၂ ရာဇဝင်ချုပ် ၃၂:၁-၃၃

  • ဂျေရုဆလင်ကို သနာခရိပ် ခြိမ်းခြောက် (၁-၈)

  • ယေဟောဝါကို သနာခရိပ် အာခံ (၉-၁၉)

  • အဆီးရီးယားတပ်ကို ကောင်းကင်တမန် ကွပ်မျက် (၂၀-၂၃)

  • ဟေဇကိ ဖျားနာ၊ မောက်မာလာ (၂၄-၂၆)

  • ဟေဇကိရဲ့ အောင်မြင်မှု၊ သေဆုံး (၂၇-၃၃)

၃၂  အဲဒါတွေကို ဟေဇကိမင်း သစ္စာရှိရှိ လုပ်ဆောင်ပြီးတဲ့နောက်မှာ+ အဆီးရီးယားဘုရင် သနာခရိပ်က ယုဒပြည်ကို ကျူးကျော် ဝင်ရောက်လာတယ်။ မြို့ရိုးတွေကို ဖြိုဖျက်ပြီး သိမ်းပိုက်မယ်ဆိုတဲ့ အကြံနဲ့ ခံတပ်မြို့တွေကို ဝိုင်းထားတယ်။+ ၂  သနာခရိပ်မင်းက ဂျေရုဆလင်မြို့ကို တိုက်ခိုက်ဖို့ဆိုတဲ့အကြံနဲ့ ချီတက်လာမှန်း ဟေဇကိ သိတဲ့အခါ၊ ၃  မှူးမတ်တွေ၊ စစ်သည်တွေနဲ့ တိုင်ပင်ပြီးနောက် မြို့ပြင်က စမ်းရေတွင်းတွေကို ပိတ်ပစ်ဖို့  ဆုံးဖြတ်လိုက်တယ်။+ သူတို့လည်း ဟေဇကိကို ကူညီပေးကြတယ်။ ၄  လူအတော်များများ စုရုံးလာပြီး “အဆီးရီးယားဘုရင်တွေ လာတဲ့အခါ ရေမရအောင် လုပ်ရမယ်” ဆိုပြီးတော့ စမ်းရေတွင်းတွေ၊ အဲဒီဒေသမှာစီးဆင်းတဲ့ ချောင်းတွေကို ပိတ်ပစ်လိုက်ကြတယ်။ ၅  ဒါ့အပြင် ဟေဇကိမင်းက စိတ်ပိုင်းဖြတ်ပြီး ပြိုပျက်နေတဲ့ မြို့ရိုးတစ်ခုလုံးကို ပြန်တည်ဆောက်တယ်။ အဲဒီမြို့ရိုးပေါ်မှာ မျှော်စင်တွေ ဆောက်တယ်။ အပြင်မြို့ရိုးကို တည်ဆောက်ပြီး ဒါဝိဒ်မြို့ရဲ့ တောင်ကုန်းကို*+ ပြုပြင်တယ်။ လက်နက်တွေ၊ ဒိုင်းလွှားတွေလည်း အများကြီးလုပ်တယ်။ ၆  လူတွေကို ဦးဆောင်ဖို့ တပ်မှူးတွေ ခန့်အပ်ပြီးနောက် သူတို့ကို မြို့တံခါးမှာရှိတဲ့ လူထုရင်ပြင်မှာ စုရုံးပြီး၊ ၇  “ရဲစွမ်းသတ္တိရှိကြ။ အဆီးရီးယားဘုရင်နဲ့ သူ့လူအလုံးအရင်းကြောင့် မကြောက်ပါနဲ့။+ ငါတို့ဘက်မှာ ရှိသူတွေဟာ သူ့ဘက်မှာ ရှိသူတွေထက် ပိုများတယ်။+ ၈  သူ့ဘက်မှာ လူအင်အားပဲ ရှိတာ။ ငါတို့ဘက်မှာတော့ တိုက်ပွဲတွေကို ကူတိုက်ပေးမယ့် ငါတို့ရဲ့ဘုရား ယေဟောဝါရှိတယ်”+ ဆိုပြီး အားပေးတယ်။ လူတွေလည်း ယုဒဘုရင်ဟေဇကိရဲ့ စကားကြောင့် အားရှိလာကြတယ်။+ ၉  အဲဒီနောက် အဆီးရီးယားဘုရင် သနာခရိပ်က နောက်လိုက်ဗိုလ်ပါတွေနဲ့အတူ လာခိရှမြို့မှာ+ တပ်စွဲထားပြီး သူ့အမှုထမ်းတွေကို ဂျေရုဆလင်မြို့မှာရှိတဲ့ ယုဒဘုရင်ဟေဇကိနဲ့ ယုဒလူတွေဆီ စေလွှတ်လိုက်တယ်။+ သူ စကားပါးလိုက်တာက– ၁၀  “အဆီးရီးယားဘုရင် သနာခရိပ် မှာလိုက်တယ်။ ‘မင်းတို့က ဝိုင်းရံခံရတဲ့ ဂျေရုဆလင်မြို့မှာ ဘယ်သူ့အားကိုးနဲ့ ဆက်နေနေကြတာလဲ။+ ၁၁  ဟေဇကိမင်းက “ငါတို့ကို အဆီးရီးယားဘုရင်လက်ကနေ ယေဟောဝါဘုရား ကယ်တင်မယ်” လို့ပြောပြီး မင်းတို့ကို လှည့်ဖြားနေတာ။ မင်းတို့ အစာရေစာငတ်ပြတ်ပြီး သေသွားအောင် သူလုပ်နေတာ။+ ၁၂  မင်းတို့ဘုရားရဲ့ အထွတ်အမြတ်နေရာတွေ၊+ ပူဇော်ရာပလ္လင်တွေကို+ ဖယ်ရှားပစ်တာ၊ ယုဒပြည်သားတွေနဲ့ ဂျေရုဆလင်မြို့သားတွေကို “ပူဇော်ရာပလ္လင်တစ်ခုတည်းမှာပဲ မီးရှို့ပူဇော်ရမယ်။ အဲဒီရှေ့မှာပဲ ဦးညွှတ်ရမယ်” လို့ပြောတာ ဒီဟေဇကိပဲ မဟုတ်လား။+ ၁၃  ငါနဲ့ ငါ့ဘိုးဘေးတွေက တိုင်းနိုင်ငံအားလုံးကို ဘယ်လိုလုပ်ခဲ့မှန်း မင်းတို့ မသိဘူးလား။+ လူမျိုးတွေ ကိုးကွယ်တဲ့ ဘုရားတွေက သူတို့တိုင်းပြည်ကို ငါ့လက်ကနေ ကယ်တင်နိုင်ခဲ့လို့လား။+ ၁၄  ငါ့ဘိုးဘေးတွေ ချေမှုန်းခဲ့တဲ့ လူမျိုးတွေရဲ့ ဘုရားတွေထဲမှာ ဘယ်ဘုရားက သူ့လူမျိုးကို ကယ်တင်နိုင်လို့လဲ။ မင်းတို့ရဲ့ဘုရားကရော ငါ့လက်ကနေ  ကယ်တင်နိုင်မှာ  မို့လို့လား။+ ၁၅  ဒါကြောင့် အခုလို ဟေဇကိ လိမ်ညာလှည့်ဖြားနေတာကို မခံကြနဲ့။+ သူ့ကို မယုံကြနဲ့။ ဘယ်တိုင်းနိုင်ငံ၊ ဘယ်လူမျိုးရဲ့ဘုရားကမှ သူ့လူမျိုးကို ငါ့လက်ကနေ၊ ငါ့ဘိုးဘေးတွေရဲ့လက်ကနေ မကယ်တင်နိုင်ဘူး။ မင်းတို့ရဲ့ဘုရားဆိုရင် ပြောမနေနဲ့တော့။’”+ ၁၆  သနာခရိပ်ရဲ့ အမှုထမ်းတွေက စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါနဲ့ ကိုယ်တော့်ကျွန်  ဟေဇကိကို  ပိုလို့တောင် ကဲ့ရဲ့ကြတယ်။ ၁၇  အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ကဲ့ရဲ့စော်ကားတဲ့+ စာတွေကိုလည်း သူရေးတယ်။+ စာထဲမှာ “တိုင်းနိုင်ငံတွေရဲ့ ဘုရားတွေက သူ့လူမျိုးကို ငါ့လက်ကနေ မကယ်နိုင်သလိုပဲ+ ဟေဇကိရဲ့ဘုရားလည်း သူ့လူတွေကို ကယ်နိုင်မှာ မဟုတ်ဘူး” လို့ရေးထားတယ်။ ၁၈  သူတို့က မြို့ကို သိမ်းပိုက်ချင်တော့ မြို့ရိုးပေါ်မှာ ရှိနေတဲ့ ဂျေရုဆလင်မြို့သားတွေ ထိတ်လန့်ကြောက်ရွံ့သွားအောင် ဂျူးဘာသာစကားနဲ့ အကျယ်ကြီး အော်ပြောကြတယ်။+ ၁၉  မြေကြီးသားတွေရဲ့ဘုရား၊ လူ့လက်နဲ့လုပ်ထားတဲ့ ဘုရားတွေကို ကဲ့ရဲ့သလိုမျိုး ဂျေရုဆလင်မြို့ရဲ့ ဘုရားကို ကဲ့ရဲ့ပြောဆိုကြတယ်။ ၂၀  ဟေဇကိမင်းနဲ့ အာမွတ်ရဲ့သား  ပရောဖက်  ဟေရှာယကတော့+ အဲဒီကိစ္စနဲ့ပတ်သက်လို့ မပြတ်ဆုတောင်းပြီး ဘုရားသခင်ဆီ အကူအညီတောင်းတယ်။+ ၂၁  အဲဒီအခါ   ယေဟောဝါက ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး အဆီးရီးယားစစ်တပ်မှာရှိတဲ့ ခွန်အားကြီးစစ်သည်တွေ၊+ ခေါင်းဆောင်တွေ၊ တပ်မှူးတွေကို ကွပ်မျက်လိုက်တယ်။ ဒါကြောင့် သနာခရိပ်လည်း နေရင်းပြည်ကို အရှက်တကွဲနဲ့ ပြန်သွားတယ်။ နောက်တော့ သူကိုးကွယ်တဲ့ ဘုရားရဲ့ ဗိမာန်ထဲ ဝင်တဲ့အခါ  သားတော်တချို့က  သူ့ကို  အဲဒီမှာပဲ  လုပ်ကြံလိုက်တယ်။+ ၂၂  ဒီလိုနဲ့ ယေဟောဝါက ဟေဇကိနဲ့ ဂျေရုဆလင်မြို့သားတွေကို အဆီးရီးယားဘုရင် သနာခရိပ်နဲ့ တခြားရန်သူတွေလက်ကနေ  ကယ်တင်ပြီး အရပ်ရပ်မှာ  ငြိမ်သက်အေးချမ်းစေတယ်။ ၂၃  လူတွေလည်း ယေဟောဝါအတွက် အလှူတွေ၊ ယုဒဘုရင် ဟေဇကိအတွက်  တန်ဖိုးကြီးလက်ဆောင်တွေကို+ ဂျေရုဆလင်မြို့ဆီ ယူလာကြတယ်။ အဲဒီနောက်မှာတော့ ဟေဇကိမင်းကို လူမျိုးအားလုံး အင်မတန်လေးစားလာကြတယ်။ ၂၄  အဲဒီအချိန်မှာ ဟေဇကိမင်းဟာ သေလုမြောပါး ဖျားနေတယ်။ ဒါနဲ့ သူဆုတောင်းတဲ့အခါ+ ယေဟောဝါ အဖြေပေးတယ်။ နိမိတ်တစ်ခုလည်း ပေးတယ်။+ ၂၅  ဟေဇကိဟာ ခံစားရတဲ့ ကျေးဇူးတရားကို မသိတတ်ဘဲ စိတ်မောက်မာလာတယ်။ ဒါကြောင့် သူ့ကိုရော၊ ယုဒပြည်သားတွေနဲ့ ဂျေရုဆလင်မြို့သားတွေကိုပါ ဘုရားသခင် အမျက်ထွက်တယ်။ ၂၆  ဒါပေမဲ့ ဟေဇကိရော ဂျေရုဆလင်မြို့သားတွေပါ စိတ်နှိမ့်ချလာတဲ့အတွက်+ သူ့လက်ထက်မှာ ယေဟောဝါရဲ့  အမျက်တော်  မကျရောက်ဘူး။+ ၂၇  ဟေဇကိမင်းဟာ  စည်းစိမ်ကြွယ်ဝပြီး ဘုန်းတန်ခိုး ကြီးမားလာတယ်။+ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ဗာလစံဆီမွှေး၊ ဒိုင်းလွှားနဲ့ အဖိုးတန်ပစ္စည်းတွေထားဖို့ သိုလှောင်ရုံတွေ ဆောက်တယ်။+ ၂၈  ကောက်နှံ၊ စပျစ်ဝိုင်အသစ်နဲ့ ဆီတွေထားဖို့ သိုလှောင်ရုံတွေကိုလည်း တည်ဆောက်တယ်။ ဒါ့အပြင် တိရစ္ဆာန်အမျိုးမျိုးအတွက် တင်းကုပ်တွေ၊ သိုးအုပ်တွေအတွက် သိုးခြံတွေ ဆောက်တယ်။ ၂၉  ဘုရားသခင်က ပစ္စည်းဥစ္စာတွေ အမြောက်အမြား ပေးသနားတဲ့အတွက် ဟေဇကိက မြို့တွေတည်တဲ့အပြင် သိုးနွားတိရစ္ဆာန်တွေလည်း  အမြောက်အမြား မွေးမြူတယ်။ ၃၀  ဂိဟုန်စမ်းရေရဲ့+ အထက်ရေလွှဲပေါက်ကို+ ပိတ်ပြီး ဒါဝိဒ်မြို့အနောက်ဘက်ကို ရေလွှဲချလိုက်တယ်။+  ဟေဇကိလုပ်သမျှ အောင်မြင်တယ်။ ၃၁  တိုင်းပြည်မှာဖြစ်ပျက်ခဲ့တဲ့ နိမိတ်အကြောင်း+ စုံစမ်းဖို့  ဗာဗုလုန်မှူးမတ်တွေရဲ့  ကိုယ်စားလှယ်တွေ  ရောက်လာတဲ့အခါမှာတော့+ ဘုရားသခင်က ဟေဇကိကို စမ်းသပ်ချင်လို့၊+ သူ့စိတ်ထဲရှိသမျှသိချင်လို့+ သူ့သဘောအတိုင်း လုပ်ခွင့်ပေးလိုက်တယ်။ ၃၂  ဟေဇကိရဲ့ကျန်တဲ့  သမိုင်းကြောင်းတွေ၊ ခိုင်မြဲတဲ့မေတ္တာပါလုပ်ရပ်တွေကို+ အာမွတ်ရဲ့သား ပရောဖက်ဟေရှာယရဲ့+  စိတ်အာရုံမှတ်တမ်းမှာ၊ ယုဒနဲ့အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်ကျမ်းမှာ  ရေးထားတယ်။+ ၃၃  နောက်ပိုင်းမှာ ဟေဇကိ ကွယ်လွန်သွားတဲ့အတွက်  ဒါဝိဒ်သားမြေးတွေရဲ့ သင်္ချိုင်းမြေထဲက တောင်စောင်းမှာ သင်္ဂြိုဟ်ကြတယ်။+ သူကွယ်လွန်ချိန်မှာ ဂျေရုဆလင်မြို့သားတွေ၊ ယုဒပြည်သားတွေက  သူ့ကိုဂုဏ်ပြုကြတယ်။ သားတော် မနာရှေ ထီးနန်းဆက်ခံတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “မိလော။” မြေဖို့ထားတဲ့နေရာလို့ အဓိပ္ပာယ်ရှိတဲ့ ဟီဘရူးစကားလုံး။