော့ ကျေး​ဇူး​ဆပ်​တဲ့​အနေ​နဲ့ ကိုယ်​တော် အမွေ​ပေး​ထား​တဲ့​ပြည်​က​နေ ကျွန်​တော်​တို့​ကို မောင်း​ထုတ်​ဖို့ ချီ​တက်​လာ​နေ​ပြီ။+ ၁၂  အို ဘုရား​သခင်၊ သူတို့​ကို ဒဏ်​ပေး​မယ် မဟုတ်​လား။+ ကျွန်​တော်​တို့​က​တော့ ဒီ​လူ​အလုံး​အရင်း​ကြီး​ကို တိုက်​ခိုက်​နိုင်​စွမ်း မရှိ​ပါ​ဘူး။ ဘာ​လုပ်​ရ​မှန်း​လည်း မသိ​တော့​ပါ​ဘူး။+ ကိုယ်​တော့်​ကို​ပဲ မျှော်​ကိုး​နေ​ပါ​တယ်။”+ ၁၃  အဲဒီ​အချိန်​မှာ  ယုဒ​ပြည်​သား​အားလုံး​ဟာ သား​မယား​တွေ၊ က​လေး​ငယ်​တွေ​နဲ့​အတူ ယေဟောဝါ​ရှေ့​မှာ ရပ်​နေ​ကြ​တယ်။ ၁၄  အဲဒီ​အခါ လူ​စု​လူ​ဝေး​ထဲ​မှာ ရှိ​နေ​တဲ့ ဇာခရိ​ရဲ့​သား ယ​ဟာ​ဇေ​လ​အပေါ် ယေဟောဝါ​ရဲ့ စွမ်းအား​တော် သက်​ရောက်​လာ​တယ်။ သူ​ဟာ လေ​ဝိအမျိုး​သား အာ​သပ်​ရဲ့​သား​မြေး​တွေ​ဖြစ်​တဲ့ မသနိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ​တို့​က​နေ ဆင်း​သက်​လာ​သူ​ပဲ။ ၁၅  ယ​ဟာ​ဇေ​လ​က “ယောရှဖတ်​မင်း​ကြီး၊ နား​ထောင်​ပါ။ ယုဒ​ပြည်​သား​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​ပါ။ ယေဟောဝါ​ဘုရား ပြော​တာ​က ‘ဒီ​လူ​အလုံး​အရင်း​ကြီး​ကို မြင်​ပြီး မကြောက်​ကြ​နဲ့။ စစ်​ပွဲ​ဆို​တာ မင်း​တို့​နဲ့ မဆိုင်​ဘူး၊ ဘုရား​သခင်​နဲ့​ပဲ ဆိုင်​တယ်။+ ၁၆  မနက်​ဖြန်​ကျ​ရင် သူတို့​ကို​တိုက်​ဖို့ ဆင်း​သွား​ကြ။ ဇိ​ဇ​တောင်​ကြား​လမ်း​က​နေ သူတို့ တက်​လာ​လိမ့်​မယ်။ ယေ​ရွေ​လ တော​ကန္တာ​ရ​ရှေ့ ချိုင့်​ဝှမ်း​အဆုံး​မှာ မင်း​တို့​နဲ့ ဆုံ​လိမ့်​မယ်။ ၁၇  ဒီ​စစ်​ပွဲ​မှာ မင်း​တို့​တိုက်​စရာ​ မလို​ဘူး။ နေ​ရာ​ယူ​ကြ​ပါ။ ငြိမ်​ငြိမ်​လေး ရပ်​နေ​ပြီး+ ယေဟောဝါ ဘယ်​လို​ကယ်​တင်​မယ်​ဆို​တာ စောင့်​ကြည့်​နေ​လိုက်​ပါ။+ ယုဒ​ပြည်​သား​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​တို့၊ မကြောက်​ကြ​နဲ့။+ မနက်​ဖြန် သူတို့​ဆီ ချီ​တက်​သွား​ကြ။ မင်း​တို့​နဲ့အတူ ငါ​ယေဟောဝါ ရှိ​မယ်’”+ ဆို​ပြီး  ပြော​တယ်။ ၁၈  ယောရှဖတ်​လည်း ချက်​ချင်း​ပဲ မြေပေါ်​မှာ  ဦး​ချ​လိုက်​တယ်။  ယုဒ​ပြည်​သား​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​အား​လုံး​လည်း ယေဟောဝါ​ရှေ့ ဦး​ချ​ပြီး ယေ​ဟောဝါ​ကို  ကိုးကွယ်​ကြ​တယ်။ ၁၉  ကော​ဟတ်​နဲ့+ ကော​ရ​ရဲ့ သား​မြေး​တွေ​ဖြစ်​တဲ့ လေ​ဝိအမျိုး​သား​တွေ​က ထ​ရပ်​ပြီး အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို အကျယ်​ကြီး ချီး​မွမ်း​ကြ​တယ်။+ ၂၀  သူတို့​က နောက်​တစ်​နေ့ မနက်​စော​စော​ထ​ပြီး တေ​ကော​ဆို​တဲ့+ တော​ဆီ ထွက်​သွား​ကြ​တယ်။ သူတို့​ထွက်​သွား​ချိန်​မှာ ယောရှဖတ်​က သူတို့​ရှေ့​မှာ ရပ်​ပြီး “ယုဒ​ပြည်​သား​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​တို့၊ နား​ထောင်​ကြ​ပါ။ ယေဟောဝါ​ဘုရား​ကို ယုံ​ကြည်​ကြ။ ဒါ​ဆို​ရင် မား​မား​မတ်​မတ် ရပ်​တည်​နိုင်​မယ်။ ကိုယ်​တော့်​ပရော​ဖက်​တွေ​ကို​လည်း ယုံ​ကြည်​ကြ။+ ဒါ​ဆို​ရင် အောင်​မြင်​မယ်” လို့​မှာ​တယ်။ ၂၁  ယောရှဖတ်​က လူ​တွေ​နဲ့​တိုင်​ပင်​ပြီး​နောက် အမျိုး​သား​တ​ချို့​ကို သန့်​ရှင်း​တဲ့​ဝတ်​ရုံ ဝတ်​ခိုင်း​ပြီး ယေဟောဝါ​ကို ချီး​မွမ်း​သီချင်း​ဆို​ဖို့ တာဝန်​ပေး​လိုက်​တယ်။+ သူတို့​က လက်​နက်​ကိုင်​တပ်​သား​တွေ​ရှေ့​က​နေ ချီ​တက်​ပြီး “ယေဟောဝါ​ကို ကျေး​ဇူး​တင်​ကြ​ပါ။ ခိုင်​မြဲတဲ့​မေတ္တာ​တော် ထာ​ဝ​စဉ် တည်​မြဲတယ်”+ ဆို​ပြီး သီ​ဆို​ကြ​တယ်။ ၂၂  သူတို့ ဝမ်း​သာ​အား​ရ ချီး​မွမ်း​သီချင်း​ဆို​တဲ့​အခါ ယေဟောဝါ​က ယုဒ​ပြည်​ကို လာ​ကျူး​ကျော်​တဲ့ အမ္မုန်​လူ​တွေ၊ မောဘ​လူ​တွေ​နဲ့ စိ​ရ​တောင်​တန်း​ဒေ​သက လူ​တွေ​ကို အလစ်​မှာ ဝင်​တိုက်​တယ်။ ဒါ​နဲ့ ရန်​သူ​တွေ​လည်း အချင်း​ချင်း တိုက်​ကြ​တော့​တယ်။+ ၂၃  အမ္မုန်​လူ​တွေ​နဲ့ မောဘ​လူ​တွေ​က စိ​ရ​တောင်​တန်း​ဒေ​သက+ လူ​တွေ​ကို တိုက်​ခိုက်​ချေ​မှုန်း​တယ်။ စိ​ရ​ပြည်​သား​တွေ​ကို ချေ​မှုန်း​ပြီး​တာ​နဲ့ အချင်း​ချင်း ပြန်​တိုက်​ကြ​တယ်။+ ၂၄  ယုဒ​လူ​တွေ​က တေ​ကော​တော​မှာ​ရှိ​တဲ့ ကင်း​မျှော်​စင်​ကို+ ရောက်​လာ​ပြီး အဲဒီ​အလုံး​အရင်း​ဘက် လှမ်း​ကြည့်​လိုက်​တဲ့​အခါ မြေပေါ်​မှာ လဲ​နေ​တဲ့ အလောင်း​တွေ​ကို​ပဲ တွေ့​ကြ​တယ်။+ အသက်​ရှင်​ကျန်​ရစ်​သူ တစ်​ယောက်​မှ မရှိ​ဘူး။ ၂၅  ဒါ​ကြောင့် ယောရှဖတ်​နဲ့ သူ့​လူ​တွေ​က ရန်​သူ့​ပစ္စည်းတွေ​ကို သိမ်း​ယူ​ကြ​တယ်။ ပစ္စည်းတွေ၊ အဝတ်​တွေ၊ အဖိုး​တန်​ပစ္စည်းတွေ အများ​ကြီး​တွေ့​တော့ ချွတ်​ယူ​လိုက်​ကြ​တာ သယ်​တောင် မသယ်​နိုင်​ကြ​ဘူး။+ ပစ္စည်းတွေ များ​လွန်း​လို့ သုံး​ရက်​တောင် သိမ်း​ယူ​ရ​တယ်။ ၂၆  လေး​ရက်​မြောက်​နေ့​ကျ​တော့ ဗေ​ရာ​ခ​ချိုင့်​ဝှမ်း​မှာ စု​ရုံး​ပြီး ယေဟောဝါ​ကို သူတို့ ကျေး​ဇူး​တင်​ချီး​မွမ်း​ကြ​တယ်။ ဒါ​ကြောင့် အဲဒီ​နေ​ရာ​ကို ဗေ​ရာ​ခ*+ ချိုင့်​ဝှမ်း​လို့ မှည့်​ခေါ်​လိုက်​တာ ဒီ​နေ့​အထိ နာ​မည်​တွင်​နေ​တုန်း​ပဲ။ ၂၇  အဲဒီ​နောက်  ယောရှဖတ်​ဦး​ဆောင်​တဲ့ ယုဒ​ပြည်​သား​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​တွေ​က ရန်​သူ​တွေ​အပေါ် ယေဟောဝါ အောင်​ပွဲ​ဆင်​ခွင့် ပေး​လိုက်​တဲ့​အတွက် ဂျေရု​ဆ​လင်​မြို့​ကို ဝမ်း​သာ​အား​ရ ပြန်​လာ​ကြ​တယ်။+ ၂၈  ကြိုး​တပ်​တူ​ရိ​ယာ​တွေ၊ စောင်း​တွေ၊+ ခ​ရာတွေ+ တီး​မှုတ်​ပြီး ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့ ယေဟောဝါ​ရဲ့ အိမ်​တော်​ကို သွား​ကြ​တယ်။+ ၂၉  အစ္စ​ရေး​တွေ​ရဲ့ ရန်​သူ​တွေ​ကို ယေဟောဝါ တိုက်​ခိုက်​ခဲ့​တဲ့​အကြောင်း တိုင်း​နိုင်​ငံ​အသီး​သီး​က လူ​တွေ ကြား​တဲ့​အခါ ဘုရား​သခင်​ကို  ကြောက်​လာ​ကြ​တယ်။+ ၃၀  ဒါ​ကြောင့် ယောရှဖတ်​ရဲ့​နိုင်​ငံ​က ငြိမ်း​ချမ်း​သာ​ယာ​နေ​တယ်။ ဘုရား​သခင်​က အရပ်​ရပ်​မှာ ဆက်​ပြီး ငြိမ်သက်​အေး​ချမ်း​စေ​တယ်။+ ၃၁  ယောရှဖတ်​က  ယုဒ​ပြည်​ကို​ ဆက်​အုပ်​ချုပ်​တယ်။ အသက် ၃၅ နှစ်​မှာ နန်း​ထိုင်​ပြီး ဂျေရု​ဆ​လင်​မြို့​မှာ ၂၅ နှစ် စိုး​စံ​တယ်။ မယ်​တော်​က ရှိ​လ​ဟိ​ရဲ့​သမီး အဇု​ဘ​လို့​ခေါ်​တယ်။+ ၃၂  ယောရှ​ဖတ်က ခမည်း​တော်​အာ​သရဲ့ လမ်း​စဉ်​ကို ဆက်​လိုက်​တယ်။+ လမ်း​မလွဲ​သွား​ဘဲ ယေဟောဝါ​ရှေ့​မှာ မှန်​ရာ​ကို လုပ်​တယ်။+ ၃၃  အထွတ်​အမြတ်​နေ​ရာတွေ​က​တော့ ရှိ​နေ​တုန်း​ပဲ။+ လူ​တွေ​က ဘိုး​ဘေး​တို့​ရဲ့ ဘုရား​အတွက်  စိတ်​ကို  မပြင်​ဆင်​ထား​သေးဘူး။+ ၃၄  ယောရှဖတ်​ရဲ့ ကျန်​တဲ့​သမိုင်း​ကြောင်း အစ​အဆုံး​ကို ဟာ​နေ​နိ​ရဲ့​သား+ ယေဟု​ရဲ့​ကျမ်း​စောင်​မှာ+ ရေး​ထား​တယ်။ အစ္စရေး​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​ကျမ်း​ထဲ​မှာ  အဲဒီ​ကျမ်း​စောင်  ပါ​တယ်။ ၃၅  နောက်​ပိုင်း​မှာ  ယုဒ​ဘုရင်​ယောရှဖတ်​က အစ္စရေး​မင်း​ဆိုး​တစ်ပါး​ဖြစ်​တဲ့ အာခဇိ​နဲ့ မဟာ​မိတ်​ဖွဲ့​တယ်။+ ၃၆  အာခဇိ​နဲ့ ပူး​ပေါင်း​ပြီး တာ​ရှိ​ပြည်​ကို​သွား​တဲ့ သင်္ဘော​တွေ+ ဆောက်​လုပ်​တယ်။ ဧ​ဇ​ယုန်​ဂါ​ဗာ​အရပ်​မှာ+ သင်္ဘော​တွေ ဆောက်​ကြ​တယ်။ ၃၇  ဒါ​ပေမဲ့ မာ​ရေ​ရှ​မြို့​သား ဒေါ​ဒ​ဝ​ရဲ့​သား ဧ​လျာ​ဇာ​က ယောရှဖတ်​နဲ့​ပတ်​သက်​ပြီး “မင်း​ကြီး​က အာခဇိ​နဲ့ မဟာ​မိတ်​ဖွဲ့​တဲ့​အတွက် မင်း​ကြီး လုပ်​နေ​တာ​တွေ​ကို ယေဟောဝါ​ဘုရား ဖျက်​ဆီး​လိမ့်​မယ်”+ လို့​ပရော​ဖက်​ပြု​တယ်။ ဒါ​ကြောင့် သင်္ဘော​တွေ ပျက်​စီး​ပြီး+ တာ​ရှိ​ပြည်​ကို မသွား​နိုင်​တော့​ဘူး။

အောက်ခြေမှတ်ချက်များ

“မဟု​နိမ်​လူမျိုး” လည်း​ဖြစ်​နိုင်။
အဓိပ္ပာယ်၊ “ကျေး​ဇူး​တင်​ချီး​မွမ်း​ခြင်း။”