၂ ရာဇဝင်ချုပ် ၇:၁-၂၂

  • ဗိမာန်​တော်​မှာ ယေဟောဝါ​ရဲ့​ဘုန်း​အသရေ ပြည့်နေ (၁-၃)

  • အပ်​နှံ​ပွဲ အခမ်း​အနား (၄-၁၀)

  • ရှော​လ​မုန်​ဆီ ယေဟောဝါ ရောက်​လာ (၁၁-၂၂)

 ရှော​လ​မုန် ဆုတောင်း​ပြီး​တာ​နဲ့+ ကောင်း​ကင်​က​နေ  မီး​ကျ​လာ​ပြီး+ မီး​ရှို့​ရာ​အလှူ​နဲ့ ပူ​ဇော်​သက္ကာတွေ​ကို လောင်​ကျွမ်း​သွား​တယ်။ အိမ်​တော်​လည်း ယေဟောဝါ​ရဲ့ ဘုန်း​အသရေ​နဲ့ ပြည့်​နေ​တယ်။+ ၂  ယေဟောဝါ​ရဲ့​အိမ်​တော်​ဟာ ယေဟောဝါ​ရဲ့ ဘုန်း​အသရေ​နဲ့ ပြည့်​နေ​တဲ့​အတွက် ပု​ရော​ဟိတ်​တွေ ယေဟောဝါ​ရဲ့​အိမ်​တော်​ထဲ ဝင်​လို့​မရ​ဘူး။+ ၃  အစ္စရေး​တွေ​က အဲဒီ​လို မီး​ကျ​လာ​တာ၊ အိမ်​တော်​ပေါ်​မှာ ယေဟောဝါ​ရဲ့ ဘုန်း​အသရေ တည်​နေ​တာ​ကို မြင်​တဲ့​အခါ ကျောက်​ခင်း​ကြမ်း​ပြင်​ပေါ်  ပျပ်​ဝပ်​ကြ​တယ်။  “ဘုရား​သခင်​ဟာ ကောင်းမြတ်​တယ်။ ခိုင်​မြဲတဲ့မေတ္တာ​တော်  ထာ​ဝ​စဉ်  တည်​မြဲ​တယ်”​ ဆို​ပြီး ယေဟောဝါ​ကို ကျေး​ဇူး​တင်​ကြ​တယ်။ ၄  အဲဒီ​နောက် ရှော​လ​မုန်​မင်း​နဲ့ လူ​အားလုံး​က ယေဟောဝါ​ရှေ့​မှာ ပူ​ဇော်သက္ကာတွေ  ဆက်​သကြ​တယ်။+ ၅  ရှော​လ​မုန်​မင်း​က နွား ၂၂,၀၀၀၊ သိုး ၁၂၀,၀၀၀ ပူ​ဇော်​တယ်။ ဒီ​နည်း​နဲ့ မင်း​ကြီး​နဲ့​လူ​အားလုံး​က စစ်​မှန်​တဲ့​ဘုရား​သခင်​ရဲ့ အိမ်​တော်​အပ်​နှံ​တဲ့ အခမ်း​အနား​ကို လုပ်​ကြ​တယ်။+ ၆  ပု​ရော​ဟိတ်​တွေ​က တာဝန်​ကျ​တဲ့​နေ​ရာ​မှာ ရပ်​နေ​တယ်။ လေ​ဝိအမျိုး​သား​တွေ​လည်း ယေဟောဝါ​ကို ချီး​မွမ်း​သီ​ဆို​တဲ့​အခါ တီး​မှုတ်​ဖို့ တူ​ရိ​ယာ​တွေ​ကို​ကိုင်​ပြီး ရပ်​နေ​တယ်။+ (ယေဟောဝါ​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​ရာ​မှာ သုံး​ဖို့ ဒါဝိဒ်​မင်း လုပ်​ထား​တဲ့ တူ​ရိ​ယာ​တွေ​ပဲ။ ဒါဝိဒ်​က သူတို့​နဲ့​အတူ ဘုရား​သခင်​ကို ချီး​မွမ်း​တဲ့​အခါ​တိုင်း “ခိုင်​မြဲတဲ့​မေတ္တာ​တော် ထာ​ဝ​စဉ် တည်​မြဲတယ်” ဆို​ပြီး သီ​ဆို​လေ့​ရှိ​တယ်။) မျက်​နှာ​ချင်း​ဆိုင် ရပ်​နေ​တဲ့ ပု​ရော​ဟိတ်​တွေ​က ခရာ​ကို အကျယ်​ကြီး မှုတ်​ကြ​တယ်။+ အဲဒီ​အချိန်​မှာ အစ္စရေး​အားလုံး ရပ်​နေ​ကြ​တယ်။ ၇  ပြီး​တော့ ရှော​လ​မုန်​က ယေဟောဝါ​ရဲ့​အိမ်​တော်​ရှေ့ ရင်​ပြင်​အလယ်​မှာ မီး​ရှို့​ရာ​အလှူ​တွေ၊+ မိတ်​သဟာ​ယ ပူ​ဇော်​သက္ကာတွေ​ရဲ့ အဆီ​တွေ​ကို ပူ​ဇော်​ရ​မှာ​ဖြစ်​လို့ အဲဒီ​နေ​ရာ​ကို ဆက်​ကပ်​လိုက်​တယ်။ ရှော​လ​မုန်​လုပ်​ထား​တဲ့ ကြေး​နီ​ပလ္လင်​မှာ+ မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာတွေ၊ ကောက်​နှံ​အလှူ​တွေ​နဲ့+ အဆီ​တွေ+ ပူ​ဇော်​ဖို့ နေ​ရာ​မဆံ့​လို့​ပဲ။ ၈  အဲဒီ​အချိန်​မှာ ရှော​လ​မုန်​က ဟာ​မတ်​လမ်း​ဝ​က​နေ အီဂျစ်​သဲ​ချောင်း​အထိ အရပ်​ရပ်​က ရောက်​လာ​ကြ​တဲ့ အစ္စရေး​လူ​စု​ကြီး​နဲ့​အတူ ခု​နစ်​ရက်​လုံး+ ပွဲ​တော်​ကျင်း​ပတယ်။+ ၉  ပူ​ဇော်ရာ​ပလ္လင် အပ်​နှံ​ပွဲ​ကို ခု​နစ်​ရက်၊ ပွဲ​တော်​ကို ခု​နစ်​ရက် ကျင်း​ပတယ်။ ရှစ်​ရက်​မြောက်​နေ့* မှာ​တော့ အထူး​အစည်း​အဝေး ကျင်း​ပတယ်။+ ၁၀  ရှော​လ​မုန်​က လူ​တွေ​ကို ခု​နစ်​လ​ပိုင်း၊ ၂၃ ရက်​နေ့​မှာ ပြန်​လွှတ်​လိုက်​တယ်။ ဒါဝိဒ်၊ ရှော​လ​မုန်​နဲ့ အစ္စရေး​လူမျိုး​အတွက် ယေဟောဝါ လုပ်​ဆောင်​ပေး​တဲ့ ကောင်းမြတ်​မှု​ကြောင့် လူ​တွေ ဝမ်း​သာ​ကြည်​နူး​ပြီး ကိုယ့်​အိမ်​ကိုယ့်​ရာ​ဆီ ပြန်​သွား​ကြ​တယ်။+ ၁၁  ဒီ​လို​နဲ့ ရှော​လ​မုန်​က ယေဟောဝါ​ရဲ့​အိမ်​တော်​နဲ့ နန်း​တော်​ကို တည်​ဆောက်​ပြီး​သွား​တယ်။+ ယေဟောဝါ​ရဲ့​အိမ်​တော်၊  နန်း​တော်​နဲ့​ပတ်​သက်​ပြီး သူ​လုပ်​ချင်​တာ​အားလုံး ပြီး​မြောက်​အောင်​မြင်​ခဲ့​တယ်။+ ၁၂  အဲ​ဒီ​ည ရှော​လ​မုန်​ရဲ့​ အိပ်​မက်​ထဲ​မှာ ယေဟောဝါ ရောက်​လာ​ပြီး+ ပြော​တယ်– “မင်း​ဆု​တောင်း​တာ​ကို ငါ​ကြား​တယ်။ ပူဇော်​သက္ကာ​ဆက်​သရာ  အိမ်​တော်​အဖြစ် ဒီနေ​ရာ​ကို   ငါ​ ရွေး​ချယ်​လိုက်​ပြီ။+ ၁၃  ငါ​က မိုး​ကောင်း​ကင်​ကို ပိတ်​ပြီး မိုး​ခေါင်​စေ​တဲ့​အခါ၊ ပြည်​ထွက်​သီး​နှံ​တွေ​ကို ဖျက်​ဆီး​ဖို့ နှံ​ကောင်​တွေ လွှတ်​လိုက်​တဲ့အခါ၊ ငါ့​လူ​တွေ​အပေါ် ကပ်​ရော​ဂါ​ဘေး ကျ​ရောက်​စေ​တဲ့​အခါ၊ ၁၄  ငါ့​နာမည်​ခံ​ယူ​ထား​တဲ့ လူမျိုး​က+ စိတ်​နှိမ့်​ချ​လာ​ပြီး+ မကောင်း​တဲ့​လမ်း​စဉ်​ကို ကျော​ခိုင်း​မယ်၊+ ငါ့​မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​ဆုတောင်း​မယ်​ဆို​ရင် ကောင်း​ကင်​က​နေ ငါ​နား​ထောင်​မယ်။ သူတို့​အပြစ်​ကို ခွင့်​လွှတ်​ပြီး သူတို့​ပြည်​ကို ပြန်​ထူ​ထောင်​ပေး​မယ်။+ ၁၅  လူ​တွေ ဒီ​နေ​ရာ​မှာ ဆုတောင်း​တဲ့​အခါ ငါ ဂရု​တ​စိုက် နား​ထောင်​မယ်။ သူတို့​ကို ငါ​ကြည့်​နေ​မယ်။+ ၁၆  ငါ့​နာ​မည်​ကို ထာ​ဝ​စဉ်​တည်​စေ​ဖို့ ဒီအိမ်တော်​ကို ငါ​ရွေး​ချယ်​ပြီး သန့်​ရှင်း​မြင့်မြတ်​စေ​ပြီ။+ ဒါ​ကြောင့် ဒီ​အိမ်​တော်​ကို  ငါ  အမြဲကြည့်​ရှု​စောင့်​ရှောက်​မယ်။+ ၁၇  “မင်း​က မင်း​ရဲ့​ဖခင် ဒါဝိဒ်​လို ငါ့​ရှေ့​မှာ လျှောက်​လှမ်း​မယ်၊ ငါ​မိန့်မှာ​သမျှ​အတိုင်း လုပ်​ဆောင်​မယ်၊ ငါ့​စည်း​မျဉ်း​တွေ၊ တရား​စီရင်​ချက်​တွေ​ကို နာ​ခံ​မယ်​ဆို​ရင်၊+ ၁၈  ငါ​လည်း ‘အစ္စရေး​ပြည်​ကို အုပ်​ချုပ်​တဲ့ မင်း​ရဲ့​မျိုး​ဆက် ဘယ်​တော့​မှ မပြတ်​စေ​ရ​ဘူး’ ဆို​ပြီး မင်း​ရဲ့​ဖခင်  ဒါဝိဒ်​နဲ့  ပဋိ​ညာဉ်​ဖွဲ့​ခဲ့​တဲ့​အတိုင်း+ မင်း​ရဲ့ရာ​ဇ​ပလ္လင်​ကို တည်​မြဲစေ​မယ်။+ ၁၉  ဒါ​ပေမဲ့ မင်း​က ငါ​ပေး​ထား​တဲ့ ပညတ်​ချက်​တွေ၊ ဥ​ပဒေ​တွေ​ကို ကျော​ခိုင်း​ပြီး ပစ်​ပယ်​မယ်၊ တ​ခြား​ဘုရားတွေ​ကို သွား​ပြီး ဦး​ချ​ဝတ်​ပြု​မယ်​ဆို​ရင်၊+ ၂၀  ငါ​လည်း ငါ​ပေး​ထား​တဲ့​ပြည်​က​နေ အစ္စရေး​တွေ​ကို နုတ်​ပစ်​မယ်။+ ငါ့​နာ​မည်​အတွက် သန့်​ရှင်း​မြင့်မြတ်​စေ​တဲ့ ဒီ​အိမ်​တော်​ကို ငါ့​ရှေ့​က​နေ ဖယ်​ရှား​မယ်။ ဒီ​အိမ်​တော်​ကို လူမျိုး​တွေ​အလယ်​မှာ နှာ​ခေါင်း​ရှုံ့​စ​ရာ၊ လှောင်​ပြောင်​စ​ရာ  ဖြစ်​စေ​မယ်။+ ၂၁  ဒီ​အိမ်​တော်​ဟာ အပျက်​အယွင်း​ပုံ​ကြီး ဖြစ်​သွား​မယ်။ လမ်း​သွား​လမ်း​လာတွေ​က အံ့​သြတ​ကြီး ကြည့်​ပြီး+ ‘ယေဟောဝါ​က ဒီ​ပြည်​နဲ့ ဒီ​အိမ်​တော်​ကို ဘာ​ကြောင့် ဒီ​လို​လုပ်​လိုက်​တာ​ပါ​လိမ့်’ ဆို​ပြီး ပြော​ကြ​လိမ့်​မယ်။+ ၂၂  ပြီး​တော့ ‘သူတို့​က ဘိုး​ဘေး​တွေ​ကို အီဂျစ်​ပြည်​က​နေ ခေါ်​ထုတ်​လာခဲ့​တဲ့​ဘုရား+ ယေဟောဝါ​ကို စွန့်​ပစ်​တဲ့​အပြင်+ တ​ခြား​ဘုရားတွေ​ကို ဆည်း​ကပ်​ပြီး ဦး​ချ​ဝတ်​ပြု​ခဲ့​တာ​ကိုး။+ ဒါ​ကြောင့် ဘုရား​က သူတို့​ကို ဒီ​ဘေး​ဆိုး​တွေ ကြုံ​စေ​တာ​ပေါ့’ ဆို​ပြီး ပြော​ကြ​လိမ့်​မယ်။”+

အောက်ခြေမှတ်ချက်များ

ပွဲ​တော်​ပြီး နောက်​တစ်​နေ့၊ ၁၅ ရက်​မြောက်​နေ့။