၂ ရာဇဝင်ချုပ် ၂၂:၁-၁၂
၂၂ ဓားပြအဖွဲ့က အာရပ်လူတွေနဲ့အတူ ယုဒတပ်စခန်းကိုလာပြီး ယဟောရံရဲ့ သားတော်အကြီးအားလုံးကို သတ်လိုက်တယ်။+ ဒါကြောင့် ဂျေရုဆလင်မြို့သားတွေက သားထွေးအာခဇိကို မင်းမြှောက်ကြတယ်။ အာခဇိက ယုဒဘုရင်အဖြစ် စတင်အုပ်ချုပ်တယ်။+
၂ အသက် ၂၂ နှစ်မှာ နန်းထိုင်ပြီး ဂျေရုဆလင်မြို့မှာ တစ်နှစ်စိုးစံတယ်။ မယ်တော်က သြမရိရဲ့+ မြေးမ အာသလိ+ လို့ခေါ်တယ်။
၃ အာခဇိက အာဟပ်အမျိုးရဲ့လမ်းစဉ်ကို လိုက်ပြီး+ မယ်တော်အကြံပေးတဲ့အတိုင်း ဆိုးညစ်တာတွေ လုပ်တယ်။
၄ ခမည်းတော် သေဆုံးပြီးနောက် အာဟပ်အမျိုးက ပျက်စီးရာပျက်စီးကြောင်း အကြံပေးတဲ့အတွက် အာခဇိလည်း အာဟပ်အမျိုးလိုပဲ ယေဟောဝါရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။
၅ သူတို့အကြံပေးတဲ့အတိုင်း အစ္စရေးဘုရင် အာဟပ်ရဲ့သား ယောရံနဲ့အတူ ရာမုတ်ဂိလဒ်မြို့မှာ+ ဆီးရီးယားဘုရင် ဟာဇေလကို+ သွားတိုက်ခိုက်တယ်။ လေးသမားတွေလက်ချက်နဲ့ ယောရံ ဒဏ်ရာရသွားတယ်။
၆ ယောရံက ရာမမြို့မှာ ဆီးရီးယားဘုရင် ဟာဇေလနဲ့ တိုက်ခိုက်တုန်းက ဆီးရီးယားတွေလက်ချက်နဲ့ ရခဲ့တဲ့ ဒဏ်ရာတွေကို ကုဖို့ ယေဇရေလမြို့ကို+ ပြန်လာတယ်။+
ယုဒဘုရင် ယဟောရံရဲ့+ သား အာခဇိက* ဒဏ်ရာရသွားတဲ့ အာဟပ်ရဲ့သား ယောရံကို+ ကြည့်ဖို့ ယေဇရေလမြို့ကို ဆင်းသွားတယ်။+
၇ ယောရံဆီ အဲဒီလိုသွားရင်းနဲ့ ကျဆုံးအောင် ဘုရားသခင် စီစဉ် ထားတယ်။ ယောရံဆီ ရောက်တော့ အာခဇိက နိမ်ရှိရဲ့မြေး ယေဟုကိုတွေ့ဖို့+ ယောရံနဲ့အတူ ထွက်လာတယ်။ ယေဟုဆိုတာ အာဟပ်အမျိုးကို သုတ်သင်ပယ်ရှင်းဖို့ ယေဟောဝါ ဘိသိက်ပေးထားတဲ့သူပဲ။+
၈ ယေဟုက အာဟပ်အမျိုးကို စပြီးပြစ်ဒဏ်စီရင်ချိန်မှာ ယုဒမှူးမတ်တွေ၊ အာခဇိမင်းရဲ့ တူတော်မောင်တွေ၊ မင်းမှုထမ်းတွေကိုတွေ့တော့ ကွပ်မျက်တယ်။+
၉ အဲဒီနောက် အာခဇိကို လိုက်ရှာကြတော့ ရှမာရိမြို့မှာ ပုန်းနေတဲ့ အာခဇိကို ဖမ်းမိသွားပြီး ယေဟုဆီ ခေါ်လာတယ်။ ပြီးတော့ သူ့ကို ကွပ်မျက်လိုက်တယ်။ “သူဟာ ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ ရှာဖွေခဲ့တဲ့ ယောရှဖတ်မင်းရဲ့ မြေးပဲ” ဆိုပြီး သူ့ကို သင်္ဂြိုဟ်ပေးကြတယ်။+ အာခဇိရဲ့အမျိုးထဲမှာ နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းရှိသူ တစ်ယောက်မှ မရှိဘူး။
၁၀ မယ်တော်အာသလိက+ သားတော်အာခဇိ သေဆုံးမှန်းသိတာနဲ့ ယုဒအမျိုးရဲ့ တော်ဝင်မျိုးဆက်အားလုံးကို သုတ်သင်လိုက်တယ်။+
၁၁ ဒါပေမဲ့ ယဟောရံရဲ့သမီးတော် ယောရှေဘတ်က အာခဇိရဲ့သား ယောရှကို+ ကွပ်မျက်ခံရမယ့် သားတော်တွေထဲကနေ ခိုးယူပြီး အထိန်းတော်နဲ့အတူ အတွင်းအိပ်ခန်းထဲမှာ ဝှက်ထားတယ်။ ယဟောရံမင်းရဲ့+ သမီးတော် (ပုရောဟိတ်ယောယဒရဲ့+ ဇနီး၊ အာခဇိရဲ့နှမ) ယောရှေဘတ်က ယောရှကို အာသလိ မသိအောင် ဝှက်ထားတဲ့အတွက် ယောရှ အသတ်မခံလိုက်ရဘူး။+
၁၂ တိုင်းပြည်ကို အာသလိ အုပ်စိုးချိန်အတွင်း ယောရှက သူတို့နဲ့အတူ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ အိမ်တော်မှာ ခြောက်နှစ်လုံး ပုန်းနေတယ်။
အောက်ခြေမှတ်ချက်များ
^ ဟီဘရူးစာမူတချို့မှာ ‘အာဇရိ။’