၂ ရာဇဝင်ချုပ် ၃၄:၁-၃၃

  • ယုဒ​ဘု​ရင် ယော​ရှိ (၁၊ ၂)

  • ယော​ရှိ ပြု​ပြင်​ပြောင်း​လဲ​မှု လုပ် (၃-၁၃)

  • ပညတ်​ကျမ်း​လိပ်​ကို ရှာ​တွေ့ (၁၄-၂၁)

  • ဘေး​ဆိုး​ကြုံ​မယ်​လို့ ဟု​လ​ဒ ကြို​ဟော (၂၂-၂၈)

  • ယော​ရှိ ကျမ်း​လိပ်​ဖတ်​ပြ (၂၉-၃၃)

၃၄  ယော​ရှိ+ နန်း​တက်​ချိန်​မှာ အ​သက်​ရှစ်​နှစ်​ရှိ​ပြီ။ ဂျေရု​ဆ​လင်​မြို့​မှာ ၃၁ နှစ် စိုး​စံ​တယ်။+ ၂  ယော​ရှိ​က ယေဟောဝါ​ရှေ့​မှာ မှန်​ရာ​ကို​လုပ်​ပြီး ဘိုး​ဘေး​ဒါဝိဒ်​ရဲ့ လမ်း​စဉ်​အတိုင်း လိုက်​တယ်။ ဘယ်​ညာ မလွဲ​သွား​ဘူး။ ၃  ယော​ရှိ​က လူငယ်​လေး​ဖြစ်​ပေမဲ့ နန်း​စံ ၈ နှစ်​မှာ ဘိုး​ဘေး​ဒါဝိဒ်​ရဲ့ ဘုရား​သခင်​ကို စတင်​ရှာ​ဖွေ​တယ်။+ နန်း​စံ ၁၂ နှစ်​မှာ ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​က အထွတ်​အမြတ်​နေ​ရာတွေ၊+ ကိုးကွယ်​ရာ​သစ်​တိုင်​တွေ၊*  ရုပ်​တု​တွေ​ကို+ စတင်​ဖယ်​ရှား​တယ်။+ ၄  ဗာလ​ဘုရား​ရဲ့ ယဇ်​ပလ္လင်တွေ ဖြို​ချ​တာ​ကို သူ​ကိုယ်​တိုင်  လိုက်​ကြည့်​တယ်။ ပလ္လင်တွေ​ပေါ်​က နံ့​သာ​ပေါင်း မီး​ရှို့​ရာ​စင်​တွေ​ကို​လည်း ကိုယ်​တိုင်​ခုတ်​လှဲ​တယ်။ ကိုးကွယ်​ရာ​သစ်​တိုင်​တွေ၊ ရုပ်​တု​တွေ​ကို အပိုင်း​ပိုင်း​ချိုး​ပြီး အမှုန့်​ချေ​ပစ်​တယ်။ ပြီး​တော့ အဲဒီ​ရုပ်​တု​တွေ​ဆီ ပူ​ဇော်​သက္ကာ ဆက်​သလေ့​ရှိ​သူ​တွေ​ရဲ့ သင်္ချိုင်း​ပေါ်​မှာ ကြဲ​လိုက်​တယ်။+ ၅  ပု​ရော​ဟိတ်​တွေ​ရဲ့ အရိုး​တွေ​ကို သူတို့​တည်​ခဲ့​တဲ့ ပလ္လင်တွေ​ပေါ်​မှာ​ပဲ မီး​ရှို့​တယ်။+ ဒီ​လို​နဲ့ ယော​ရှိ​က ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​ကို သန့်​စင်​စေ​တယ်။ ၆  ဒါ့​အပြင် ယော​ရှိ​က မနာ​ရှေ၊ ဧဖ​ရိမ်၊+ ရှိ​မောင်​နဲ့ န​ဿလိ​နယ်​မြေတွေ​ထဲ​မှာ​ရှိ​တဲ့ မြို့​တွေ၊ အဲဒီ​မြို့​တွေ​ဝန်း​ကျင်​က ပျက်​စီး​နေ​တဲ့​နေ​ရာတွေ​မှာ၊ ၇  ယဇ်​ပလ္လင်တွေ​ကို ဖြို​ချ​ပြီး ကိုးကွယ်​ရာ​သစ်​တိုင်​တွေ၊* ရုပ်​တု​တွေ​ကို+ အမှုန့်​ချေ​ပစ်​တယ်။ အစ္စရေး​တစ်​ပြည်​လုံး​မှာ​ရှိ​တဲ့ နံ့​သာ​ပေါင်း မီး​ရှို့​ရာ​စင်​အားလုံး​ကို ခုတ်​လှဲ​ပြီး​နောက်+ ဂျေရု​ဆ​လင်​မြို့​ကို ပြန်​လာ​တယ်။ ၈  တိုင်း​ပြည်​နဲ့ ဗိမာန်​တော်​ကို သန့်​စင်​အောင်​လုပ်​ပြီး​ချိန် နန်း​စံ ၁၈ နှစ်​မှာ ယော​ရှိ​က အာ​ဇ​လိ​ရဲ့​သား ရှာ​ဖန်၊+ မြို့​ဝန် မာ​သေယ၊ ယော​ခတ်​ရဲ့​သား အတွင်း​ဝန်​ယော​အာ​တို့​ကို ယေဟောဝါ​ဘုရား​ရဲ့ အိမ်​တော်​ကို ပြု​ပြင်​ဖို့ စေ​လွှတ်​လိုက်​တယ်။+ ၉  သူတို့​က ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ​ဆီ လာ​ပြီး ဘုရား​သခင့်​အိမ်​တော်​အတွက် ယူ​လာ​တဲ့​ငွေ​ကို ပေး​ကြ​တယ်။ အဲဒီ​ငွေ​ကို မနာ​ရှေ၊  ဧဖ​ရိမ်​နဲ့ ကျန်​တဲ့​အစ္စရေး​တွေ၊+ ယုဒ​နဲ့ ဗင်​ယာ​မိန်​အမျိုး​သား​တွေ၊ ဂျေရု​ဆ​လင်​မြို့​သား​တွေ​ဆီ​က​နေ  လေ​ဝိအမျိုး​သား​တံခါး​စောင့်​တွေ ကောက်​ခံ​ထား​တာ။ ၁၀  အဲဒီ​ငွေ​ကို ယေဟောဝါ​ရဲ့ အိမ်​တော်​လုပ်ငန်း ကြီး​ကြပ်​ရ​သူ​တွေ​လက်​ထဲ အပ်​လိုက်​တယ်။ ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ အလုပ်​လုပ်​တဲ့​သူ​တွေ​က အိမ်​တော်​ပြု​ပြင်​မွမ်း​မံ​ဖို့ အဲဒီ​ငွေ​ကို အသုံး​ပြု​ကြ​တယ်။ ၁၁  ဆစ်​ထား​တဲ့​ကျောက်​တွေ၊  ထောက်​တိုင်​တွေ​အတွက် သစ်​သား​တွေ၊ ယုဒ​ဘုရင်​တွေ​ကြောင့် ပျက်​စီး​ခဲ့​တဲ့​အဆောင်​တွေ​ကို ပြန်​ဆောက်​ဖို့ ထုပ်​တန်း​တွေ ဝယ်​နိုင်​အောင်  လက်​မှု​ပညာ​သည်​တွေ​နဲ့ ဆောက်​လုပ်​ရေး​လုပ်​သား​တွေ​ဆီ အဲဒီ​ငွေ ပေး​လိုက်​တယ်။+ ၁၂  သူတို့  သစ္စာ​ရှိ​ရှိ​လုပ်​ကြ​တယ်။+ လေ​ဝိအမျိုး​သား မေရာ​ရိ​ရဲ့​သား​မြေး+ ယာ​ဟတ်​နဲ့ သြဗ​ဒိ၊ ကော​ဟတ်​ရဲ့​သား​မြေး+ ဇာခရိ​နဲ့ မေရှု​လံ​တို့​က သူတို့​ကို ကြီး​ကြပ်​ရ​တယ်။ ဂီ​တ​ပညာရှင်​တွေ​ဖြစ်တဲ့+ လေ​ဝိအမျိုး​သား​တွေ​က၊ ၁၃  အထမ်း​သမား​တွေ​နဲ့ အလုပ်​ခွင်​အသီး​သီး​မှာ​ရှိ​တဲ့ အလုပ်​သမား​တွေ​ကို ကြီး​ကြပ်​ရ​တယ်။ လေ​ဝိအမျိုး​သား​တ​ချို့​က စာ​ရေး၊ အရာ​ရှိ၊ တံခါး​စောင့်​တွေ လုပ်​ရ​တယ်။+ ၁၄  ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ လူ​တွေ​ထည့်​ထား​တဲ့ အလှူ​ငွေ​ကို ထုတ်​ယူ​တဲ့​အခါ+  မော​ရှေ​က​တစ်ဆင့်​ပေး​ခဲ့​တဲ့+ ယေဟောဝါ​ရဲ့ ပညတ်​ကျမ်း​ကို ပု​ရော​ဟိတ်​ဟိ​လ​ခိ တွေ့​လိုက်​တယ်။+ ၁၅  ဒါ​နဲ့ ဟိ​လ​ခိ​က “ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ ဒီ​ပညတ်​ကျမ်း​ကို တွေ့​တယ်” ဆို​ပြီး စာ​ရေး​တော်​ရှာ​ဖန်​ကို အပ်​တယ်။ ၁၆  ရှာ​ဖန်​က အဲဒီ​ကျမ်း​ကို ဘု​ရင့်​ဆီ ယူ​လာ​ပြီး “အရှင်​မင်း​ကြီး၊ ကျွန်​တော်​တို့​အားလုံး  ရထား​တဲ့​တာဝန်​ကို  လုပ်​ဆောင်​နေ​ပါ​တယ်။ ၁၇  ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ​ရှိ​တဲ့ ငွေ​ကို ထုတ်​ယူ​ပြီး အလုပ်​ကြီး​ကြပ်​သူ​တွေ၊ အလုပ်​သမား​တွေ​လက်​ထဲ အပ်​လိုက်​ပါ​ပြီ” လို့​လျှောက်​တင်​တယ်။ ၁၈  ပြီး​တော့ “ပု​ရော​ဟိတ်​ဟိ​လ​ခိ​က ကျွန်​တော့်​ကို ဒီ​ကျမ်း​လိပ် ပေး​လိုက်​ပါ​တယ်”+ လို့ လျှောက်​တင်​ပြီး​နောက် ဘု​ရင့်​ရှေ့​မှာ ကျမ်း​လိပ်​ကို ဖတ်​ပြတယ်။+ ၁၉  ပညတ်​ကျမ်း​မှာ​ပါ​တဲ့ စကား​တွေ​ကို ကြား​တာ​နဲ့ ယော​ရှိ​က ကိုယ့်​အဝတ်​ကို ဆွဲ​ဆုတ်​တယ်။+ ၂၀  အဲ​ဒီ​နောက် ဟိ​လ​ခိ၊ ရှာ​ဖန်​ရဲ့​သား အဟိ​ကံ၊+ မိက္ခာ​ရဲ့​သား အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်၊ မင်း​မှု​ထမ်း အသာ​ယ​တို့​ကို၊ ၂၁  “အခု​တွေ့​တဲ့ ကျမ်း​လိပ်​ထဲ​မှာ​ပါ​တဲ့ စကား​တွေ​နဲ့​ပတ်​သက်​လို့ ငါ့​အတွက်၊ အစ္စရေး​နဲ့​ယုဒ​ပြည်​မှာ ကျန်​နေ​သေး​သူ​တွေ​အတွက်  ယေဟောဝါ​ဘုရား​ကို သွား​မေး​မြန်း​ပါ။ ဘိုး​ဘေး​တွေ​က ယေဟောဝါ​ရဲ့​စကား​အတိုင်း မလုပ်​ဆောင်​ခဲ့​ဘူး။ ဒီ​ကျမ်း​လိပ်​မှာ​ပါ​တဲ့ စကား​တွေ​ကို မလိုက်​နာ​ခဲ့​ဘူး။ ဒါ​ကြောင့် ငါ​တို့​ကို ယေဟောဝါ အကြီး​အကျယ် အမျက်​ထွက်​တော့​မှာ​ပဲ”+ လို့​အမိန့်​ပေး​တယ်။ ၂၂  ဒါ​နဲ့ ဟိ​လ​ခိ​က ယော​ရှိ​စေ​လွှတ်​သူ​တွေ​နဲ့​အတူ ပရော​ဖက်​မ+ ဟု​လ​ဒ​ဆီ သွား​တယ်။ ဟု​လ​ဒ​က ဟ​ရ​ဟတ်​ရဲ့​မြေး၊  တိ​က​ဝ​ရဲ့​သား  အဝတ်​ခန်း​တာဝန်​ခံ ရှ​လုံ​ရဲ့​ဇနီး ဖြစ်​ပြီး ဂျေရု​ဆ​လင်​မြို့​ရဲ့ ကွက်​သစ်​မှာ နေ​ထိုင်​တယ်။ သူတို့ အကျိုး​အကြောင်း ပြော​ပြတဲ့​အခါ၊+ ၂၃  ဟု​လ​ဒ​က “အစ္စရေး​တို့​ရဲ့​ဘုရား  ယေဟောဝါ  မိန့်မှာ​တယ်– ‘မင်း​တို့​ကို လွှတ်​လိုက်​တဲ့​သူ​ကို ပြန်​ပြော​လိုက်​ပါ။ ၂၄  “ယေဟောဝါ​ပြော​တာ​က  ‘ဒီ​မြို့​နဲ့ မြို့​သား​တွေ​အပေါ် ငါ ဘေး​ဆိုး​ကျ​ရောက်​စေ​မယ်။+ ယုဒ​ဘုရင်​ရှေ့​မှာ​ဖတ်​တဲ့ ကျမ်း​လိပ်​ထဲ​က ကျိန်​စာ​တွေ​အတိုင်း သူတို့​ကြုံ​ရ​လိမ့်​မယ်။+ ၂၅  သူတို့​က ငါ့​ကို​စွန့်​ပြီး+ တ​ခြား​ဘုရားတွေ​ဆီ ပူ​ဇော်​သက္ကာတွေ မီး​ရှို့​ပူ​ဇော်​တယ်။ သူတို့​လက်​နဲ့ လုပ်​တဲ့​အရာတွေ​ကို ကိုးကွယ်​ပြီး ငါ့​ကို စိတ်​ဆိုး​စေ​တယ်။+ ဒါ​ကြောင့် ဒီ​မြို့​အပေါ် မငြိမ်း​နိုင်တဲ့ အမျက်​တော်​မီး လောင်​လိမ့်​မယ်။’”+ ၂၆  ယေဟောဝါ​ကို မေး​မြန်း​ဖို့ စေ​လွှတ်​လိုက်​တဲ့ ယုဒ​ဘုရင်​ကို ပြန်​ပြော​လိုက်​ပါ။ “အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​ပြော​တာ​က ‘မင်း​ကြား​ရ​တဲ့ စကား​တွေ​နဲ့ ပတ်​သက်​လို့၊+ ၂၇  ငါ​ယေဟောဝါ ပြော​မယ်– ဒီ​မြို့​နဲ့​မြို့​သား​တွေ​နဲ့​ပတ်​သက်​တဲ့ ဘုရား​သခင်​ရဲ့ စီရင်​ချက်​ကို ကြား​တဲ့​အခါ မင်း စိတ်​ထိ​ခိုက်​ပြီး ကိုယ့်​ကိုယ်​ကိုယ် နှိမ့်​ချ​ခဲ့​တယ်။ ကိုယ်​ကို နှိမ့်​ချ​တဲ့​အပြင် အဝတ်​ကို ဆွဲ​ဆုတ်​ပြီး ငါ့​ရှေ့​မှာ ငို​ကြွေး​ခဲ့​တယ်။ ဒါ​ကို ငါ​ကြား​တယ်။+ ၂၈  ဒါ​ကြောင့် မင်း​ဟာ ဘိုး​ဘေး​တွေ စု​ဝေး​ရာ​ကို ရောက်​သွား​လိမ့်​မယ်။* သင်္ချိုင်း​ဂူ​မှာ အေး​အေး​ချမ်း​ချမ်း လဲ​လျောင်း​ရ​လိမ့်​မယ်။ ဒီ​မြို့​နဲ့ မြို့​သား​တွေ​အပေါ် ငါ​ကျ​ရောက်​စေ​မယ့် ဘေး​ဆိုး​တွေ​ကို မြင်​ရ​မှာ မဟုတ်​ဘူး’”’”+ လို့ပြော​တယ်။ ဒါ​နဲ့  သူတို့​က  ယော​ရှိ​မင်း​ကိုအ​ကြောင်း​စုံ  ပြန်​လျှောက်​တင်​တယ်။ ၂၉  ယော​ရှိ​မင်း​က ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​မှာ​ရှိ​တဲ့  အကြီး​အကဲ​တွေ​ကို လူ​လွှတ်​ပြီး ဆင့်​ခေါ်​လိုက်​တယ်။+ ၃၀  အဲဒီ​နောက် ယုဒ​အမျိုး​သား​တွေ၊ ဂျေရု​ဆ​လင်​မြို့​သူ​မြို့​သား​တွေ၊ ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ၊ လူ​ကြီး​လူငယ်​တွေ​အားလုံး ယေဟောဝါ​ရဲ့  အိမ်​တော်​ကို တက်​သွား​တယ်။ ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ တွေ့​ခဲ့​တဲ့ ပဋိ​ညာဉ်​ကျမ်း​လိပ်​ထဲ​က  စကား​တွေ​ကို အားလုံး​ကြား​အောင် ဖတ်​ပြတယ်။+ ၃၁  ပြီး​တော့ ယော​ရှိ​မင်း​က ယေဟောဝါ​နောက်​ကို လိုက်​ပါ့​မယ်၊ ဒီ​ကျမ်း​လိပ်​ထဲ​က ပဋိ​ညာဉ်​စကား​တွေ​အတိုင်း လုပ်​ဆောင်​ပါ့​မယ်၊+ ဒီ​နည်း​နဲ့ ပညတ်​ချက်​တွေ၊ သတိ​ပေး​ချက်​တွေ၊ စည်း​မျဉ်း​တွေ​ကို စိတ်​စွမ်း​ရှိ​သမျှ၊ ကိုယ်​စွမ်း​ရှိ​သမျှ လိုက်​နာ​ပါ့​မယ်​လို့+ သူ့​နေ​ရာ​မှာ ရပ်​ပြီး ယေဟောဝါ​ရှေ့ ကတိ​သစ္စာ​ပြု​တယ်။+ ၃၂  ဒါ့​အပြင် ဂျေရု​ဆ​လင်​မြို့​နဲ့ ဗင်ယာ​မိန်​နယ်​မြေမှာ ရှိ​သူ​တွေ​ကို အဲဒီ​ပဋိ​ညာဉ်​အတိုင်း လိုက်​နာ​ဖို့ တိုက်​တွန်း​တယ်။ ဂျေရု​ဆ​လင်​မြို့​သား​တွေ​လည်း  ဘိုးဘေး​တို့​ကိုးကွယ်​တဲ့ ဘုရား​သခင်​ရဲ့ ပဋိ​ညာဉ်​အတိုင်း လုပ်​ဆောင်​ကြ​တယ်။+ ၃၃  ယော​ရှိ​က ရွံ​ရှာ​ဖွယ်​ရုပ်​တု ရှိ​သမျှ​ကို အစ္စရေး​နယ်​မြေအားလုံး​က​နေ ဖယ်​ရှား​တယ်။+ အစ္စရေး​တွေ​ကို​လည်း ယေဟောဝါ​ဘုရား​ကို ဝတ်​ပြု​ဖို့ တိုက်​တွန်း​တယ်။ သူတို့​က သူ့​လက်​ထက် တစ်​လျှောက်​လုံး​မှာ ဘိုး​ဘေး​တို့​ရဲ့​ဘုရား ယေဟောဝါ​နောက်​ကို လမ်း​မလွဲ​ဘဲ လိုက်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
သေဆုံး​တာ​ကို တင်​စား​တဲ့ အသုံး​အနှုန်း။