၂ ရာဇဝင်ချုပ် ၃၅:၁-၂၇

  • ပသခါ​ပွဲ​ကြီး​ကျင်း​ပဖို့ ယော​ရှိ​စီ​စဉ် (၁-၁၉)

  • ဖာ​ရော​နေ​ခေါ​ကြောင့် ယော​ရှိ​သေဆုံး (၂၀-၂၇)

၃၅  ယော​ရှိ​မင်း​က ဂျေရု​ဆ​လင်​မြို့​မှာ​ယေဟော​ဝါ​အတွက် ပသ​ခါ​ပွဲ ကျင်း​ပတယ်။+ တစ်​လ​ပိုင်း၊ ၁၄ ရက်​နေ့​မှာ+ ပသခါ​ပူ​ဇော်​သက္ကာ​ကို သတ်​ကြ​တယ်။+ ၂  ယော​ရှိ​မင်း​က ပု​ရော​ဟိတ်​တွေ​ကို တာဝန်​တွေ ပေး​အပ်​ပြီး ယေဟောဝါ​ရဲ့​အိမ်​တော်​မှာ အမှု​ဆောင်​ကြ​ဖို့ အား​ပေး​တယ်။+ ၃  အစ္စရေး​တွေ​ကို  သွန်သင်​ပေး​သူ​တွေ၊+ ယေဟောဝါ​အတွက် သန့်​ရှင်း​သူ​တွေ​ဖြစ်​တဲ့  လေ​ဝိအမျိုး​သား​တွေ​ကို​လည်း “သန့်​ရှင်း​တဲ့​သေတ္တာ​တော်​ကို ခင်​ဗျား​တို့ ထမ်း​သွား​စ​ရာ မလို​တော့​ဘူး၊+ အစ္စရေးဘုရင်  ဒါဝိဒ်​ရဲ့​သား ရှောလ​မုန်​ဆောက်​ခဲ့​တဲ့ အိမ်​တော်​မှာ​ပဲ ထား​ကြ​ပါ။+ အခု​က​စ​ပြီး ယေဟောဝါ​ဘုရား​နဲ့ အစ္စရေး​လူမျိုး​အတွက် အမှု​ဆောင်​ကြ။ ၄  အစ္စရေး​ဘုရင် ဒါဝိဒ်​နဲ့ သား​တော် ရှော​လ​မုန်​ရဲ့ ညွှန်​ကြား​ချက်​အရ  ဆွေ​မျိုး​စု​အလိုက်၊ အုပ်​စု​တွေ​အလိုက် အသင့်​ရှိ​နေ​ကြ​ပါ။+ ၅  လေဝိ​အမျိုး​သား​တွေ​က ကိုယ့်​ညီ​အစ်​ကို​တွေ​ဖြစ်​တဲ့ အစ္စရေး​လူ​တွေ​ရဲ့ ဆွေ​မျိုး​စု​တစ်​စု​စီ​အတွက် အမှု​ဆောင်​နိုင်​ဖို့ သန့်​ရှင်း​ရာ​ဌာန​တော်​ထဲ ဝင်​လာ​ပြီး ဆွေ​မျိုး​စု​အလိုက်၊ အုပ်​စု​အလိုက် ရပ်​နေ​ရ​မယ်။ ၆  ပသခါ​ပူ​ဇော်​သက္ကာ​ကို သတ်​ပြီး+ ကိုယ်​ကို သန့်​စင်​စေ​ကြ။ မော​ရှေ​က​တစ်ဆင့် ယေဟောဝါ​ဘုရား ပြော​ခဲ့​တဲ့​အတိုင်း လုပ်​ဆောင်​ဖို့ ကိုယ့်​ညီ​အစ်​ကို​တွေ​အတွက် ပြင်​ဆင်​ပေး​ကြ​ပါ” ဆို​ပြီး မှာ​တယ်။ ၇  ပြီး​တော့ ယော​ရှိ​မင်း​က လူ​တွေ​အတွက် တိရစ္ဆာန်​အုပ်​တွေ လှူ​တယ်။ အဲဒီ​မှာ​ရှိ​တဲ့ လူ​တွေ ပသခါ​ပူ​ဇော်​သက္ကာ ဆက်​သဖို့ သူ​ပိုင်​တဲ့ သိုး​ထီး​လေး​နဲ့ ဆိတ်​ထီး​လေး ၃၀,၀၀၀၊ နွား ၃,၀၀၀ ကို ပေးလှူ​တယ်။+ ၈  မှူး​မတ်​တွေ​က​လည်း လူ​တွေ၊ ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ​အတွက် ပူ​ဇော်​သက္ကာတွေ​ကို စေ​တ​နာ​စိတ်​နဲ့ ပေး​လှူ​ကြ​တယ်။ စစ်​မှန်​တဲ့ ဘုရား​သခင့်​အိမ်​တော်​ရဲ့ ခေါင်း​ဆောင်​တွေ​ဖြစ်​တဲ့ ဟိ​လ​ခိ၊+ ဇာခရိ၊ ယေ​ဟေ​လ​တို့​က ပု​ရော​ဟိတ်​တွေ​အတွက် ပသခါ​ပူ​ဇော်​သက္ကာ ၂,၆၀၀ နဲ့ နွား ၃၀၀ ကို ပေး​တယ်။ ၉  လေ​ဝိအမျိုး​သား ခေါင်း​ဆောင်​တွေ​ဖြစ်​တဲ့ ကော​န​နိ၊ သူ့​ညီ ရှေ​မာ​ယ​နဲ့ နာသ​နေ​လ၊ ဟာ​ရှ​ဘိ၊ ယေ​ယေ​လ၊ ယော​ဇ​ဗတ်​တို့​က လေ​ဝိအမျိုး​သား​တွေ​အတွက် ပသခါ​ပူ​ဇော်​သက္ကာ ၅,၀၀၀ နဲ့ နွား ၅၀၀ ကို ပေး​တယ်။ ၁၀  ဒီ​နည်း​နဲ့ ပွဲ​တော်​အတွက်​ပြင်​ဆင်​ကြ​တယ်။ ဘုရင်​မိန့်မှာ​တဲ့​အတိုင်း​ ပုရော​ဟိတ်​တွေ​က ကိုယ့်​နေ​ရာ​မှာ ရပ်​နေ​ပြီး လေ​ဝိအမျိုး​သား​တွေ​လည်း အုပ်​စု​အလိုက်+ ရပ်​နေ​ကြ​တယ်။ ၁၁  ပြီး​တော့ ပသခါ​ပူ​ဇော်​သက္ကာတွေ​ကို သတ်​ကြ​တယ်။+ လေ​ဝိအမျိုး​သား​တွေ​အ​ရေ​ခွံ​ဆုတ်​နေ​ချိန်​မှာ+ ပု​ရော​ဟိတ်​တွေ​က သူတို့​ဆီ​က​ရ​တဲ့ သွေး​ကို ပူဇော်​ရာ​ပလ္လင်​ပေါ်  ဖျန်း​တယ်။+ ၁၂  အဲဒီ​နောက် ဆွေ​မျိုး​စု​အလိုက်​ရပ်​နေ​တဲ့ လူ​တွေ​ကို ဝေ​ပေး​နိုင်​ဖို့ မီး​ရှို့​ရာ​အလှူ​တွေ ပြင်​ဆင်​တယ်၊ ဒါ​မှ မော​ရှေ​ရဲ့​ကျမ်း​မှာ ပါ​တဲ့​အတိုင်း ယေဟောဝါ​ဆီ ဆက်​သနိုင်​မယ်။ နွား​တွေ​ကို​လည်း အဲဒီ​အတိုင်း ပြင်​ဆင်​တယ်။ ၁၃  ပြီး​တော့  ပသခါ​အလှူ​ကို  ထုံး​စံ​အတိုင်း  မီး​နဲ့​ချက်​တယ်။*+ သန့်​ရှင်း​တဲ့​အလှူ​တွေ​ကို အိုး​တွေ၊ ဒယ်​အိုး​ဒယ်​ပြား​တွေ​မှာ ချက်​ပြုတ်​ပြီး​နောက် လူ​တွေ​ကို ခပ်​သွက်​သွက် ဝေ​ပေး​ကြ​တယ်။ ၁၄  အဲဒီ​နောက် လေဝိ​အမျိုး​သား​တွေ​က ကိုယ်​တိုင်​နဲ့ ပုရော​ဟိတ်​တွေ​အတွက် ပြင်​ဆင်​တယ်။ အာ​ရုန်​ရဲ့​သား​မြေး ပု​ရော​ဟိတ်​တွေ​က မီး​ရှို့​ရာ ပူ​ဇော်​သက္ကာတွေ​နဲ့ အဆီ​တွေ​ကို ည​အထိ ပူ​ဇော်​နေ​ရ​တဲ့​အတွက် အဲဒီ​လို ပြင်​ဆင်​ပေး​ရ​တာ ဖြစ်​တယ်။ ၁၅  အာ​သပ်​ရဲ့​သား​မြေး+ သီချင်း​သည်​တွေ​က  ဒါဝိဒ်၊+  အာ​သပ်၊+ ဟေမန်၊​ ဘုရင်​ကို စိတ်​အာ​ရုံ​အသိ​ပေး​ရ​တဲ့ ယေဒု​သုန်​တို့​ရဲ့+  ညွှန်​ကြား​ချက်​အတိုင်း ကိုယ့်​နေ​ရာ​မှာ ရှိ​နေ​တယ်။ တံခါး​စောင့်​တွေ​က​လည်း တံခါး​တိုင်း​မှာ စောင့်​နေ​တယ်။+ သူတို့​ရဲ့​ညီ​အစ်​ကို လေ​ဝိအမျိုး​သား​တွေ​က ပြင်​ဆင်​ပေး​တဲ့​အတွက် ကိုယ်​တာဝန်​ကျ​တဲ့ နေ​ရာ​က​နေ ထွက်​သွား​စ​ရာ မလို​ဘူး။ ၁၆  ဒီ​လို​နဲ့ ယောရှိ​မင်း​ရဲ့ အမိန့်​အတိုင်း ပသခါ​ပွဲ ကျင်း​ပဖို့၊+ ယေဟောဝါ​ရဲ့ ပူဇော်​ရာ​ပလ္လင်​ပေါ် မီး​ရှို့​ရာ​အလှူ​တွေ ပူ​ဇော်​ဖို့ ယေဟောဝါ တောင်း​ဆို​ထား​သမျှ​ကို အဲဒီ​နေ့​မှာ ပြင်​ဆင်​ပြီး​သွား​တယ်။+ ၁၇  အဲဒီ​အချိန်​မှာ ရောက်​ရှိ​နေ​တဲ့ အစ္စရေး​တွေ​က ပသခါ​ပွဲ​တော်​ကို ကျင်း​ပပြီး တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​လည်း ခု​နစ်​ရက်​ကြာ ကျင်း​ပတယ်။+ ၁၈  အဲဒီ​လို​ပသခါ​ပွဲ​မျိုး​ကို ပရော​ဖက်​ရှ​မွေ​လ လက်​ထက်​က​တည်း​က အစ္စရေး​ပြည်​မှာ မကျင်း​ပဖူး​ဘူး။ ယော​ရှိ​နဲ့ ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ၊ အဲဒီ​မှာ​ရှိ​တဲ့ ယုဒ​နဲ့​အစ္စရေး ပြည်​သူ​ပြည်​သား​တွေ၊ ဂျေရု​ဆ​လင်​မြို့​သူ​မြို့​သား​တွေ ကျင်း​ပတဲ့ ဒီ​လို​ပသခါ​ပွဲ​မျိုး​ကို ဘယ်​အစ္စရေး​ဘုရင်​မှ မကျင်း​ပဖူး​ဘူး။+ ၁၉  ဒီ​ပသခါ​ပွဲ​ကို ယော​ရှိ​နန်း​စံ ၁၈ နှစ်​မှာ ကျင်း​ပတာ​ဖြစ်​တယ်။ ၂၀  ဗိမာန်​တော်​ကို ယော​ရှိ​မင်း ပြင်​ဆင်​ပြီး​တဲ့​အခါ၊  ပွဲ​တော်​ပြီး​သွား​တဲ့ နောက်​ပိုင်း​မှာ အီဂျစ်​ဘုရင်​နေ​ခေါ​က+ ယူ​ဖရေး​တီး​မြစ်​နား​က ခါ​ခေ​မိတ်​မြို့​ကို တိုက်​ခိုက်​ဖို့ ချီ​တက်​လာ​တယ်။ ဒါ​နဲ့ ယော​ရှိ​က နေ​ခေါ​ကို တိုက်​ဖို့ ထွက်​လာ​တယ်။+ ၂၁  နေ​ခေါ​က ယော​ရှိ​ဆီ တ​မန်​တွေ လွှတ်​ပြီး “ယုဒ​ဘုရင်၊ မင်း​နဲ့ ဘာ​ဆိုင်​လို့​လဲ။ ငါ​လာ​တာ မင်း​ကို​တိုက်​ဖို့ မဟုတ်​ဘူး။ တ​ခြား​နိုင်​ငံ​ကို တိုက်​ဖို့​လာ​တာ။ ဘုရား​သခင်​က ငါ့​ကို အမြန် တိုက်​ခိုင်း​နေ​ပြီ။ ငါ​နဲ့​အတူ​ရှိတဲ့ ဘုရား​သခင်​ကို မဆန့်​ကျင်​ရင် ကောင်း​မယ်။ ဒီ​လို​မှ​မဟုတ်​ရင် မင်း ပျက်​စီး​သွား​မယ်” လို့​ပြော​တယ်။ ၂၂  ဒါ​ပေမဲ့ ယော​ရှိ​က ပြန်​မလှည့်​သွား​ဘဲ ရုပ်​ဖျက်​ပြီး တိုက်​ပွဲ​ဝင်​တယ်။+ နေ​ခေါ​က​တစ်ဆင့် ဘုရား​သခင်​ပြော​တဲ့ စကား​ကို နား​မထောင်​ဘဲ မေဂိ​ဒေါ​ချိုင့်​ဝှမ်း​မှာ တိုက်​ခိုက်​တော့​တယ်။+ ၂၃  အဲဒီ​အခါ လေး​သမား​တွေ​က ယော​ရှိ​မင်း​ကို  မြား​နဲ့  ပစ်​လိုက်​တဲ့​အတွက် ယော​ရှိ​က “ငါ အကြီး​အကျယ် ဒဏ်​ရာ​ရ​နေ​ပြီ။ ငါ့​ကို ခေါ်​ထုတ်​သွား​ပါ” လို့ မင်း​မှု​ထမ်း​တွေ​ကို ပြော​တယ်။ ၂၄  မင်း​မှု​ထမ်း​တွေ​က ယော​ရှိ​ကို မြင်း​ရထား​ပေါ်​က​နေ ဒုတိ​ယ​စစ်​မြင်း​ရထား​ပေါ် တင်​ပြီး ဂျေရု​ဆ​လင်​မြို့​ကို ခေါ်​သွား​ကြ​တယ်။ အဲဒီ​နောက် ယော​ရှိ ကွယ်​လွန်​သွား​တဲ့​အတွက် ဘိုး​ဘေး​တွေ​ရဲ့ သင်္ချိုင်း​မှာ သင်္ဂြိုဟ်​ကြ​တယ်။+ ယုဒ​ပြည်​သား​တွေ၊ ဂျေရု​ဆ​လင်​မြို့​သား​တွေ​လည်း ငို​ကြွေး​မြည်​တမ်း​ကြ​တယ်။ ၂၅  ယေရမိ​က+ ယော​ရှိ​အတွက် ငို​ချင်း​ချ​တယ်။ သီချင်း​သည် ယောက်ျား​မိန်း​မအားလုံး​က+ ယော​ရှိ​အကြောင်း ငို​ချင်း​တွေ ရေး​စပ်​ပြီး ဒီ​နေ့​အထိ သီ​ဆို​နေ​တုန်း​ပဲ။ ဒီ​ငို​ချင်း​တွေ​ကို ငို​ချင်း​ပေါင်း​ချုပ်​မှာ ရေး​သား​ထား​ပြီး အစ္စရေး​ပြည်​မှာ သီ​ဆို​ရ​တဲ့​ထုံး​စံ ရှိ​လာ​တယ်။ ၂၆  ယော​ရှိ​ရဲ့  ကျန်​တဲ့​သမိုင်း​ကြောင်း​တွေ၊ ယေဟောဝါ​ရဲ့ ပညတ်​ကျမ်း​မှာ ရေး​သား​တဲ့​အတိုင်း ခိုင်​မြဲတဲ့​မေတ္တာ​နဲ့  လုပ်​ဆောင်​ခဲ့​တာ​တွေ၊ ၂၇  သူ့​လုပ်​ရပ်​တွေ​အကြောင်း အစ​အဆုံး​ကို အစ္စရေး​ဘုရင်​တွေ​နဲ့ ယုဒ​ဘုရင်​တွေ​ရဲ့ ရာ​ဇ​ဝင်​ကျမ်း​မှာ ရေး​ထား​တယ်။+

အောက်ခြေမှတ်ချက်များ

“ကင်​တယ်” လည်း​ဖြစ်​နိုင်။