၂ ရာဇဝင်ချုပ် ၄:၁-၂၂
၄ အဲဒီနောက် အလျားအတောင် ၂၀၊ အနံအတောင် ၂၀၊ အမြင့် ၁၀ တောင်ရှိတဲ့ ကြေးနီပူဇော်ရာပလ္လင်ကို+ လုပ်တယ်။
၂ အမြင့် ၅ တောင်ရှိတဲ့ ကြေးနီရေကန်ကိုလည်း+ သွန်းလုပ်တယ်။ ရေကန်အဝက စက်ဝိုင်းပုံရှိပြီး အချင်း ၁၀ တောင် ရှိတယ်။ ရေကန်အဝပတ်လည်ကို တိုင်းရင် အတောင် ၃၀ ရှိတယ်။+
၃ ရေကန်အဝရဲ့အောက်ဘက် ရေကန်ပတ်လည်ကို ဘူးသီးပုံတွေနဲ့+ အလှဆင်တယ်။ တစ်တောင်မှာ ဘူးသီးပုံဆယ်ခု ရှိတယ်။ ဘူးသီးပုံအတန်း နှစ်တန်းရှိပြီး ရေကန်နဲ့တစ်စပ်တည်း သွန်းလုပ်တယ်။
၄ ရေကန်ကို နွားရုပ် ၁၂ ကောင်အပေါ်+ တင်တယ်။ နွားတွေက အရှေ့ဘက်ကို သုံးကောင်၊ အနောက်ဘက်ကို သုံးကောင်၊ တောင်ဘက်ကို သုံးကောင်၊ မြောက်ဘက်ကို သုံးကောင် မျက်နှာမူပြီး ရေကန်ကို ထမ်းထားတယ်။ နွားရုပ်တွေက အရပ်လေးမျက်နှာကို မျက်နှာမူထားတယ်။
၅ ရေကန်ရဲ့အထူဟာ လက်လေးသစ်* ရှိတယ်။ ရေကန်အဝဟာ ဖလားနှုတ်ခမ်းဝလို၊ နှင်းပန်းလို ဖြစ်နေတယ်။ ရေကန်ထဲမှာ ရေဗတ်* ၃,၀၀၀ ဆံ့တယ်။
၆ ပြီးတော့ ရေထည့်ဖို့ အင်တုံဆယ်ခုကို လုပ်ပြီး အိမ်တော်ရဲ့ ညာဘက်မှာ ငါးခု၊ ဘယ်ဘက်မှာ ငါးခုထားလိုက်တယ်။+ အင်တုံထဲကရေဟာ မီးရှို့ရာအလှူတွေ ဆေးကြောဖို့၊+ ရေကန်ထဲက ရေကတော့ ပုရောဟိတ်တွေ ဆေးကြောသန့်စင်ဖို့ ဖြစ်တယ်။+
၇ အဲဒီနောက် သတ်မှတ်ထားတဲ့အတိုင်း+ ရွှေဆီမီးတိုင်+ ဆယ်တိုင်ကို လုပ်ပြီး ဗိမာန်တော်အတွင်း ညာဘက်မှာ ငါးတိုင်၊ ဘယ်ဘက်မှာ ငါးတိုင် ထားလိုက်တယ်။+
၈ စားပွဲဆယ်လုံးကို လုပ်ပြီး ဗိမာန်တော်အတွင်း ညာဘက်မှာ ငါးလုံး၊ ဘယ်ဘက်မှာ ငါးလုံး ထားလိုက်တယ်။+ ရွှေဇလုံ ၁၀၀ ကိုလည်း လုပ်တယ်။
၉ ဒါ့အပြင် ပုရောဟိတ်ရင်ပြင်၊+ ရင်ပြင်ကြီးနဲ့+ ဝင်းတံခါးတွေကို လုပ်ပြီး တံခါးတွေကို ကြေးနီနဲ့အုပ်တယ်။
၁၀ ရေကန်ကို အိမ်တော်ရဲ့ ညာဘက်၊ အရှေ့တောင်ထောင့်မှာ ထားလိုက်တယ်။+
၁၁ ဟိရံက ပြာခွက်တွေ၊ ဂေါ်ပြားတွေ၊ ဇလုံတွေကိုလည်း လုပ်တယ်။+
စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်အတွက် ရှောလမုန်မင်း စေခိုင်းတဲ့ အလုပ်အားလုံးကို လုပ်ပြီးသွားတယ်။+
၁၂ တိုင်နှစ်တိုင်၊+ တိုင်နှစ်တိုင်ထိပ်ပေါ်က အိုးပုံစံထိပ်ဖူးနှစ်ခု၊ ထိပ်ဖူးနှစ်ခုကို အလှဆင်ဖို့ ကွန်ရက်နှစ်ခု၊+
၁၃ ကွန်ရက်နှစ်ခုအတွက် သလဲသီး ၄၀၀၊+ တိုင်နှစ်တိုင်ပေါ်က အိုးပုံစံထိပ်ဖူးနှစ်ခုကို အလှဆင်ဖို့ ကွန်ရက်တစ်ခုစီအတွက် သလဲသီးနှစ်တန်း၊+
၁၄ တွန်းလှည်းဆယ်ခု၊ တွန်းလှည်းတွေပေါ်က အင်တုံဆယ်ခု၊+
၁၅ ရေကန်၊ ရေကန်တင်ဖို့ နွားရုပ် ၁၂ ကောင်၊+
၁၆ ပြာခွက်၊ ဂေါ်ပြား၊ ခက်ရင်းခွနဲ့+ အသုံးအဆောင်အားလုံးကို ဟိရံအဘိတ်က+ ယေဟောဝါရဲ့ အိမ်တော်အတွက်၊ ရှောလမုန်မင်းကြီးအတွက် ပြောင်လက်တဲ့ကြေးနီနဲ့ လုပ်တယ်။
၁၇ မင်းကြီးက သုကုတ်အရပ်နဲ့+ ဇေရဒအရပ်ကြား ဂျော်ဒန်မြစ်ဝှမ်းဒေသမှာ အဲဒီပစ္စည်းတွေကို ရွှံ့စေးပုံစံခွက်တွေနဲ့ သွန်းလုပ်တယ်။
၁၈ ရှောလမုန်မင်းက အသုံးအဆောင်ပစ္စည်းတွေကို အမြောက်အမြားလုပ်တဲ့အတွက် ကြေးနီပမာဏ ဘယ်လောက်ကုန်မှန်းတောင် မသိဘူး။+
၁၉ ဘုရားသခင့်အိမ်တော်အတွက် ရှောလမုန်လုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကတော့+ ရွှေပလ္လင်၊+ ရှေ့တော်မုန့်တင်ဖို့ စားပွဲတွေ၊+
၂၀ သတ်မှတ်ချက်တွေအတိုင်း အတွင်းခန်းရှေ့မှာ ထွန်းဖို့ ရွှေစင်ဆီမီးတိုင်တွေနဲ့+ ဆီမီးခွက်တွေ၊
၂၁ ရွှေစင်နဲ့လုပ်တဲ့ ပန်းပွင့်၊ မီးခွက်၊ မီးညှပ်၊
၂၂ ရွှေစင်နဲ့လုပ်တဲ့ မီးငြိမ်းကိရိယာ၊ ဇလုံ၊ ခွက်နဲ့ မီးခဲအိုးတွေဖြစ်တယ်။ အိမ်တော်ဝင်ပေါက်တွေဖြစ်တဲ့ အသန့်ရှင်းဆုံးအခန်းထဲဝင်တဲ့ အတွင်းတံခါးတွေနဲ့+ ဗိမာန်တော်တံခါးတွေကိုလည်း ရွှေနဲ့လုပ်တယ်။+
အောက်ခြေမှတ်ချက်များ
^ ၂.၉ လက်မနီးပါး။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ တစ်ဗတ်မှာ ၂၂ လီတာ (၅.၈၁ ဂါလံ) ရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။