၂ ရှမွေလ ၁၂:၁-၃၁
၁၂ ယေဟောဝါက နာသန်ကို+ ဒါဝိဒ်ဆီ လွှတ်လိုက်တယ်။ ဒါနဲ့ နာသန်ရောက်လာပြီး+ “မြို့တစ်မြို့မှာ လူနှစ်ယောက် ရှိတယ်။ တစ်ယောက်က သူဌေး၊ နောက်တစ်ယောက်က ဆင်းရဲသား။
၂ သူဌေးဆီမှာ သိုးနွားတိရစ္ဆာန် အများကြီး ရှိတယ်။+
၃ ဆင်းရဲသားမှာတော့ ဝယ်ထားတဲ့ သိုးမလေးတစ်ကောင်ပဲ ရှိတယ်။+ သခင် ဂရုစိုက်စောင့်ရှောက်တဲ့အတွက် သိုးမလေးဟာ သခင့်မိသားစုနဲ့အတူ နေပြီး ကြီးပြင်းလာတယ်။ သခင့်မှာရှိတာလေးကို စားတယ်။ သခင့်ခွက်ထဲက ရေကိုသောက်တယ်။ သခင့်ရင်ခွင်မှာ အိပ်တယ်။ သမီးလေးလိုပါပဲ။
၄ နောက်ပိုင်းမှာ သူဌေးဆီကို ဧည့်သည်တစ်ယောက် ရောက်လာတယ်။ သူဌေးက ဧည့်ခံဖို့ သူ့ရဲ့သိုးနွားတိရစ္ဆာန်တွေထဲကနေ မယူဘဲ ဆင်းရဲသားရဲ့ သိုးမလေးကိုယူပြီး ချက်ကျွေးလိုက်တယ်”+ လို့ပြောတယ်။
၅ အဲဒီအခါ ဒါဝိဒ်က သူဌေးကို အရမ်းဒေါသထွက်ပြီး “အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။+ အဲဒီလူဟာ သေဒဏ်ခံထိုက်တယ်။
၆ ဒီလိုရက်ရက်စက်စက် လုပ်တဲ့အတွက် သိုး ၄ ကောင် ပြန်လျော်ပေးရမယ်”+ လို့ပြောတယ်။
၇ နာသန်ကလည်း “အဲဒီလူဟာ မင်းကြီးကိုယ်တိုင်ပါပဲ။ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက ‘မင်းကို အစ္စရေးဘုရင်အဖြစ် ငါကိုယ်တိုင် ဘိသိက်ပေးခဲ့တယ်။+ ရှောလုရဲ့ရန်ကနေ ကယ်ခဲ့တယ်။+
၈ မင်းသခင်ရဲ့ ထီးနန်းကို ငါပေးခဲ့တယ်။+ မင်းသခင်ရဲ့မိဖုရားတွေကို မင်းရင်ခွင်ထဲ ငါအပ်ပေးခဲ့တယ်။+ အစ္စရေးနဲ့ယုဒအမျိုးကိုလည်း ငါပေးခဲ့တယ်။+ ဒါမှမလောက်သေးရင် ထပ်ပေးဖို့ အသင့်ပဲ။+
၉ အခုတော့ ငါယေဟောဝါရှေ့မှာ သိပ်ဆိုးတဲ့လုပ်ရပ်ကို မင်းလုပ်လိုက်တာပဲ။ ဘာလို့ ငါ့စကားကို မထီလေးစားလုပ်တာလဲ။ မင်းက ဟိတ္တိလူ ဥရိယကို အမ္မုန်လူမျိုးတွေလက်ချက်နဲ့ သေအောင်လုပ်ပြီး+ သူ့ဇနီးကို သိမ်းပိုက်တယ်။+
၁၀ ငါ့ကို မထီလေးစားလုပ်ပြီး ဟိတ္တိလူ ဥရိယရဲ့ဇနီးကို သိမ်းပိုက်တဲ့အတွက် မင်းရဲ့အိမ်သားတွေဟာ ဓားဘေးကို အမြဲကြုံရလိမ့်မယ်။’+
၁၁ ယေဟောဝါ ဆက်ပြောတာက ‘မင်းကိုဒုက္ခပေးမယ့်သူကို မင်းအိမ်သားတွေထဲကနေ ပေါ်လာစေမယ်။+ မင်းရဲ့မိဖုရားတွေကို မင်းရှေ့မှာတင် ယူပြီး တခြားသူကို ပေးပစ်မယ်။+ သူက နေ့ခင်းကြောင်တောင်မှာ မင်းရဲ့မိဖုရားတွေနဲ့ အတူအိပ်လိမ့်မယ်။+
၁၂ မင်းက ဘယ်သူမှမသိအောင် အပြစ်ကျူးလွန်ခဲ့ပေမဲ့+ ငါကတော့ အစ္စရေးအားလုံးရှေ့မှာ၊ နေ့ခင်းကြောင်တောင်မှာ ဒါတွေကို ဖြစ်စေမယ်’” လို့ပြောတယ်။
၁၃ ဒါဝိဒ်ကလည်း “ယေဟောဝါဘုရားကို ကျွန်တော် ပြစ်မှားမိပါပြီ”+ လို့ဝန်ခံတော့ နာသန်က “မင်းကြီးရဲ့အပြစ်ကို ယေဟောဝါဘုရား ခွင့်လွှတ်ပါတယ်။+ မင်းကြီးသေရမှာ မဟုတ်ပါဘူး။+
၁၄ ဒါပေမဲ့ အခု မွေးလာတဲ့ သားကတော့ သေရလိမ့်မယ်။ မင်းကြီးက ဒီကိစ္စမှာ ယေဟောဝါဘုရားကို မလေးမစားလုပ်ခဲ့တာကိုး” လို့ပြန်ပြောတယ်။
၁၅ အဲဒီနောက် နာသန် အိမ်ပြန်သွားတယ်။
ယေဟောဝါ ဒဏ်ခတ်တဲ့အတွက် ဥရိယရဲ့ဇနီးနဲ့ ဒါဝိဒ်ရတဲ့ ကလေးဟာ နေမကောင်းဖြစ်လာတယ်။
၁၆ ဒါဝိဒ်က သားလေးအတွက် စစ်မှန်တဲ့ဘုရားသခင်ဆီမှာ အသနားခံပြီး အစာရှောင်တယ်။ အခန်းထဲဝင်ပြီး ကြမ်းပြင်ပေါ်မှာ တစ်ညလုံးလှဲနေတယ်။+
၁၇ မှူးမတ်ကြီးတွေက ကြမ်းပြင်ပေါ်ကနေ ထူပေးဖို့လုပ်ပေမဲ့ သူ လုံးဝမထဘူး။ အစာလည်း မစားဘူး။
၁၈ ခုနစ်ရက်မြောက်နေ့မှာတော့ ကလေး သေဆုံးသွားတယ်။ မင်းမှုထမ်းတွေက ကလေးသေတဲ့အကြောင်း အသိမပေးရဲဘူး။ “ကလေးအသက်ရှင်တုန်းကတောင် ငါတို့ပြောတာကို နားမထောင်တာ။ အခု ‘ကလေး ဆုံးသွားပြီ’ လို့ ဘယ်လိုအသိပေးရပါ့မလဲ။ ဆိုးဆိုးရွားရွား ထလုပ်ရင် ဒုက္ခပဲ” ဆိုပြီး အချင်းချင်းပြောနေကြတယ်။
၁၉ ဒါဝိဒ်က မင်းမှုထမ်းတွေ တီးတိုးပြောနေတာကိုမြင်တော့ ကလေးဆုံးသွားမှန်း ရိပ်မိပြီး “ကလေးဆုံးသွားပြီလား” လို့မေးတဲ့အခါ “ဆုံးသွားပါပြီ” လို့ဖြေကြတယ်။
၂၀ အဲဒီအခါ ဒါဝိဒ်က ကြမ်းပြင်ပေါ်ကနေထ၊ ရေချိုး၊ ဆီလိမ်း၊+ အဝတ်အစားလဲပြီး ယေဟောဝါရဲ့အိမ်တော်ကို သွားတယ်။+ ဦးချပျပ်ဝပ်ပြီးနောက် နန်းတော်ကို ပြန်လာတယ်။ စားသောက်ဖွယ်တွေ တည်ခင်းခိုင်းပြီး စားသောက်တော့တယ်။
၂၁ မင်းမှုထမ်းတွေက “ကလေးအသက်ရှင်တုန်းကတော့ မင်းကြီးက အစာရှောင်ပြီး ငိုကြွေးနေတယ်။ ကလေး သေဆုံးပြီဆိုတာနဲ့ ထပြီးစားသောက်တော့တာပဲ။ ဘာလို့ ဒီလိုလုပ်တာလဲ” လို့မေးတဲ့အခါ၊
၂၂ ဒါဝိဒ်က “ကလေးအသက်ရှင်တုန်းမှာ ငါအစာရှောင်ပြီး+ ငိုကြွေးခဲ့တယ်။ ‘ယေဟောဝါဘုရားက ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ကလေးကို အသက်ရှင်အောင် မလုပ်ပေးဘူးလို့ ဘယ်သူပြောနိုင်မှာလဲ’+ ဆိုပြီး တွေးမိလို့ပါ။
၂၃ အခု ကလေးဆုံးသွားပြီဆိုတော့ ဘာလို့ အစာရှောင်နေရမှာလဲ။ သူ့ကို ပြန်ခေါ်လို့မှ မရတော့တာ။+ ငါကသာ သူ့ဆီသွားရမှာ။+ သူကတော့ ငါ့ဆီ ပြန်လာနိုင်မှာ မဟုတ်ဘူး”+ လို့ဖြေတယ်။
၂၄ အဲဒီနောက် ဒါဝိဒ်က မိဖုရားဗာသရှေဘကို+ နှစ်သိမ့်ပေးတယ်။ သူ့ဆီ သွားပြီး အတူအိပ်တဲ့အတွက် အချိန်တန်တော့ သားတစ်ယောက် မွေးတယ်။ အဲဒီသားကို ရှောလမုန်*+ လို့နာမည်ပေးတယ်။ ယေဟောဝါလည်း ရှောလမုန်ကို ချစ်တယ်။+
၂၅ ယေဟောဝါက သူ့ကိုချစ်တဲ့အတွက် ပရောဖက်နာသန်ကို စေလွှတ်ပြီး+ ယေဒိဒိ* လို့နာမည်ပေးခိုင်းတယ်။
၂၆ ယွာဘက အမ္မုန်တွေရဲ့+ နန်းစိုက်မြို့ဖြစ်တဲ့ ရဗာမြို့ကို+ ဆက်တိုက်ခိုက်ပြီး သိမ်းယူတယ်။+
၂၇ ပြီးတော့ ဒါဝိဒ်ဆီ တမန်တွေလွှတ်ပြီး “ရဗာမြို့ကို တိုက်ခိုက်ပြီး+ ရေကန်ကို* သိမ်းလိုက်ပြီ။
၂၈ အခု ကျန်တဲ့စစ်သည်တွေကို ခေါ်လာပြီး မြို့ကို တိုက်ခိုက်သိမ်းပိုက်ပါ။ ဒီလိုမှမဟုတ်ရင် မြို့ကို သိမ်းပိုက်တယ်ဆိုတဲ့ နာမည်ကောင်းကို ရတဲ့သူဟာ ကျွန်တော် ဖြစ်နေဦးမယ်” လို့မှာလိုက်တယ်။
၂၉ ဒါဝိဒ်လည်း စစ်သည်တွေကို စုရုံး၊ ရဗာမြို့ကို ချီတက်လာပြီး တိုက်ခိုက်သိမ်းပိုက်တယ်။
၃၀ အဲဒီနောက် မာလကုံနတ်ရုပ်တုရဲ့ သရဖူကို ချွတ်ယူတယ်။ ရွှေအလေးချိန် တစ်တဲလင့်* ရှိပြီး ကျောက်မျက်တွေ စီခြယ်ထားတဲ့ အဲဒီသရဖူကို ဒါဝိဒ်ရဲ့ခေါင်းပေါ် ဆောင်းပေးကြတယ်။ ဒါဝိဒ်က အဲဒီမြို့ကနေ+ တိုက်ရာပါဥစ္စာအများကြီး ယူလာတယ်။+
၃၁ မြို့သားတွေကို ဖမ်းခေါ်လာပြီး ကျောက်ဖြတ်တဲ့အလုပ်၊ အသွားထက်တဲ့ သံထည်ကိရိယာတွေ၊ သံပုဆိန်တွေ သုံးရတဲ့အလုပ်တွေ လုပ်ခိုင်းတယ်။ အုတ်တွေလည်း ဖုတ်ခိုင်းတယ်။ တခြားအမ္မုန်မြို့သားတွေကိုလည်း အဲဒီအလုပ်တွေ ခိုင်းတယ်။ နောက်ဆုံး၊ ဒါဝိဒ်နဲ့ စစ်သည်အားလုံး ဂျေရုဆလင်မြို့ကို ပြန်လာကြတယ်။
အောက်ခြေမှတ်ချက်များ
^ “ငြိမ်းချမ်းမှု” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူးစကားလုံးကနေ ဆင်းသက်လာ။
^ အဓိပ္ပာယ်၊ “ယေဟောဝါ ချစ်တဲ့သူ။”
^ မူရင်း၊ “ရေမြို့တော်ကို။”
^ တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။