၂ ရှမွေလ ၁:၁-၂၇

  • ရှောလု​သေဆုံး​ကြောင်း ဒါဝိဒ်​ကြား​သိ (၁-၁၆)

  • ရှောလု​နဲ့​ယောန​သန်​အတွက် ဒါဝိဒ်ရဲ့​ငို​ချင်း (၁၇-၂၇)

 ရှောလု သေဆုံး​ပြီး​နောက် ဒါဝိဒ်​က အာ​မလက်​လူ​တွေ​ကို အနိုင်​ရပြီး ပြန်​လာ​တဲ့​အခါ ဇိ​က​လတ်​မြို့​မှာ+ နှစ်​ရက်​နေ​တယ်။ ၂  သုံး​ရက်​မြောက်​နေ့​မှာ ရှောလု​ရဲ့​တပ်​ထဲ​က လူ​တစ်​ယောက်​ဟာ အဝတ်​တွေ​ကို ဆွဲ​ဆုတ်၊ ခေါင်း​ပေါ်​မှာ မြေမှုန့်​တွေ တင်​ပြီး ရောက်​လာ​တယ်။ ဒါဝိဒ်​ရှေ့​ကို ရောက်​တော့ မြေပေါ် ပျပ်​ဝပ်​လိုက်​တယ်။ ၃  ဒါဝိဒ်​က “ဘယ်​က​လာ​တာ​လဲ” ဆို​ပြီး မေး​တဲ့​အခါ “အစ္စရေး​တပ်​က​နေ ပြေး​လာ​တာ​ပါ”  လို့  သူ​ဖြေတယ်။ ၄  “အခြေ​အနေ ဘယ်​လို​လဲ၊ ပြော​ပါဦး” လို့ ဒါဝိဒ်​ မေး​တဲ့​အခါ သူ​က “တိုက်​ပွဲ​မှာ  အရေး​မလှ​တော့  စစ်​သည်​တွေ ထွက်​ပြေး​ကုန်​တယ်။ စစ်​သည်​အတော်​များ​များ ကျ​ဆုံး​တဲ့​အပြင် ရှောလု​မင်း​နဲ့ သား​တော်​ယောန​သန်​လည်း ကျ​ဆုံး​သွား​ပါ​ပြီ”+ လို့​ဖြေတယ်။ ၅  ဒါဝိဒ်​က​ “ရှောလု​မင်း​နဲ့ သား​တော်​ယောန​သန် ကျ​ဆုံး​သွား​မှန်း မင်း​ဘယ်​လို​သိ​တာ​လဲ” ဆို​ပြီး သတင်း​ယူ​လာ​တဲ့ လူငယ်​ကို မေး​တယ်။ ၆  လူငယ်​က “ဂိ​လ​ဗော​တောင်​ပေါ်​ကို+ ကျွန်​တော် ရောက်​တဲ့​အချိန်​မှာ ရှောလု​မင်း​က လှံ​ကို​အား​ပြု​ပြီး ရပ်​နေ​တယ်။ မြင်း​ရထား​တွေ၊ မြင်း​စီး​သူ​ရဲ​တွေ​လည်း သူ့​အနား ရောက်​တော့​မယ်။+ ၇  သူ​လှည့်​ကြည့်​တဲ့​အခါ ကျွန်​တော့်​ကို တွေ့​သွား​ပြီး လှမ်း​ခေါ်​တယ်။ ‘မင်း​ကြီး၊ အမိန့်​ရှိ​ပါ’ ဆို​တော့၊ ၈  သူ​က ‘မင်း ဘယ်​သူ​လဲ’ လို့​မေး​တယ်။ ‘ကျွန်​တော် အာ​မလက်​လူပါ’+ လို့​ဖြေတယ်။ ၉  ဒါ​နဲ့ သူ​က ‘အနား​လာ​ပြီး ငါ့​ကို သတ်​လိုက်​စမ်း​ပါ။ ငါ မချိ​မဆံ့ ခံ​နေ​ရ​တယ်။ အသက်​လည်း မထွက်​နိုင်​သေး​ဘူး’  လို့​ပြော​တယ်။ ၁၀  သူ ဒဏ်​ရာ အပြင်း​အထန်​ရ​ပြီး လဲ​နေ​ပြီဆို​တော့ အသက်​ဆက်​မရှင်​နိုင်​မှန်း ကျွန်​တော်​သိ​တဲ့​အတွက် သူ့​အနား​ကို သွား​ပြီး သတ်​လိုက်​တယ်။+ ခေါင်း​ပေါ်​က​သရ​ဖူ​နဲ့ လက်​မောင်း​မှာ ပတ်​ထား​တဲ့ လက်​မောင်း​တန်​ဆာ​ကို​တော့ ချွတ်​ယူ​ပြီး သခင့်​ဆီ အခု ယူ​လာခဲ့​ပါ​တယ်” လို့​ဖြေတယ်။ ၁၁  အဲဒီ​အခါ ဒါဝိဒ်​က သူ့​အဝတ်​ကို ဆွဲ​ဆုတ်​တယ်။ သူ့​လူ​တွေ​လည်း အဲဒီ​အတိုင်း  လိုက်​လုပ်​  ကြ​တယ်။ ၁၂  သူတို့​က ရှောလု​မင်း၊ သား​တော် ယောန​သန်​နဲ့  ယေဟောဝါ​ရဲ့​လူမျိုး အစ္စ​ရေး​တွေ ကျ​ဆုံး​သွား​တဲ့​အတွက်+ ငို​ကြွေး​မြည်​တမ်း​ပြီး  ည​ဦး​ပိုင်း​အထိ အစာ​ရှောင်​ကြ​တယ်။+ ၁၃  ဒါဝိဒ်​က  သတင်း​ယူ​လာ​တဲ့ လူငယ်​ကို “ဘယ်​က​လာ​တာ​လဲ” လို့​မေးတဲ့​အခါ “ကျွန်​တော်​ဟာ အစ္စရေး​ပြည်​မှာ  နေ​ထိုင်​တဲ့  တိုင်း​တစ်ပါး​သား၊​ အာ​မလက်​လူ​မျိုး​ပါ”  လို့​ဖြေ​တယ်။ ၁၄  ဒါ​နဲ့ ဒါဝိဒ်​က “ယေဟောဝါ​ဘုရား ဘိ​သိက်​ပေး​ထား​တဲ့ မင်း​ကြီး​ကို မင်း​လက်​နဲ့ သတ်​ဝံ့​တယ်​ပေါ့”+  လို့​ပြော​တယ်။ ၁၅  အဲဒီ​နောက်  လူ​တစ်​ယောက်​ကို လှမ်း​ခေါ်​ပြီး  “သူ့​ကို​သတ်​လိုက်”  လို့ အမိန့်​ပေး​တော့ အဲဒီ​လူ​က လူငယ်​ကို သတ်​လိုက်​တယ်။+ ၁၆  ဒါဝိဒ်​က “‘ယေဟောဝါ​ဘုရား ဘိ​သိက်​ပေး​ထား​တဲ့ မင်း​ကြီး​ကို ကျွန်​တော်​သတ်​လိုက်​တာ’ ဆို​ပြီး မင်း​ကိုယ်​တိုင်  သက်​သေထွက်​ဆို​တဲ့​အတွက် မင်း​အပြစ်​နဲ့​မင်း သေရ​တာ​ပဲ”*+ လို့​ပြော​တယ်။ ၁၇  ဒါဝိဒ်​က ရှောလု​နဲ့ သား​တော်​ယောန​သန်​အတွက်+ ငို​ချင်း​တစ်​ပုဒ် စပ်​ဆို​တယ်။ ၁၈  “လေး​တော်​သီချင်း” လို့​ခေါ်​တဲ့ ဒီ​ငို​ချင်း​ကို ယုဒ​လူ​တွေ​ကို​လည်း သင်​ယူ​ခိုင်း​တယ်။ ယာ​ရှာ​စာ​စောင်​ထဲ​မှာ+ ဖော်​ပြထား​တဲ့ အဲဒီ​ငို​ချင်း​က​တော့– ၁၉  “အို အစ္စရေး၊ ဘုန်း​ကြီး​တဲ့​သူတွေ​ တောင်​ပေါ်​မှာ လဲ​ကျ​သေဆုံး​ကုန်ပြီ။+ သူ​ရဲ​ကောင်း​တွေ ကျ​ဆုံး​ကုန်​ပြီ။ ၂၀  ဒီ​သတင်း​ကို ဂါသ​မြို့​မှာ မပြော​ကြပါ​နဲ့။+ အာ​ရှ​ကေ​လုန်​မြို့​ရဲ့ လမ်း​တွေ​မှာ မကြေ​ညာ​ကြ​ပါ​နဲ့။ ဖိ​လိ​တိ​သမီး​ပျို​တွေ ဝမ်း​သာ​နေ​မှာ။ အရေ​ဖျား​မဖြတ်​သူ​တွေ​ရဲ့ သမီး​ပျို​တွေ ရွှင်​မြူး​နေ​လိမ့်​မယ်။ ၂၁  သူ​ရဲ​ကောင်း​တို့​ရဲ့ ဒိုင်း​လွှား ဂုဏ်​သရေ ညှိုး​နွမ်း​ပြီ။ ရှောလု​ရဲ့ ဒိုင်း​လွှား​လည်း ဂုဏ်​သရေ ညှိုး​နွမ်း​ပြီ၊ ဆီ​နဲ့​ တိုက်​ချွတ်​ထား​တဲ့ ဒိုင်း​လွှား​ တစ်​ခု​မှ မရှိ​တော့​ဘူး။ ဒါ​ကြောင့် ဂိ​လ​ဗော​တောင်​တန်း​တွေ​အပေါ်+ ဆီး​နှင်း မကျ​ပါ​စေ​နဲ့။ မိုး​မရွာ​ပါ​စေ​နဲ့။ ဘုရား​ကို​လှူ​မယ့် သီး​နှံ​တွေ လယ်​မြေမှာ မဖြစ်​ထွန်း​ပါ​စေ​နဲ့။+ ၂၂  ယောန​သန်​ရဲ့​လေး​က ရန်​သူ့​သွေး​ကို​သောက်​ဖို့၊ ခွန်​အား​ကြီး​သူ​တွေရဲ့ ကိုယ်​ကို ထွင်း​ဖောက်​ဖို့ ဝန်​မလေး​တတ်​ဘူး။+ ရှောလု​ရဲ့​ဓား​က​လည်း အောင်​ပွဲ​မရ​ဘဲ ပြန်​မလာ​တတ်​ဘူး။+ ၂၃  ရှောလု​နဲ့ ယောန​သန်​ဟာ+ အသက်​ရှင်​နေ​တုန်း​က လူ​ချစ်​လူ​ခင် များ​ခဲ့​တယ်။ ကွယ်​လွန်​တော့​လည်း မကွဲ​မကွာ​ပါ​ပဲ။+ လင်း​ယုန်​ထက် လျင်​မြန်​ကြ​တယ်။+ ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ​တယ်။+ ၂၄  အို အစ္စရေး​သမီး​ပျို​တို့၊မင်း​တို့​ကို ကြက်​သွေး​ရောင် ဝတ်​ကောင်း​စား​လှတွေ ဆင်​မြန်း​ပေး​သူ၊အဝတ်​မှာ ရွှေ​တန်​ဆာ​တွေ ဆင်​ယင်​ပေး​သူ ရှောလု​အတွက် ငို​ကြွေး​ကြ​ပါ။ ၂၅  သူ​ရဲ​ကောင်း​တွေ တိုက်​ပွဲ​မှာ ကျ​ဆုံး​ပြီ။ ယောန​သန်​ဟာ တောင်​ကုန်း​ပေါ်​မှာ လဲ​ကျ​သေဆုံး​သွား​ပြီ။+ ၂၆  အစ်​ကို​ယောန​သန်၊ ကျွန်​တော် ဝမ်း​နည်း​ပူ​ဆွေး​နေ​ရ​ပြီ။ အစ်​ကို့​ကို ကျွန်​တော် သိပ်​ချစ်​တယ်။+ ကျွန်​တော့်​ကို​ချစ်​တဲ့ အစ်​ကို့​မေတ္တာ​ဟာ အမျိုး​သမီး​တွေ​ရဲ့ မေတ္တာ​ထက် သာ​လွန်​တယ်။+ ၂၇  သူ​ရဲ​ကောင်း​တွေ ကျ​ဆုံး​ကုန်​ပြီ။ စစ်​လက်​နက်​တွေ​လည်း ပျက်​စီး​ကုန်​ပြီ။”

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “မင်း​ရဲ့​သွေး​ဟာ မင်း​ခေါင်း​ပေါ် ရောက်​ရ​တာ​ပဲ။”