၂ ရာဇဝင်ချုပ် ၃၆:၁-၂၃
၃၆ အဲဒီနောက် ပြည်သူပြည်သားတွေက ယောရှိရဲ့သားတော် ယောခတ်ကို+ ခမည်းတော်ကိုယ်စား ဂျေရုဆလင်မြို့မှာ မင်းမြှောက်ကြတယ်။+
၂ ယောခတ် နန်းတက်ချိန်မှာ အသက် ၂၃ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ သုံးလ စိုးစံတယ်။
၃ ဒါပေမဲ့ အီဂျစ်ဘုရင် နေခေါက သူ့ကို ဂျေရုဆလင်မြို့မှာ နန်းချပြီး တိုင်းပြည်ကိုလည်း ငွေတဲလင့်* ၁၀၀ နဲ့ ရွှေတစ်တဲလင့် ဒဏ်ရိုက်တယ်။+
၄ ဒါ့အပြင် ယောခတ်ရဲ့ နောင်တော် ဧလျာကိမ်ကို ယုဒပြည်နဲ့ ဂျေရုဆလင်မြို့ကို အုပ်ချုပ်ဖို့ မင်းမြှောက်ပြီး ယောယကိမ်လို့ နာမည်ပြောင်းလိုက်တယ်။ နေခေါက+ ယောယကိမ်ရဲ့ညီ ယောခတ်ကိုတော့ အီဂျစ်ပြည်ဆီ ဖမ်းခေါ်သွားတယ်။+
၅ ယောယကိမ်+ နန်းတက်ချိန်မှာ အသက် ၂၅ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၁၁ နှစ်စိုးစံတယ်။ ယေဟောဝါဘုရားရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။+
၆ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက+ ချီတက်လာတယ်။ သူ့ကို ကြေးနီခြေကျဉ်းတွေ ခတ်ပြီး ဗာဗုလုန်မြို့ကို ဖမ်းခေါ်သွားတယ်။+
၇ ယေဟောဝါရဲ့ အိမ်တော်မှာသုံးတဲ့ ပစ္စည်းတချို့ကိုလည်း ဗာဗုလုန်မြို့ကို သယ်သွားပြီး ဗာဗုလုန်မှာရှိတဲ့ နန်းတော်မှာ ထားလိုက်တယ်။+
၈ ယောယကိမ်ရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ လုပ်ခဲ့တဲ့ ရွံမုန်းစရာတွေ၊ သူ့ရဲ့မကောင်းကြောင်းတွေကို အစ္စရေးနဲ့ ယုဒဘုရင်တွေရဲ့ ရာဇဝင်ကျမ်းမှာ ရေးထားတယ်။ သားတော်ယေခေါနိက ထီးနန်းဆက်ခံတယ်။+
၉ ယေခေါနိ+ နန်းတက်ချိန်မှာ အသက် ၁၈ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ သုံးလနဲ့ဆယ်ရက် စိုးစံတယ်။ ယေဟောဝါရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။+
၁၀ နှစ်ဆန်းပိုင်းမှာ နေဗုခဒ်နေဇာမင်းက စစ်တပ်တွေ စေလွှတ်ပြီး ယေခေါနိကို ဗာဗုလုန်မြို့ဆီ ဖမ်းခေါ်သွားတယ်။+ ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း သယ်သွားတယ်။+ ဒါ့အပြင် ဘထွေးတော် ဇေဒကိကို ယုဒပြည်နဲ့ဂျေရုဆလင်မြို့ကို အုပ်ချုပ်ဖို့ မင်းမြှောက်လိုက်တယ်။+
၁၁ ဇေဒကိ+ နန်းတက်ချိန်မှာ အသက် ၂၁ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၁၁ နှစ်စိုးစံတယ်။+
၁၂ ယေဟောဝါဘုရားရှေ့မှာ မကောင်းတာကို ဆက်လုပ်တယ်။ ယေဟောဝါအမိန့်နဲ့ ပြောဆိုတဲ့ ပရောဖက်ယေရမိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘူး။+
၁၃ ဇေဒကိက ဘုရားသခင့်နာမည်သုံးပြီး သစ္စာဆိုခိုင်းခဲ့တဲ့ နေဗုခဒ်နေဇာမင်းကိုလည်း ပုန်ကန်တယ်။+ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါဆီ ပြန်လှည့်မလာဘူး။ ခေါင်းမာနေဆဲ၊* အကြင်နာတရား ကင်းမဲ့နေဆဲပဲ။
၁၄ ဦးဆောင်နေတဲ့ ပုရောဟိတ်တွေနဲ့ လူတွေကလည်း လူမျိုးခြားတွေရဲ့ ရွံမုန်းစရာ အကျင့်ဓလေ့တွေကို လိုက်လုပ်ပြီး ကမ်းကုန်အောင် သစ္စာမဲ့နေကြတယ်။ ဂျေရုဆလင်မြို့မှာရှိတဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ယေဟောဝါရဲ့ အိမ်တော်ကိုလည်း ညစ်ညူးစေကြတယ်။+
၁၅ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ မိမိနေထိုင်ရာအရပ်နဲ့ လူမျိုးတော်ကို သနားညှာတာတဲ့အတွက် တမန်တွေလွှတ်ပြီး သူတို့ကို အမြဲသတိပေးတယ်။ ထပ်တလဲလဲ သတိပေးတယ်။
၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။
၁၇ ဒါနဲ့ ဘုရားသခင်က ခါလဒဲဘုရင်ကို စေလွှတ်ပြီး သူတို့ကို တိုက်ခိုက်စေတယ်။+ ခါလဒဲဘုရင်က သူတို့ရဲ့ သန့်ရှင်းရာဌာနတော်မှာ+ လူငယ်တွေကို ဓားနဲ့ကွပ်မျက်တယ်။+ လူပျို၊ အပျို၊ လူအို၊ အိုမင်းမစွမ်းသူကိုလည်း မသနားဘူး။+ ဘုရားသခင်က ရှိရှိသမျှကို ခါလဒဲဘုရင်လက်ထဲ အပ်လိုက်တယ်။+
၁၈ သူက ယေဟောဝါရဲ့ အိမ်တော်ထဲက အသုံးအဆောင်ပစ္စည်း အကြီးအငယ်ကအစ အိမ်တော်ဘဏ္ဍာ၊ ဘုရင်နဲ့မှူးမတ်တွေရဲ့ ဘဏ္ဍာတွေပါမကျန် ရှိသမျှကို ဗာဗုလုန်မြို့ဆီ သိမ်းယူသွားတယ်။+
၁၉ ဘုရားသခင့်အိမ်တော်ကို မီးရှို့ပြီး+ ဂျေရုဆလင်မြို့ရိုးကို ဖြိုချတယ်။+ ခံတပ်မျှော်စင်တွေကိုလည်း မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းတွေကို ဖျက်ဆီးတယ်။+
၂၀ အသတ်မခံရဘဲ ကျန်ရှိနေသူတွေကို ဗာဗုလုန်မြို့ဆီ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားတယ်။+ ပါးရှားနိုင်ငံ စတင်အာဏာရချိန်အထိ+ ဗာဗုလုန်ဘုရင်နဲ့ သားမြေးတွေဆီမှာ သူတို့ ကျွန်ခံရတယ်။+
၂၁ တိုင်းပြည်ကလည်း အရင်ကမရခဲ့တဲ့ ဥပုသ်နှစ်တွေကို ပြန်ရတဲ့အတွက်+ လူသူကင်းမဲ့နေချိန် အနှစ် ၇၀ လုံးလုံး အနားရခဲ့တယ်။+ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။+
၂၂ ပါးရှားဘုရင်ဆိုင်းရပ်+ နန်းစံပထမနှစ်မှာ သူ့စိတ်ကို ယေဟောဝါ လှုံ့ဆော်တယ်။ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့စကား+ ပြည့်စုံစေဖို့ပဲ။ ဘုရင်က နိုင်ငံတစ်ဝန်းလုံးမှာ အမိန့်တော်စာ ထုတ်ပြန်ပြီး အခုလို ကြေညာစေတယ်။+
၂၃ “ပါးရှားဘုရင် ဆိုင်းရပ်ရဲ့ အမိန့်တော်– ‘ကောင်းကင်အုပ်စိုးရှင် ယေဟောဝါဘုရားက ငါ့ကို ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ပေးအပ်ပြီ။+ ယုဒပြည်၊ ဂျေရုဆလင်မြို့မှာ အိမ်တော် တည်ဆောက်ပါလို့လည်း တာဝန်ပေးလိုက်ပြီ။+ လူမျိုးတော်ထဲမှာပါတဲ့ မင်းတို့အားလုံးနဲ့အတူ ယေဟောဝါဘုရား ရှိပါစေ။ ဂျေရုဆလင်မြို့ကို ပြန်သွားကြစေ။’”+
အောက်ခြေမှတ်ချက်များ
^ တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ မူရင်း၊ “လည်ပင်းခိုင်မာနေဆဲ။”