၂ ရှမွေလ ၁၁:၁-၂၇
၁၁ နှစ်ဆန်းပိုင်းမှာ ဘုရင်တွေ စစ်တိုက်ထွက်ချိန်ရောက်တဲ့အခါ ဒါဝိဒ်က ယွာဘနဲ့ သူ့စစ်သည်တွေကို အစ္စရေးတပ်မကြီးနဲ့အတူ စေလွှတ်ပြီး အမ္မုန်လူမျိုးကို နှိမ်နင်းခိုင်းတယ်။ ဒါနဲ့ သူတို့က ရဗာမြို့ကို ဝိုင်းထားကြတယ်။+ ဒါဝိဒ်ကတော့ ဂျေရုဆလင်မြို့မှာ နေရစ်ခဲ့တယ်။+
၂ တစ်ညနေခင်းမှာ ဒါဝိဒ်ဟာ အိပ်ရာကနေထပြီး နန်းတော်အမိုးပေါ်မှာ လမ်းလျှောက်နေတယ်။ အဲဒီအချိန်မှာ အင်မတန်လှတဲ့ အမျိုးသမီးတစ်ယောက် ရေချိုးနေတာကို လှမ်းတွေ့လိုက်တယ်။
၃ လူလွှတ်ပြီး စုံစမ်းခိုင်းတော့ “ဧလျံရဲ့သမီး၊+ ဟိတ္တိလူ+ ဥရိယရဲ့+ ဇနီး ဗာသရှေဘ”+ ဖြစ်နေမှန်း သိလိုက်ရတယ်။
၄ ဒါနဲ့ တမန်တွေလွှတ်ပြီး ဗာသရှေဘကို ဆင့်ခေါ်တယ်။+ ရောက်လာတဲ့အခါ သူနဲ့အတူအိပ်တယ်။+ (ဗာသရှေဘက မသန့်ရှင်းချိန်* ပြီးသွားလို့ သန့်ရှင်းအောင်လုပ်နေချိန်အတွင်း အဲဒီလိုဖြစ်ခဲ့တာ။)+ အဲဒီနောက် သူအိမ်ပြန်သွားတယ်။
၅ ဗာသရှေဘမှာ ကိုယ်ဝန်ရှိလာတော့ ဒါဝိဒ်ဆီ လူလွှတ်ပြီး “ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ” လို့ စကားပါးတယ်။
၆ ဒါနဲ့ ဒါဝိဒ်က လူလွှတ်ပြီး “ဟိတ္တိလူ ဥရိယကို ငါ့ဆီ ပြန်လာခိုင်းပါ” လို့မှာတဲ့အတွက် ယွာဘက ဥရိယကို ဒါဝိဒ်ဆီ ပြန်ခိုင်းတယ်။
၇ ဥရိယရောက်လာတဲ့အခါ ဒါဝိဒ်က ယွာဘနဲ့ စစ်သည်တွေ အဆင်ပြေကြရဲ့လား၊ တိုက်ပွဲအခြေအနေ ဘယ်လိုလဲစသဖြင့် အကျိုးအကြောင်း မေးပြီးနောက်၊
၈ “မင်း အိမ်ပြန်ပြီး အေးအေးဆေးဆေး နားလိုက်ဦး” လို့ပြောတယ်။ နန်းတော်ကနေ ဥရိယထွက်သွားတဲ့အခါ လက်ဆောင်ကိုပါ* ပို့ပေးလိုက်တယ်။
၉ ဒါပေမဲ့ ဥရိယက အိမ်မပြန်ဘဲ မင်းမှုထမ်းတွေနဲ့အတူ နန်းတော်တံခါးဝမှာပဲ အိပ်တယ်။
၁၀ “ဥရိယ အိမ်မပြန်ဘူး” ဆိုတဲ့သတင်းကို ဒါဝိဒ်ကြားတဲ့အခါ “ခရီးဝေးကနေ အခုမှ ပြန်လာတာ မဟုတ်လား။ ဘာလို့ အိမ်မပြန်တာလဲ” ဆိုပြီးမေးတယ်။
၁၁ ဥရိယက “အစ္စရေးတွေနဲ့ ယုဒစစ်သည်တွေ ယာယီတဲတွေမှာ နေရတဲ့အပြင် သေတ္တာတော်က+ သူတို့နဲ့အတူ ရှိနေတယ်။ ကျွန်တော့်သခင်ယွာဘနဲ့ စစ်သည်တွေလည်း လွင်ပြင်မှာ တပ်ချနေကြတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်က စားသောက်ပြီး မိန်းမနဲ့အိပ်ဖို့+ အိမ်ပြန်ရမှာလား။ အသက်ရှင်နေတဲ့ မင်းကြီးကိုတိုင်တည်ပြီး ပြောပါ့မယ်။ ကျွန်တော် အဲဒီလိုမလုပ်နိုင်ပါဘူး” လို့ ပြန်လျှောက်တယ်။
၁၂ ဒါဝိဒ်က “ဒါဆိုလည်း ဒီနေ့ နားလိုက်ဦး။ မနက်ဖြန်ကျမှ မင်းကို ငါပြန်လွှတ်မယ်” လို့ပြောတဲ့အတွက် ဥရိယက ဂျေရုဆလင်မြို့မှာ နောက်တစ်ရက် ဆက်နေတယ်။
၁၃ ဒါဝိဒ်က ဥရိယကို အခေါ်လွှတ်ပြီး အတူသောက်စားရင်း မူးတဲ့အထိ တိုက်လိုက်တယ်။ ညနေခင်းရောက်တော့ ဥရိယက ထွက်သွားပေမဲ့ အိမ်မပြန်ဘဲ မင်းမှုထမ်းတွေနဲ့ပဲ အိပ်တယ်။
၁၄ မနက်ရောက်တော့ ဒါဝိဒ်က ယွာဘဆီ စာတစ်စောင်ရေးပြီး ဥရိယနဲ့ ပါးလိုက်တယ်။
၁၅ စာထဲမှာ “ဥရိယကို တိုက်ပွဲအပြင်းထန်ဆုံး ရှေ့တန်းစစ်မျက်နှာဆီ ပို့လိုက်။ အဲဒီမှာ သူ့ကို ထားရစ်ခဲ့ပြီး တပ်ခေါက်လိုက်။ ရန်သူ့လက်ချက်နဲ့ ကျဆုံးသွားပါစေ”+ လို့ရေးထားတယ်။
၁၆ ယွာဘက မြို့ကို သေသေချာချာ စောင့်ကြည့်ထားတဲ့အတွက် ဘယ်နေရာမှာ ခွန်အားကြီး စစ်သည်တွေ ရှိမှန်း သိနေတယ်။ အဲဒီနေရာမှာ ဥရိယကို ထားလိုက်တယ်။
၁၇ မြို့သားတွေ ထွက်တိုက်တဲ့အခါ ဒါဝိဒ်ရဲ့စစ်သည် တချို့ ကျဆုံးသွားပြီး ဟိတ္တိလူ ဥရိယလည်း ပါသွားတယ်။+
၁၈ ယွာဘက တိုက်ပွဲအကြောင်း ဒါဝိဒ်ဆီ သတင်းပို့တယ်။
၁၉ တမန်ကို “တိုက်ပွဲအကြောင်း မင်းအစီရင်ခံပြီးတဲ့အခါ၊
၂၀ မင်းကြီးက ဒေါသထွက်ပြီး ‘မြို့နားကို ဘာလို့ ဒီလောက်ထိ ကပ်ပြီးတိုက်ရတာလဲ။ မြို့ရိုးပေါ်ကနေ ရန်သူပစ်ခတ်မယ်ဆိုတာ မသိဘူးလား။
၂၁ ယေရုဗေရှက်ရဲ့သား+ အဘိမလက်ကို+ ဘယ်သူသတ်ပစ်ခဲ့သလဲ။ သေဗက်မြို့ကို တိုက်တုန်းက မြို့ရိုးပေါ်ကနေ အပေါ်ကြိတ်ဆုံကျောက်ကို အမျိုးသမီးတစ်ယောက် ပစ်ချလိုက်လို့ သူသေခဲ့ရတယ် မဟုတ်လား။ မြို့ရိုးနားကို ဘာလို့ ဒီလောက်ထိ ကပ်သွားရတာလဲ’ လို့ပြောလာရင် ‘ဟိတ္တိလူ ဥရိယလည်း ကျဆုံးသွားပါတယ်’ လို့ ပြန်လျှောက်တင်လိုက်” ဆိုပြီးမှာတယ်။
၂၂ တမန်လည်း ဒါဝိဒ်ဆီ ရောက်လာတဲ့အခါ ယွာဘမှာတဲ့အတိုင်းအစီရင်ခံတယ်–
၂၃ “ရန်သူတွေ အင်အားပိုများတယ်။ လွင်ပြင်ကို ထွက်လာပြီး ကျွန်တော်တို့ကို တိုက်တာ။ ကျွန်တော်တို့လည်း ရန်သူတွေကို မြို့တံခါးအထိ ပြန်တိုက်ပါတယ်။
၂၄ ဒါပေမဲ့ လေးသမားတွေက မြို့ရိုးပေါ်ကနေ မြားနဲ့လှမ်းပစ်လို့ စစ်သည်တချို့ ကျဆုံးကုန်တယ်။ မင်းကြီးရဲ့အမှုထမ်း ဟိတ္တိလူ ဥရိယလည်း ကျဆုံးသွားပါတယ်”+ လို့ လျှောက်တင်တယ်။
၂၅ အဲဒီအခါ ဒါဝိဒ်က “‘ဒီကိစ္စကြောင့် စိတ်မပျက်နဲ့။ တိုက်ပွဲမှာ ဘယ်သူမဆို ကျဆုံးနိုင်တာပဲ။ မြို့ကိုသာ ဖိတိုက်ပြီး သိမ်းလိုက်ပါ’+ လို့ ယွာဘကို ပြောလိုက်။ မင်းလည်း သူ့ကို အားပေးလိုက်ဦး” လို့ တမန်ကို ပြောတယ်။
၂၆ ဗာသရှေဘက ခင်ပွန်းဥရိယ ကျဆုံးတာကိုကြားတော့ ငိုကြွေးမြည်တမ်းတော့တယ်။
၂၇ ညည်းတွားငိုကြွေးချိန် ပြီးသွားတာနဲ့ ဒါဝိဒ်က လူလွှတ်ပြီး နန်းတော်ထဲ ခေါ်လာခိုင်းတယ်။ သူက ဒါဝိဒ်ရဲ့မိဖုရား ဖြစ်လာပြီး+ သားလေးမွေးတယ်။ ဒါဝိဒ်ရဲ့လုပ်ရပ်ကို ယေဟောဝါ လုံးဝမနှစ်သက်ဘူး။+