၂ ရာဇဝင်ချုပ် ၅:၁-၁၄

  • ဗိမာန်​တော်​အပ်​နှံ​ပွဲ​အတွက် ပြင်​ဆင် (၁-၁၄)

    • သေတ္တာ​တော်​ကို ဗိမာန်​တော်​ထဲ​သွင်း (၂-၁၀)

 ဒီလို​နဲ့ ရှော​လ​မုန်​က ယေဟောဝါ​ရဲ့ အိမ်​တော်​အတွက် သူ​လုပ်​ရ​မယ့်  အလုပ်​အားလုံး​ကို  လက်​စ​သတ်​လိုက်​တယ်။+ ပြီး​တော့ ခမည်း​တော်​ဒါဝိဒ် ဆက်​ကပ်​ထား​တဲ့* ပစ္စည်းတွေ​ကို ယူ​လာ​တယ်။+  ရွှေ​ငွေ၊  အသုံး​အ​ဆောင် ပစ္စည်း​အားလုံး​ကို စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ အိမ်​တော်​ဘဏ္ဍာ​တိုက်​မှာ ထည့်​ထား​လိုက်​တယ်။+ ၂  အဲဒီ​နောက် ရှော​လ​မုန်​က ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို ဇိ​အုန်​လို့​ခေါ်​တဲ့ ဒါဝိဒ်​မြို့​က​နေ  သယ်​လာ​ဖို့+  အစ္စရေး​အကြီး​အကဲ​တွေ၊  မျိုး​နွယ်​စု​ခေါင်း​ဆောင်​တွေ၊ ဆွေ​မျိုး​စု ခေါင်း​ဆောင်​တွေ​ကို စု​ရုံး​လိုက်​တဲ့​အတွက် ဂျေရု​ဆ​လင်​မြို့​ကို သူတို့​ရောက်​လာ​ကြ​တယ်။+ ၃  ခုနစ်​လ​ပိုင်း၊ ပွဲ​တော်* ကျင်း​ပချိန်​မှာ အစ္စရေး​အားလုံး မင်း​ကြီး​ဆီ စု​ဝေး​လာ​ကြ​တယ်။+ ၄  အစ္စရေး​အကြီး​အကဲ​အားလုံး ရောက်​လာ​တဲ့​အခါ လေ​ဝိအမျိုး​သား​တွေ​က သေတ္တာ​တော်​ကို သယ်​ကြ​တယ်။+ ၅  သေတ္တာ​တော်၊ တွေ့​ဆုံ​ရာ​တဲ​တော်၊+ တဲ​တော်​ထဲ​က သန့်​ရှင်း​တဲ့ အသုံး​အဆောင်​အားလုံး​ကို ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ သယ်​လာ​ကြ​တယ်။ ၆  ရှော​လ​မုန်​မင်း​ကြီး​နဲ့ ဆင့်​ခေါ်​ခံ​ရ​တဲ့ အစ္စရေး​တစ်​မျိုး​လုံး​ဟာ သေတ္တာ​တော်​ရှေ့​မှာ စု​ရုံး​ပြီး မရေ​တွက်​နိုင်​အောင်​များ​တဲ့ သိုး​နွား​တွေ​ကို ပူ​ဇော်​ကြ​တယ်။+ ၇  အဲဒီ​နောက် ပု​ရော​ဟိတ်​တွေ​က ယေဟောဝါ​ရဲ့ ပဋိ​ညာဉ်​သေတ္တာ​ကို သယ်​လာ​ပြီး အိမ်​တော်​ရဲ့ အတွင်း​ခန်း​ဖြစ်​တဲ့ အသန့်​ရှင်း​ဆုံး​အခန်း​ထဲ​က ခေရုဗိမ်တွေ​ရဲ့ အတောင်​အောက်​မှာ နေ​ရာ​တ​ကျ ထား​လိုက်​တယ်။+ ၈  ခေရုဗိမ်တွေ​က သေတ္တာ​တော်​ရှိ​တဲ့ နေ​ရာ​ပေါ် အတောင်​တွေ ဖြန့်​ထား​တဲ့​အတွက် သေတ္တာ​တော်​ကို​ရော ထမ်း​ပိုး​တွေ​ကို​ပါ+ အုပ်​မိုး​နေ​တယ်။ ၉  ထမ်း​ပိုး​တွေ  ရှည်​လွန်း​တော့ ထမ်း​ပိုး​အဖျား​ပိုင်း​ကို အတွင်း​ခန်း​ရဲ့​အရှေ့ သန့်​ရှင်း​ရာ​အခန်း​က​နေ မြင်​နေ​ရ​တယ်။ အပြင်​က​နေ​တော့ မမြင်​ရ​ဘူး။ ထမ်း​ပိုး​တွေ အခု​ထိ အဲဒီ​မှာ ရှိ​နေ​တုန်း​ပဲ။ ၁၀  သေတ္တာ​တော်​ထဲ​မှာ ကျောက်​ပြား​နှစ်​ချပ်​ပဲ ရှိ​တယ်။+ အစ္စရေး​တွေ အီဂျစ်​ပြည်​က​နေ ထွက်​လာ​ပြီး ယေဟောဝါ​နဲ့ ပဋိ​ညာဉ်​ဖွဲ့​တုန်း​က ဟော​ရပ်​အရပ်​မှာ သေတ္တာ​တော်​ထဲ မော​ရှေ​ထည့်​ခဲ့​တဲ့ ကျောက်​ပြား​တွေ ဖြစ်​တယ်။+ ၁၁  (ဘယ်​အုပ်​စု​ပဲ​ဖြစ်​နေ​ပါ​စေ+ ပုရော​ဟိတ်​အားလုံး​က ကိုယ်​ကို​သန့်​ရှင်း​ပြီး​မှ+ ရောက်​လာ​ကြ​တယ်။) သန့်​ရှင်း​ရာ​အခန်း​က​နေ ပု​ရော​ဟိတ်​တွေ ထွက်​လာ​တဲ့​အခါ၊ ၁၂  အာ​သပ်၊+ ဟေ​မန်၊+ ယေ​ဒု​သုန်​နဲ့+ သူတို့​သား​မြေး​တွေ၊ ညီ​အစ်​ကို​တွေ​ပါ​ဝင်​တဲ့ လေ​ဝိအနွယ်​ဝင် သီချင်း​သည်​အားလုံး​က+ ပိတ်​ချော​ထည် ဝတ်​ဆင်​ပြီး ပူ​ဇော်ရာ​ပလ္လင်​အရှေ့​ဘက်​မှာ ရပ်​နေ​ကြ​တယ်။ လင်း​ကွင်း​တွေ၊ ကြိုး​တပ်​တူ​ရိ​ယာ​တွေ၊ စောင်း​တွေ ကိုင်​ထား​တယ်။ သူတို့​နဲ့​အတူ ပု​ရော​ဟိတ် ၁၂၀ က​လည်း ခရာ​တွေ မှုတ်​နေ​ကြ​တယ်။+ ၁၃  ခ​ရာ​မှုတ်​သူ​တွေ၊ သီချင်း​ဆို​သူ​တွေ​က ယေဟောဝါ​ကို ချီး​မွမ်း​ကြ​တယ်။ ခ​ရာ၊ လင်း​ကွင်း​နဲ့ တ​ခြား​တူ​ရိ​ယာ တီး​မှုတ်​သံ​တွေ၊ “ကိုယ်​တော်​ဟာ ကောင်းမြတ်​တယ်။ ခိုင်​မြဲတဲ့​မေတ္တာ​တော် ထာ​ဝ​စဉ် တည်​မြဲတယ်”+ ဆို​ပြီး ယေဟောဝါ​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​သံ​တွေ သံ​ပြိုင်​ထွက်​လာ​တဲ့​အခါ ယေဟောဝါ​ရဲ့ အိမ်​တော်​ဟာ  မိုး​တိမ်​နဲ့  ပြည့်​သွား​တယ်။+ ၁၄  မိုး​တိမ်​ကြောင့် ပု​ရော​ဟိတ်​တွေ အဲဒီ​မှာ ဆက်​ပြီး​အမှု​ဆောင်​လို့ မရ​တော့​ဘူး။ ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ ဘုရား​သခင်​ရဲ့ ဘုန်း​အသရေ ပြည့်​နေ​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “သန့်​ရှင်း​မြင့်မြတ်​စေ​တဲ့။”
တဲ​နေ​ပွဲ။