၂ ရာဇဝင်ချုပ် ၆:၁-၄၂

  • လူတွေကို ရှောလမုန် မိန့်ခွန်းပြော (၁-၁၁)

  • အပ်နှံပွဲမှာ ရှောလမုန်ဆုတောင်း (၁၂-၄၂)

၆  အဲဒီအချိန်မှာ ရှောလမုန်က “ယေဟောဝါဘုရား၊ ကိုယ်တော်က တိမ်ထုကြီးထဲမှာ စံမြန်းမယ်လို့ ပြောခဲ့တယ်။+ ၂  အခု ကိုယ်တော့်အတွက် မြင့်မြတ်တဲ့အိမ်တော်၊ ထာဝစဉ်စံမြန်းဖို့ တည်မြဲတဲ့နေရာတစ်ခုကို ကျွန်တော် တည်ဆောက်ခဲ့ပါပြီ”+ လို့ပြောတယ်။ ၃  အဲဒီနောက် မင်းကြီးက ရပ်နေတဲ့ အစ္စရေးလူစုကြီးဘက် လှည့်ပြီး ကောင်းချီးပေးတယ်။+ ၄  “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြ။ ဘုရားက ခမည်းတော်ဒါဝိဒ်ကို ကတိပေးခဲ့ရုံမက အဲဒီအတိုင်း ဖြစ်လာအောင် လုပ်ဆောင်ပေးပြီ။ ၅  ‘ငါ့လူမျိုးကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့နေ့ကစပြီး ငါ့နာမည်တည်စေမယ့် အိမ်တော်ကို တည်ဆောက်ဖို့ အစ္စရေးအနွယ်တွေရဲ့ မြို့တစ်မြို့ကို ငါမရွေးချယ်ဖူးဘူး။+ အစ္စရေးတွေကို အုပ်ချုပ်မယ့် လူတစ်ယောက်ကိုလည်း မရွေးချယ်ဖူးဘူး။ ၆  ဒါပေမဲ့ အခုတော့ ငါ့နာမည်တည်စေဖို့  ဂျေရုဆလင်မြို့ကို+  ငါရွေးချယ်ပြီ။ ငါ့လူမျိုး အစ္စရေးတွေကို အုပ်ချုပ်ဖို့ ဒါဝိဒ်ကိုလည်း ရွေးချယ်လိုက်ပြီ’+ လို့လည်း ကိုယ်တော်ပြောခဲ့တယ်။ ၇  ခမည်းတော်ဒါဝိဒ်က အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်အတွက် အိမ်တော်ဆောက်ဖို့ ဆန္ဒပြင်းပြခဲ့တယ်။+ ၈  ဒါပေမဲ့ ယေဟောဝါဘုရားက ခမည်းတော်ဒါဝိဒ်ကို ‘ငါ့နာမည်အတွက် အိမ်တော်ဆောက်ဖို့ မင်းဆန္ဒပြင်းပြတယ်။ အဲဒီလိုဆန္ဒပြင်းပြတာ သိပ်ကောင်းတယ်။ ၉  ဒါပေမဲ့ အိမ်တော်ကို မင်း မတည်ဆောက်ရဘူး။ မင်းရဲ့ရင်သွေး၊ မင်းရဲ့သားကပဲ ငါ့နာမည်အတွက် အိမ်တော်ကို တည်ဆောက်ရမယ်’+ လို့ပြောခဲ့တယ်။ ၁၀  ယေဟောဝါဘုရားက ကတိတော်အတိုင်း လုပ်ဆောင်ခဲ့ပြီ။ ယေဟောဝါဘုရားရဲ့ ကတိအတိုင်း+ ခမည်းတော်ဒါဝိဒ်ရဲ့ အရိုက်အရာကို ကျွန်တော် ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်မှာ ထိုင်နေပြီ။+ အဲဒီအပြင် အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့နာမည်အတွက်  အိမ်တော်ကို တည်ဆောက်ပြီး၊ ၁၁  အဲဒီအိမ်တော်ထဲမှာ သေတ္တာတော်ကို ထားလိုက်ပြီ။ အဲဒီသေတ္တာထဲမှာ ကျောက်ပြားနှစ်ချပ် ရှိတယ်။ အဲဒီကျောက်ပြားပေါ်မှာ အစ္စရေးတွေနဲ့ ယေဟောဝါဘုရားဖွဲ့ခဲ့တဲ့ ပဋိညာဉ်အကြောင်း ရေးထားတယ်”+ လို့ပြောတယ်။ ၁၂  ပြီးတော့ ရှောလမုန်က ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ရှေ့၊ အစ္စရေးလူစုကြီးရှေ့မှာ ရပ်ပြီး ကောင်းကင်ပေါ် လက်ဖြန့်လိုက်တယ်။+ ၁၃  (ရှောလမုန်က အလျားငါးတောင်၊ အနံငါးတောင်၊ အမြင့်သုံးတောင်ရှိတဲ့ ကြေးနီစင်မြင့်တစ်ခု လုပ်ပြီး ရင်ပြင်အလယ်မှာ ထားတယ်။+ အဲဒီအပေါ်မှာ သူရပ်နေတာ။) သူက အစ္စရေးလူစုကြီးရှေ့မှာ ဒူးထောက်လိုက်တယ်။ ကောင်းကင်ပေါ် လက်ဖြန့်ပြီး၊+ ၁၄  “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ မိုးကောင်းကင်မှာရော မြေကြီးပေါ်မှာပါ ကိုယ်တော့်လို ဘုရားမျိုး မရှိပါဘူး။ ကိုယ်တော်ဟာ ပဋိညာဉ်ကို တည်စေတဲ့အရှင်၊ လမ်းစဉ်တော်အတိုင်း စိတ်စွမ်းရှိသမျှ လျှောက်လှမ်းတဲ့ ကျေးကျွန်တွေကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရား  ဖြစ်ပါတယ်။+ ၁၅  ကိုယ်တော့်ကျွန် ခမည်းတော်ဒါဝိဒ်အပေါ် ကတိတည်တယ်။+ ကတိပေးရုံမက အဲဒီအတိုင်းဖြစ်လာအောင် ဒီနေ့ အကောင်အထည်  ဖော်ပေးခဲ့တယ်။+ ၁၆  အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ ‘မင်းရဲ့သားမြေးတွေဟာ မင်းလိုပဲ ငါ့ပညတ်အတိုင်း ဂရုတစိုက် လျှောက်လှမ်းမယ်ဆိုရင်+ အစ္စရေးရာဇပလ္လင်ပေါ်မှာ နန်းထိုင်မယ့် မင်းရဲ့မျိုးဆက် ဘယ်တော့မှ မပြတ်စေရဘူး’ ဆိုပြီး ခမည်းတော်ဒါဝိဒ်ကို ပေးခဲ့တဲ့ ကတိကို တည်စေပါ။+ ၁၇  အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော့်ကျွန် ဒါဝိဒ်ကို ပေးခဲ့တဲ့ ကတိတွေ တကယ်ဖြစ်လာပါစေ။ ၁၈  “ဘုရားသခင်က ကမ္ဘာမြေပေါ်မှာ လူသားတွေနဲ့အတူ တကယ်ပဲ စံမြန်းမှာလား။+ ကောင်းကင်သာမက အမြင့်ဆုံး ကောင်းကင်ကြီးတောင် ကိုယ်တော် စံမြန်းနိုင်လောက်အောင် မကျယ်ဝန်းပါဘူး။+ ကျွန်တော်ဆောက်တဲ့ ဒီအိမ်တော်ဆိုရင်တော့ ပိုလို့တောင် မဖြစ်နိုင်ပါဘူး။+ ၁၉  ယေဟောဝါဘုရား၊ ကျွန်တော် ဆုတောင်းနေတာ၊ မျက်နှာသာရဖို့ အသနားခံနေတာကို အာရုံစိုက်လှည့်ပါ။  ရှေ့တော်မှာ  ကျွန်တော် ဆုတောင်းတာ၊ အကူအညီတောင်းခံတာကို နားထောင်ပေးပါ။ ၂၀  နာမတော်တည်စေမယ်လို့ ကိုယ်တော်ပြောခဲ့တဲ့ ဒီနေရာ၊+ ဒီအိမ်တော်ကို နေ့ညမပြတ် ကြည့်ရှုပေးပါ။ ဒီနေရာကို မျက်နှာမူပြီး ကျွန်တော် ဆုတောင်းနေတာကို နားထောင်ပေးပါ။ ၂၁  ကျွန်တော်နဲ့ လူမျိုးတော်အစ္စရေးတွေ ဒီနေရာကို မျက်နှာမူပြီး အကူအညီတောင်းတဲ့အခါ၊ အသနားခံဆုတောင်းတဲ့အခါ+ စံမြန်းရာကောင်းကင်ကနေ နားထောင်ပေးပါ။+  နားထောင်ပြီး  ခွင့်လွှတ်ပေးပါ။+ ၂၂  “လူတစ်ယောက်က  တခြားတစ်ယောက်ကို ပြစ်မှားတယ်လို့ စွပ်စွဲခံရပြီး ကျိန်ပြောဖို့* တောင်းဆိုခံရတဲ့အတွက် ဒီအိမ်တော်မှာရှိတဲ့ ပူဇော်ရာပလ္လင်ရှေ့ကို လာပြီး ကျိန်ပြောမယ်ဆိုရင်၊+ ၂၃  ကောင်းကင်ကနေ နားထောင်ပြီး အရေးယူ စီရင်ပေးပါ။ ဆိုးညစ်သူကို သူလုပ်ခဲ့တဲ့အတိုင်း ပြန်ဆပ်ပြီး ဒဏ်ပေးလှည့်ပါ။+ ဖြောင့်မတ်သူကိုတော့ အပြစ်မဲ့တယ်လို့ သတ်မှတ်ပြီး သူ့ရဲ့ဖြောင့်မတ်မှုနဲ့အညီ ဆုချလှည့်ပါ။+ ၂၄  “လူမျိုးတော်အစ္စရေးတွေ အကြိမ်ကြိမ် အပြစ်ကျူးလွန်တဲ့အတွက် ရန်သူတွေကို ရှုံးနိမ့်သွားတဲ့အခါ+ ကိုယ်တော့်ဆီ ပြန်လှည့်လာပြီး နာမတော်ကို ချီးမွမ်းမယ်၊+ ဒီအိမ်တော်မှာ ဆုတောင်းပြီး+ မျက်နှာသာရဖို့ တောင်းပန်မယ်ဆိုရင်၊+ ၂၅  ကောင်းကင်ကနေ နားထောင်ပြီး+ လူမျိုးတော် အစ္စရေးတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးပါ။ သူတို့နဲ့ ဘိုးဘေးတွေကို ပေးထားတဲ့ပြည်ဆီ ပြန်ပို့ဆောင်ပေးပါ။+ ၂၆  “ကိုယ်တော့်ကို အကြိမ်ကြိမ် ပြစ်မှားတဲ့အတွက်+ သူတို့ကို မာန်စွယ်ချိုးဖို့ မိုးကောင်းကင်ကိုပိတ်ပြီး မိုးခေါင်စေတဲ့အခါ+ ဒီနေရာကို မျက်နှာမူပြီး သူတို့ ဆုတောင်းမယ်၊ နာမတော်ကို ချီးမွမ်းမယ်၊ အပြစ်တွေကို ကျောခိုင်းမယ်ဆိုရင်၊+ ၂၇  ကောင်းကင်ကနေ နားထောင်ပြီး ကိုယ်တော့်ကျေးကျွန် အစ္စရေးတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးပါ။ သူတို့လျှောက်သင့်တဲ့ လမ်းမှန်အကြောင်း သွန်သင်ပေးပါ။+ သူတို့ကို အမွေပေးထားတဲ့  ပြည်မှာ မိုးရွာစေပါ။+ ၂၈  “တိုင်းပြည်မှာ အငတ်ဘေး၊+ ကပ်ရောဂါဘေး၊+  အပူရှိန်ကြောင့် အပင်သေတဲ့ဘေး၊ မှိုရောဂါ၊+ ကျိုင်းကောင်အုပ် ဒါမှမဟုတ် နှံကောင်အုပ်တွေ+ ကျရောက်တဲ့အခါ၊ မြို့တစ်မြို့ကို ရန်သူတွေဝိုင်းရံတဲ့အခါ+ ဒါမှမဟုတ် ဘေးဒဏ်တစ်မျိုးမျိုး၊ ရောဂါတစ်မျိုးမျိုး ကျရောက်တဲ့အခါ၊+ ၂၉  တစ်ဦးတစ်ယောက်ဖြစ်စေ၊  အစ္စရေးလူအားလုံးဖြစ်စေ (ကိုယ့်ဒုက္ခဝေဒနာကို ကိုယ်ပဲသိတဲ့အတွက်)+ ဒီအိမ်တော်ဘက်ကို လက်ဖြန့်ပြီး ဆုတောင်းမယ်၊+ မျက်နှာသာရဖို့ အသနားခံမယ်ဆိုရင်၊+ ၃၀  စံမြန်းရာ  ကောင်းကင်ကနေ နားထောင်ပြီး+ ခွင့်လွှတ်ပေးပါ။+ တစ်ဦးစီရဲ့စိတ်ကို ကိုယ်တော်သိတဲ့အတွက် သူတို့ရဲ့လုပ်ရပ်အတိုင်း ဆုချပေးပါ။ (လူ့စိတ်နှလုံးကို ကိုယ်တော်တစ်ပါးတည်းသာ အမှန်တကယ် သိတာပါ။)+ ၃၁  ဒါမှသာ သူတို့ဟာ ဘိုးဘေးတွေကို ပေးထားတဲ့ပြည်မှာ နေထိုင်သမျှကာလပတ်လုံး ကိုယ်တော့်လမ်းစဉ်အတိုင်း လိုက်လျှောက်ပြီး ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မယ်။ ၃၂  “ဒါ့အပြင် အစ္စရေးလူမျိုး မဟုတ်ပေမဲ့ နာမတော်ကြောင့် ရပ်ဝေးကနေ ရောက်လာတဲ့  တိုင်းတစ်ပါးသားက ကြီးမြတ်တဲ့  နာမတော်၊+ အားကြီးတဲ့လက်၊ တန်ခိုးကြီးတဲ့ လက်ရုံးတော်ကြောင့် ဒီအိမ်တော်ဘက်ကို မျက်နှာမူပြီး ဆုတောင်းမယ်ဆိုရင်၊+ ၃၃  စံမြန်းရာ ကောင်းကင်ကနေ နားထောင်ပေးပါ။ သူတောင်းလျှောက်သမျှ လုပ်ဆောင်ပေးပါ။ ဒါမှသာ ကမ္ဘာပေါ်က လူမျိုးအားလုံးဟာ လူမျိုးတော် အစ္စရေးတွေလိုပဲ နာမတော်ကို သိလာပြီး+ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြမှာပါ။ ကျွန်တော်ဆောက်တဲ့ ဒီအိမ်တော်ကို နာမတော်နဲ့ သမုတ်ထားမှန်း သိလာကြမှာပါ။ ၃၄  “အစ္စရေးတွေဟာ အမိန့်တော်အတိုင်း ရန်သူတွေကို စစ်တိုက်ထွက်တဲ့အခါ+ ကိုယ်တော်ရွေးချယ်ထားတဲ့ ဒီမြို့ဘက်၊ နာမတော်အတွက် ကျွန်တော်ဆောက်ထားတဲ့ ဒီအိမ်တော်ဘက် မျက်နှာမူပြီး ကိုယ်တော့်ဆီ ဆုတောင်းမယ်ဆိုရင်၊+ ၃၅  သူတို့ဆုတောင်းတာ၊ မျက်နှာသာရဖို့  အသနားခံတာကို ကောင်းကင်ကနေ နားထောင်ပြီး  သူတို့အတွက် တရားသဖြင့် လုပ်ဆောင်ပေးပါ။+ ၃၆  “(အပြစ်မလုပ်တဲ့သူ  တစ်ယောက်မှ မရှိတဲ့အတွက်) အစ္စရေးတွေ အပြစ်ကျူးလွန်တဲ့အခါ+ အမျက်ထွက်ပြီး ရန်သူ့လက်ထဲ အပ်လိုက်လို့ ရပ်နီးရပ်ဝေးတိုင်းပြည်ဆီ သုံ့ပန်းအဖြစ် ဖမ်းခေါ်ခံရပြီးနောက်၊+ ၃၇  အဲဒီတိုင်းပြည်မှာ အသိတရားရလာပြီး ကိုယ်တော့်ဆီ ပြန်လှည့်လာမယ်ဆိုရင်၊ ‘ကျွန်တော်တို့ ပြစ်မှားပါပြီ။ အမှားလုပ်မိပါပြီ။ မိုက်မိုက်မဲမဲ လုပ်မိပါပြီ’ လို့ဝန်ခံပြီး ရန်သူ့တိုင်းပြည်ကနေ မျက်နှာသာရဖို့ တောင်းပန်မယ်ဆိုရင်၊+ ၃၈  ရန်သူ့တိုင်းပြည်မှာ သုံ့ပန်းဘဝရောက်နေတုန်း ကိုယ်တော့်ဆီ စိတ်စွမ်းရှိသမျှ၊+ ကိုယ်စွမ်းရှိသမျှ ပြန်လှည့်လာမယ်ဆိုရင်၊+ ဘိုးဘေးတွေကိုပေးတဲ့ ပြည်ဘက်၊ ကိုယ်တော်ရွေးချယ်တဲ့ မြို့ဘက်၊ နာမတော်အတွက် ကျွန်တော်ဆောက်တဲ့ အိမ်တော်ဘက် မျက်နှာမူပြီး ဆုတောင်းမယ်ဆိုရင်၊+ ၃၉  သူတို့ဆုတောင်းတာ၊ မျက်နှာသာရဖို့ အသနားခံတာကို စံမြန်းရာ ကောင်းကင်ကနေ နားထောင်ပြီး သူတို့အတွက် တရားသဖြင့် လုပ်ဆောင်ပေးပါ။+ ကိုယ်တော့်ကို ပြစ်မှားတဲ့ ဒီလူမျိုးကို ခွင့်လွှတ်ပေးပါ။ ၄၀  “အိုဘုရားသခင်၊  ဒီနေရာမှာ ဆုတောင်းတဲ့အခါ မြင်လှည့်ပါ။  ဂရုတစိုက် နားထောင်ပေးပါ။+ ၄၁  ယေဟောဝါဘုရား၊  ကိုယ်တော့်  အစွမ်းခွန်အားရဲ့  အမှတ်လက္ခဏာဖြစ်တဲ့ သေတ္တာတော်နဲ့အတူ ဒီနေရာမှာ စံမြန်းတော်မူပါ။+ ယေဟောဝါဘုရား၊ ပုရောဟိတ်တွေဟာ  ကယ်တင်ခြင်းဝတ်ရုံကို  ဝတ်ဆင်ကြပါစေ။  ကိုယ်တော့်အပေါ်  သစ္စာစောင့်သိသူတွေလည်း ကောင်းမြတ်ခြင်းကျေးဇူးကြောင့် ဝမ်းမြောက်ကြပါစေ။+ ၄၂  ယေဟောဝါဘုရား၊ ကိုယ်တော်  ဘိသိက်ပေးထားသူကို မငြင်းပယ်လိုက်ပါနဲ့။+ ကိုယ်တော့်ကျွန်  ဒါဝိဒ်အပေါ်ပြတဲ့  ခိုင်မြဲတဲ့မေတ္တာကို  သတိရပါ”+  ဆိုပြီးဆုတောင်းတယ်။

အောက်ခြေမှတ်ချက်များ

မဟုတ်မမှန်ကျိန်ပြောရင် ပြစ်ဒဏ်သင့်ပါစေဆိုတဲ့ ကျိန်ဆိုချက်ကို ဆိုလို။