၂ ရာဇဝင်ချုပ် ၂၈:၁-၂၇

  • ယုဒ​ဘု​ရင် အာ​ခတ် (၁-၄)

  • ဆီး​ရီး​ယား​တွေ​နဲ့ အစ္စရေးတွေ အနိုင်​ရ (၅-၈)

  • သြဒက်​က အစ္စရေးတွေ​ကို သတိ​ပေး (၉-၁၅)

  • ယုဒ​ပြည် နှိမ့်​ချ​ခံ​ရ (၁၆-၁၉)

  • အာ​ခတ် ရုပ်​တု​ကိုး​ကွယ်၊ သေဆုံး (၂၀-၂၇)

၂၈  အာ​ခတ်+  နန်း​တက်​ချိန်​မှာ အသက် ၂၀ ရှိ​ပြီ။ ဂျေရု​ဆ​လင်​မြို့​မှာ ၁၆ နှစ်​စိုး​စံ​တယ်။ ဘိုး​ဘေး​ဒါဝိဒ်​က ယေဟောဝါ​ရှေ့​မှာ မှန်​ရာ​ကို​လုပ်​ခဲ့​ပေမဲ့ အာ​ခတ်​က​တော့ မလုပ်​ဘူး။+ ၂  အစ္စရေး​ဘုရင်​တွေ​ရဲ့ လမ်း​စဉ်​အ​တိုင်း လိုက်​တယ်။+ ဗာလ​ရုပ်​တု​တွေ​ကို​တောင်  သွန်း​လုပ်​တယ်။+ ၃  ဒါ့​အပြင်  အာ​ခတ်​က  ဟိန်​နုံ​သား​ရဲ့​ချိုင့်​ဝှမ်း​မှာ*  ယဇ်​တွေ​ကို   မီး​ရှို့​ပူ​ဇော်​တယ်။  အစ္စရေး​တွေ​ရှေ့​က​နေ  ယေဟောဝါ မောင်း​ထုတ်​ခဲ့​တဲ့ လူမျိုး​တွေ​ရဲ့ ရွံ​မုန်း​စ​ရာ အကျင့်​ဓလေ့​တွေ​ကို လိုက်​လုပ်​ပြီး+ ကိုယ့်​သား​တွေ​ကို​တောင် မီး​ရှို့ပူ​ဇော်​တယ်။+ ၄  ဒါ့​အပြင် သူ​က အထွတ်​အ​မြတ်​  နေ​ရာ​နဲ့+  တောင်​ကုန်းတွေ​ပေါ်​မှာ၊ စိမ်း​လန်း​တဲ့​အပင်​အောက်​မှာ+ ယဇ်​တွေ ဆက်​သပြီး မီး​ရှို့​ပူ​ဇော်​တယ်။ ၅  ဒါ​ကြောင့် ယေဟောဝါ​ဘုရား​က အာ​ခတ်​မင်း​ကို ဆီး​ရီး​ယား​ဘုရင်​လက်​ထဲ အပ်​လိုက်​တယ်။+ ဆီး​ရီး​ယား​တွေ အနိုင်​ရ​ပြီး သုံ့​ပန်း​အမြောက်​အမြား​ကို ဒ​မတ်​စ​ကတ်​မြို့​ဆီ ဖမ်း​ခေါ်​သွား​တယ်။+ အစ္စရေး​ဘုရင်​လက်​ထဲ​ကို​လည်း အပ်​တဲ့​အတွက် အဲဒီ​ဘုရင်​က အာ​ခတ်​နဲ့ သူ့​လူ​တွေ​ကို အကြီး​အကျယ် ချေ​မှုန်း​တယ်။ ၆  ရေ​မလိ​ရဲ့​သား ပေကာ​က+ ယုဒ​ပြည်​မှာ သတ္တိ​ရှိ​တဲ့​စစ်​သည် ၁၂၀,၀၀၀ ကို တစ်​နေ့​တည်း​မှာ ကွပ်​မျက်​လိုက်​တယ်။ သူတို့​က ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို စွန့်​သွား​ကြ​လို့​ပဲ။+ ၇  ဧ​ဖရိမ်​သူ​ရဲ​ကောင်း ဇိ​ခ​ရိ​က ဘု​ရင့်​သား​တော် မာ​သေယ၊ နန်း​တော်​အုပ် အာ​ဇ​ရိ​ကံ၊ ဘုရင်​ပြီး​ရင် ရာ​ထူး​အကြီး​ဆုံး​ဖြစ်​တဲ့ ဧ​လ​ကာ​န​တို့​ကို ကွပ်​မျက်​လိုက်​တယ်။ ၈  အစ္စရေး​တွေ​က ညီ​အစ်​ကို​တော်​တဲ့ ယုဒ​လူ​တွေ​နဲ့ သူတို့​ရဲ့​သား​မယား​တွေ စု​စု​ပေါင်း ၂၀၀,၀၀၀ ကို ဖမ်း​ခေါ်​သွား​တယ်။ တိုက်​ရာ​ပါ​ဥစ္စာ အများ​ကြီး​ကို​လည်း သိမ်း​ယူ​ပြီး ရှမာရိ​မြို့​ကို သယ်​သွား​တယ်။+ ၉  ရှမာရိ​မြို့​မှာ သြဒက်​လို့​ခေါ်​တဲ့ ယေဟောဝါ​ရဲ့ ပရော​ဖက်​တစ်​ယောက် ရှိ​တယ်။ သူ​က မြို့​ကို ပြန်​ရောက်​လာ​တဲ့ စစ်​တပ်​ကို ထွက်​ကြို​ပြီး “ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​က ယုဒ​ပြည်​ကို အမျက်​ထွက်​လို့ သူတို့​ကို ခင်​ဗျား​တို့​လက်​ထဲ အပ်​ခဲ့​တာ။+ အခု ခင်​ဗျား​တို့​က သူတို့​ကို ရက်​ရက်​စက်​စက် သတ်​ပစ်​လိုက်​ပြီ။ ဒါ​ကို ဘုရား​သခင် မြင်​တယ်။ ၁၀  ယုဒ​လူ​တွေ၊ ဂျေရု​ဆ​လင်​မြို့​သူ​မြို့​သား​တွေ​ကို ကျွန်​အဖြစ် စေ​ခိုင်း​ဖို့ ခင်​ဗျား​တို့ ကြံ​စည်​နေ​တယ်။+ တ​ကယ်​တော့ ခင်​ဗျား​တို့​လည်း ယေဟောဝါ​ဘုရား​ရှေ့​မှာ အပြစ်​ရှိ​တယ် မဟုတ်​လား။ ၁၁  အခု ကျွန်​တော်​ပြော​တာ​ကို နား​ထောင်​ကြ။ သုံ့​ပန်း​အဖြစ် ဖမ်း​ခေါ်​လာ​တဲ့ ကိုယ့်​ညီ​အစ်​ကို​တွေ​ကို ပြန်​လွှတ်​ပေး​ကြ။ ခင်​ဗျား​တို့​ကို ယေဟောဝါ​ဘုရား အမျက်​ထွက်​နေ​ပြီ” လို့​ပြော​တယ်။ ၁၂  အဲဒီ​အခါ  ဧ​ဖရိမ်​အမျိုး​သား ခေါင်း​ဆောင်​တွေ​ဖြစ်​တဲ့ ယေ​ဟော​ဟ​နန်​ရဲ့​သား အာ​ဇ​ရိ၊ မေရှိ​လ​မုတ်​ရဲ့​သား ဗေ​ရ​ခိ၊ ရှ​လုံ​ရဲ့​သား ယေ​ဇ​ကိ၊ ဟာ​ဒ​လဲ​ရဲ့​သား အာ​မသတို့​က တိုက်​ပွဲ​က​နေ ပြန်​လာ​သူ​တွေ​ကို ထွက်​တွေ့​ပြီး၊ ၁၃  “သုံ့​ပန်း​တွေ​ကို ဒီ​ကို မခေါ်​လာ​နဲ့။ ခေါ်​လာ​ရင် ယေဟောဝါ​ဘုရား​ရှေ့​မှာ ကျွန်​တော်​တို့ အပြစ်​သင့်​လိမ့်​မယ်။ ရှိ​ပြီး​သား​အပြစ်​ပေါ် အပြစ်​တွေ​ထပ်​ဆင့်​အောင် ခင်​ဗျား​တို့ လုပ်​ချင်​နေ​ကြ​တာ​လား။ အစ္စရေး​တွေ​ကို ဘုရား​သခင် အမျက်​ထွက်​နေ​ပြီ” လို့​ပြော​ကြ​တယ်။ ၁၄  ဒါ​နဲ့ စစ်​သည်​တွေ​က ခေါင်း​ဆောင်​တွေ​နဲ့ လူ​စု​ကြီး​ဆီ သုံ့​ပန်း​တွေ၊ တိုက်​ရာ​ပါ​ဥစ္စာတွေ+ အပ်​လိုက်​တယ်။ ၁၅  အဲဒီ​နောက်  တာဝန်​ရထား​ရ​သူ​တွေ​က သုံ့​ပန်း​တွေ​ကို ခေါ်​သွား​ပြီး အဝတ်​မရှိ​သူ​တွေ​ကို တိုက်​ရာ​ပါ​ဥစ္စာ​ထဲ​က အဝတ်​တွေ ပေး​ဝတ်​တယ်။ ဖိ​နပ်​တွေ၊ အစား​အသောက်​တွေ၊ လိမ်း​စ​ရာ​ဆီ​တွေ ပေး​ကြ​တယ်။ အား​နည်း​ချည့်​နဲ့​သူ​တွေ​ကို မြည်း​တွေ​ပေါ် တင်​ပြီး စွန်​ပလွံ​မြို့​လို့​ခေါ်​တဲ့ ယေ​ရိ​ခေါ​မြို့​က ညီ​အစ်​ကို​တွေ​ဆီ ပြန်​ပို့​လိုက်​တယ်။ ပြီး​တော့ ရှမာရိ​မြို့​ကို ပြန်​သွား​ကြ​တယ်။ ၁၆  အဲဒီ​အချိန်​မှာ အာ​ခတ်​မင်း​က အဆီး​ရီး​ယား​ဘုရင်​တွေ​ကို  စစ်​ကူ​တောင်း​တယ်။+ ၁၇  ဧ​ဒုံ​လူ​တွေ​က​လည်း ယုဒ​ပြည်​ကို နောက်​တစ်​ကြိမ် ကျူး​ကျော်​တိုက်​ခိုက်​ပြီး သုံ့​ပန်း​တွေ ဖမ်း​ခေါ်​သွား​တယ်။ ၁၈  ဒါ့​အပြင် ဖိလိ​တိ​လူ​တွေ​က+ ယုဒ​ပြည် ရှ​ဖိ​လာ​အရပ်​နဲ့+ နေ​ဂပ်​အရပ်​မှာ​ရှိ​တဲ့ မြို့​တွေ​ကို စီး​နင်း​တိုက်​ခိုက်​ပြီး ဗက်ရှေ​မက်​မြို့၊+ အာ​ယ​လုန်​မြို့၊+ ဂေဒ​ရုတ်​မြို့၊ စော​ခေါ​မြို့​နဲ့ ပတ်​ဝန်း​ကျင်​မြို့​ငယ်​တွေ၊ တိ​မန​မြို့​နဲ့+ ပတ်​ဝန်း​ကျင်​မြို့​ငယ်​တွေ၊ ဂိမ​ဇော​မြို့​နဲ့ ပတ်​ဝန်း​ကျင်​မြို့​ငယ်​တွေ​ကို သိမ်း​ပိုက်​ပြီး အဲဒီ​မှာ နေ​ထိုင်​ကြ​တယ်။ ၁၉  အစ္စရေး​ဘုရင် အာ​ခတ်​ကြောင့် ယုဒ​ပြည်​သား​တွေ ကိုယ်​ကျင့်​တရား ပျက်​စီး​လာ​ပြီး ယေဟောဝါ​အပေါ်  အကြီး​အကျယ်  သစ္စာ​မဲ့​ကြ​တယ်။ ဒါ​ကြောင့် ယေဟောဝါ​က ယုဒ​ပြည်​ကို နှိမ့်​ချ​ခဲ့​တယ်။ ၂၀  နောက်​တော့  အဆီး​ရီး​ယား​ဘုရင် တိ​ဂလတ်​ပိ​နေ​သာ​က+ ချီ​တက်​လာ​ပြီး အာ​ခတ်​ကို ကူညီ​မယ့်​အစား ဒုက္ခ​ပေး​တော့​တယ်။+ ၂၁  အာ​ခတ်​လည်း ယေဟောဝါ​ရဲ့​အိမ်​တော်၊ ဘုရင်​နဲ့ မှူး​မတ်​တွေ​နေ​ထိုင်​တဲ့ နန်း​တော်​ထဲ​က ဥစ္စာ​ဘဏ္ဍာတွေ​ကို ယူ​ပြီး+ အဆီး​ရီး​ယား​ဘုရင်​ကို လက်​ဆောင်​ပဏ္ဏာ​ပေး​လိုက်​ပေမဲ့ ဘာ​မှ အကြောင်း​မထူး​ဘူး။ ၂၂  အာ​ခတ်​မင်း​က  အဲဒီ​လို ဒုက္ခ​ရောက်​နေ​တဲ့​အချိန်​မှာ ယေဟောဝါ​အပေါ် သစ္စာ​မဲ့​တဲ့​လုပ်​ရပ်​တွေ ပို​လုပ်​လာ​တယ်။ ၂၃  သူ​က “ဆီး​ရီး​ယား​ဘုရားတွေ​က ဆီး​ရီး​ယား​ဘုရင်​တွေ​ကို ကူညီ​တာ​ပဲ။ ငါ​လည်း အဲဒီ​ဘုရားတွေ​ကို ယဇ်​ပူ​ဇော်​မယ်​ဆို​ရင် ငါ့​ကို​ကူညီ​ပေး​မှာ​ပဲ”+ ဆို​ပြီး သူ့​ကို အရေး​နိမ့်​စေ​ခဲ့​တဲ့+ ဒ​မတ်​စ​ကတ်​မြို့​ရဲ့ ဘုရားတွေ​ကို ယဇ်​ပူ​ဇော်​တော့​တယ်။+  ဒါ​ပေမဲ့  အဲဒီ​ဘုရားတွေ​က သူ​နဲ့ အစ္စရေး​အားလုံး​ကို ကျ​ရှုံး​စေ​ခဲ့​တယ်။ ၂၄  ဒါ့​အပြင် အာ​ခတ်​ဟာ စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ အိမ်​တော်​ထဲ​က ပစ္စည်းတွေ​ကို စု​ပြီး အပိုင်း​ပိုင်း ဖြတ်​လိုက်​တယ်။+ ယေဟောဝါ​ရဲ့ အိမ်​တော်​တံခါး​တွေ​ကို​လည်း ပိတ်​ပြီး+ ဂျေရု​ဆ​လင်​မြို့ လမ်း​ဆုံ​လမ်း​ခွ​တိုင်း​မှာ သူ့​အတွက် ပူ​ဇော်ရာ​ပလ္လင်တွေ တည်​တယ်။ ၂၅  တ​ခြား​ဘုရားတွေ​ဆီ ယဇ်​တွေ မီး​ရှို့​ပူ​ဇော်​ဖို့ ယုဒ​မြို့​တွေ​မှာ  အထွတ်​အမြတ်​နေ​ရာတွေ တည်​တယ်။+ ဒီ​လို​နဲ့ ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ကို အမျက်​ထွက်​စေ​ခဲ့​တယ်။ ၂၆  အာ​ခတ်​ရဲ့  ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ လုပ်​ဆောင်​ခဲ့​တာ​တွေ အစ​အဆုံး​ကို ယုဒ​ဘုရင်​တွေ​နဲ့ အစ္စရေး​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​ကျမ်း​မှာ​ရေး​ထား​တယ်။+ ၂၇  နောက်​ပိုင်း​မှာ အာခတ်​ ကွယ်​လွန်​သွား​တဲ့​အတွက် ဂျေရု​ဆ​လင်​မြို့​မှာ သင်္ဂြိုဟ်​လိုက်​တယ်၊ အစ္စရေး​ဘုရင်​တွေ​ရဲ့ သင်္ချိုင်း​မှာ​တော့ မသင်္ဂြိုဟ်​ကြ​ဘူး။+ သား​တော်​ဟေ​ဇ​ကိ ထီး​နန်း​ဆက်​ခံ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ် “ဂေဟင်နာ” ကို​ကြည့်။