၂ ရာဇဝင်ချုပ် ၂၅:၁-၂၈

  • ယုဒဘုရင် အာမဇိ (၁-၄)

  • ဧဒုံလူတွေနဲ့ စစ်ဖြစ် (၅-၁၃)

  • အာမဇိ ရုပ်တုကိုးကွယ် (၁၄-၁၆)

  • အစ္စရေးဘုရင် ယဟောရှနဲ့ စစ်ဖြစ် (၁၇-၂၄)

  • အာမဇိ သေဆုံး (၂၅-၂၈)

၂၅  အာမဇိ နန်းတက်ချိန်မှာ အသက် ၂၅ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၂၉ နှစ် စိုးစံတယ်။ မယ်တော်က ဂျေရုဆလင်မြို့သူ ယုဒ္ဒန်လို့ခေါ်တယ်။+ ၂  အာမဇိက ယေဟောဝါရှေ့မှာ မှန်ရာကို ဆက်လုပ်ပေမဲ့ စိတ်နှလုံးအကြွင်းမဲ့ မလုပ်ဆောင်ဘူး။ ၃  နိုင်ငံတော်အာဏာ တည်မြဲလာတာနဲ့ ခမည်းတော် မင်းကြီးကို လုပ်ကြံခဲ့တဲ့ အမှုထမ်းတွေကို ကွပ်မျက်လိုက်တယ်။+ ၄  ဒါပေမဲ့ “သားသမီးရဲ့ အပြစ်ကြောင့် ဖခင် မသေရဘူး။ ဖခင်ရဲ့ အပြစ်ကြောင့် သားသမီး မသေရဘူး။ လူတိုင်း ကိုယ့်အပြစ်ကြောင့်ပဲ သေရမယ်” ဆိုပြီး မောရှေပညတ်ကျမ်းမှာ ရေးထားတဲ့ ယေဟောဝါရဲ့ မိန့်မှာချက်နဲ့အညီ လုပ်ကြံသူတွေရဲ့ သားသမီးတွေကိုတော့ မသတ်ဘူး။+ ၅  အာမဇိမင်းက  ယုဒလူတွေကို စုဝေးလိုက်တယ်။ ယုဒနဲ့ ဗင်ယာမိန်အမျိုးတွေထဲက ထောင်တပ်မှူး၊ ရာတပ်မှူးတွေကို+ ဆွေမျိုးစုအလိုက် နေရာယူစေတယ်။ ပြီးတော့ အသက် ၂၀ ပြည့်သူတွေကို စာရင်းကောက်တဲ့အခါ+ လှံရှည်နဲ့ ဒိုင်းလွှားကြီး ကိုင်ဆောင်ပြီး စစ်မှုထမ်းနိုင်တဲ့ လက်ရွေးစင်စစ်သည် ၃၀၀,၀၀၀ ရှိတယ်။ ၆  ဒါ့အပြင် အစ္စရေးပြည်ကနေ ခွန်အားကြီးစစ်သည် ၁၀၀,၀၀၀ ကို ငွေတဲလင့်* ၁၀၀ နဲ့ ငှားလိုက်တယ်။ ၇  အဲဒီအခါ စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ ရောက်လာပြီး “အရှင်မင်းကြီး၊ ယေဟောဝါဘုရားက အစ္စရေးတွေဖြစ်တဲ့ ဧဖရိမ်အမျိုးသားတွေနဲ့အတူ မရှိတော့ဘူး။+ ဒါကြောင့် အစ္စရေးတပ်ကို မခေါ်သွားပါနဲ့။ ၈  မင်းကြီးကိုယ်တိုင်ပဲ စစ်ချီပြီး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပါ။ ဒီလိုမှမဟုတ်ရင် ဘုရားသခင်က မင်းကြီးကို ရန်သူတွေရှေ့မှာ ရှုံးနိမ့်စေမယ်။ ဘုရားသခင်မှာ ကူညီပေးနိုင်စွမ်းရှိသလို+ ရှုံးနိမ့်စေနိုင်စွမ်းလည်း ရှိတယ်” ဆိုပြီး လျှောက်တင်တယ်။ ၉  အဲဒီအခါ အာမဇိက “ဒါဆိုရင် အစ္စရေးတပ်ကိုငှားဖို့ ငါပေးလိုက်တဲ့ ငွေတဲလင့် ၁၀၀ ကို ဘယ်လိုလုပ်မလဲ” လို့ပြောတော့ ဘုရားသခင်ရဲ့လူက “မင်းကြီးကို ယေဟောဝါဘုရား ဒီထက်မက ပေးနိုင်ပါတယ်”+ လို့ဖြေတယ်။ ၁၀  ဒါနဲ့ အာမဇိက ဧဖရိမ်နယ်မြေကနေ ရောက်လာတဲ့တပ်ကို သူတို့နေရပ်ဆီ ပြန်ခိုင်းလိုက်တယ်။ သူတို့လည်း ယုဒလူတွေကို စိတ်ဆိုးပြီး ဒေါသတကြီးနဲ့ ပြန်သွားကြတယ်။ ၁၁  အာမဇိမင်းက သတ္တိမွေးပြီး သူ့တပ်ကို ဆားချိုင့်ဝှမ်းဆီ ဦးဆောင်ခေါ်သွားတယ်။+ အဲဒီမှာ စိရပြည်သား ၁၀,၀၀၀  ကို  တိုက်ခိုက်ချေမှုန်းတယ်။+ ၁၂  ယုဒစစ်သည်တွေက လူ ၁၀,၀၀၀ ကို အရှင်ဖမ်း၊ ကျောက်ဆောင်ထိပ်ဆီ ခေါ်သွားပြီး တွန်းချလိုက်တဲ့အတွက် သူတို့အားလုံး သေကျေကုန်တယ်။ ၁၃  အာမဇိ စစ်ကူခွင့်မပေးဘဲ ပြန်ခိုင်းလိုက်တဲ့ စစ်သည်တွေကတော့+ ရှမာရိမြို့ကနေ+ ဗေသောရုန်မြို့+ တစ်လျှောက်မှာရှိတဲ့ ယုဒမြို့တွေကို တိုက်ခိုက်ပြီးနောက် လူ ၃,၀၀၀ ကို သတ်ပြီး ပစ္စည်းဥစ္စာ အမြောက်အမြား သိမ်းယူသွားကြတယ်။ ၁၄  အာမဇိက ဧဒုံလူတွေကို ချေမှုန်းပြီး ပြန်လာတဲ့အခါ စိရပြည်သားတွေရဲ့ ဘုရားတွေကို  သယ်လာပြီး  တည်ထားကိုးကွယ်တယ်။+ အဲဒီဘုရားတွေရှေ့ ဦးချပြီး ပူဇော်သက္ကာတွေ မီးရှို့ပူဇော်တယ်။ ၁၅  ဒါကြောင့် ယေဟောဝါက အာမဇိကို အမျက်ထွက်ပြီး ပရောဖက်တစ်ယောက် စေလွှတ်တယ်။ အဲဒီပရောဖက်က “အရှင်မင်းကြီး၊ လူမျိုးခြားရဲ့ ဘုရားတွေကို ဘာလို့ ကိုးကွယ်ရတာလဲ။ အဲဒီဘုရားတွေက သူ့လူတွေကို မင်းကြီးရဲ့ လက်ထဲကနေတောင် မကယ်နိုင်တာ”+ ဆိုပြီး ပြောတယ်။ ၁၆  အဲဒီအခါ အာမဇိက “တိတ်စမ်း။+ မင်းကို အတိုင်ပင်ခံရာထူး ခန့်ထားလို့လား။+ သေချင်နေပြီနဲ့ တူတယ်” ဆိုပြီး ကြိမ်းလိုက်တယ်။ ပရောဖက်က “ကျွန်တော်ပေးတဲ့အကြံကို နားမထောင်ဘဲ အခုလိုလုပ်တဲ့အတွက် မင်းကြီးကို ဖျက်ဆီးဖို့ ဘုရားသခင် ဆုံးဖြတ်ပြီးသားဆိုတာ ကျွန်တော်သိတယ်”+ လို့ပြောပြီး တိတ်တိတ်နေလိုက်တယ်။ ၁၇  ယုဒဘုရင်အာမဇိက အတိုင်ပင်ခံတွေနဲ့ တိုင်ပင်ပြီးနောက် အစ္စရေးဘုရင် ယေဟုရဲ့မြေး၊ ယောခတ်ရဲ့သား ယဟောရှကို “လာပါ။ ငါတို့ တိုက်ကြစို့” ဆိုပြီး သတင်းပို့တယ်။+ ၁၈  ဒါနဲ့ အစ္စရေးဘုရင်  ယဟောရှက  ယုဒဘုရင် အာမဇိကို “လက်ဘနွန်က ဆူးပင်ဟာ လက်ဘနွန်က သစ်ကတိုးပင်ကို ‘မင်းရဲ့သမီးကို ငါ့သားနဲ့ပေးစားပါ’ လို့ ကမ်းလှမ်းတယ်။ ဒါပေမဲ့ လက်ဘနွန်သားရဲတစ်ကောင် ဖြတ်လာတဲ့အခါ ဆူးပင် နင်းချေခံလိုက်ရတယ်။ ၁၉  မင်းကြီးက ‘ဧဒုံပြည်ကို ငါအနိုင်ရခဲ့တယ်’+ ဆိုပြီး ဘဝင်မြင့်နေတာ။ ဂုဏ်တင်ခံချင်နေတာ။ ကိုယ့်နန်းတော်မှာပဲ နေစမ်းပါ။ ယုဒပြည်ကိုပါ ဒုက္ခရောက်ပြီး အရေးနိမ့်သွားအောင် ဘာလို့ လုပ်ချင်ရတာလဲ” ဆိုပြီး အကြောင်းပြန်လိုက်တယ်။ ၂၀  ဒါပေမဲ့ အာမဇိ နားမထောင်ဘူး။+ ဧဒုံဘုရားတွေကို ကိုးကွယ်တဲ့အတွက်+ သူတို့ကို ရန်သူ့လက်ထဲ အပ်ဖို့ ဘုရားသခင် အလိုရှိနေလို့ပဲ။+ ၂၁  အစ္စရေးဘုရင် ယဟောရှလည်း ချီတက်လာပြီး ယုဒပြည်၊ ဗက်ရှေမက်မြို့မှာ+ ယုဒဘုရင် အာမဇိနဲ့ တိုက်ခိုက်တော့တယ်။ ၂၂  အစ္စရေးတွေ အနိုင်ရသွားတဲ့အတွက် ယုဒလူတွေက ကိုယ့်အိမ်ကိုယ့်ရာဆီ ထွက်ပြေးကြတယ်။ ၂၃  အစ္စရေးဘုရင် ယဟောရှက ယောခတ်* ရဲ့မြေး၊ ယောရှရဲ့သား ယုဒဘုရင်အာမဇိကို ဗက်ရှေမက်မြို့မှာ ဖမ်းဆီးလိုက်ပြီးနောက် ဂျေရုဆလင်မြို့ကို ခေါ်သွားတယ်။ ယဟောရှက ဂျေရုဆလင်မြို့ရိုးမှာ ဧဖရိမ်တံခါးကနေ+ မြို့ထောင့်တံခါးအထိ+ အတောင် ၄၀၀* ဖြိုချလိုက်တယ်။ ၂၄  ဘုရားသခင့်  အိမ်တော်ထဲမှာ  တွေ့သမျှ ရွှေငွေ၊  ပစ္စည်းဥစ္စာတွေကို  သိမ်းသွားတယ်။ သြဗက်ဧဒုံကိုပါ ဖမ်းခေါ်သွားတယ်။ နန်းတော်ဘဏ္ဍာတိုက်ထဲက+ ရွှေငွေ၊ ပစ္စည်းဥစ္စာတွေကို သိမ်းသွားတဲ့အပြင် ဓားစာခံတွေကိုလည်း ဖမ်းခေါ်ပြီး ရှမာရိမြို့ကို ပြန်သွားတယ်။ ၂၅  ယုဒဘုရင် ယောရှရဲ့သား အာမဇိဟာ+ အစ္စရေးဘုရင် ယောခတ်ရဲ့သား ယဟောရှ+ ကွယ်လွန်ပြီးနောက် ၁၅ နှစ်အထိ အသက်ရှင်သေးတယ်။+ ၂၆  အာမဇိရဲ့ ကျန်တဲ့သမိုင်းကြောင်း အစအဆုံးကို ယုဒဘုရင်တွေနဲ့ အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်ကျမ်းမှာ ရေးထားတယ်။ ၂၇  ယေဟောဝါကို အာမဇိ ကျောခိုင်းသွားချိန်ကစပြီး သူ့ကိုလုပ်ကြံဖို့ ဂျေရုဆလင်မြို့မှာ လျှို့ဝှက်ကြံစည်ကြတယ်။+ လာခိရှမြို့ကို အာမဇိ ထွက်ပြေးသွားပေမဲ့ အဲဒီကို လူလွှတ်ပြီး  လုပ်ကြံလိုက်တယ်။ ၂၈  သူ့အလောင်းကို မြင်းရထားနဲ့သယ်လာပြီး ယုဒမြို့မှာ ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်ကြတယ်။

အောက်ခြေမှတ်ချက်များ

တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
အာခဇိလို့လည်းခေါ်။
၁၇၈ မီတာ (၅၈၄ ပေ) ခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။