၂ ရှမွေလ ၂၁:၁-၂၂

  • ၂၁ ဂိဗောင်မြို့သားတွေ ရှောလုအမျိုးကို လက်စားချေ (၁-၁၄)

  • ဖိလိတိတွေနဲ့တိုက်တဲ့ စစ်ပွဲတွေ (၁၅-၂၂)

၂၁  ဒါဝိဒ်မင်းလက်ထက်မှာ သုံးနှစ်ဆက်တိုက် အငတ်ဘေးကျရောက်တဲ့အတွက်+  ဒါဝိဒ်က  ယေဟောဝါကို အကျိုးအကြောင်း မေးမြန်းတယ်။ ယေဟောဝါက “ဂိဗောင်မြို့သားတွေကို ရှောလုသတ်ခဲ့တဲ့အတွက် သူနဲ့သူ့အမျိုးမှာ အပြစ်ရှိနေတယ်”+ လို့ပြောတယ်။ ၂  ဒါကြောင့် ဒါဝိဒ်က ဂိဗောင်မြို့သားတွေကို ခေါ်ပြီး+ စကားပြောတယ်။ (ဂိဗောင်မြို့သားတွေဟာ အစ္စရေးလူမျိုး မဟုတ်ဘူး။ အာမောရိလူမျိုး+ အကြွင်းအကျန်တွေ ဖြစ်တယ်။ အစ္စရေးလူမျိုးက သူတို့ကို အသက်ချမ်းသာပေးဖို့ ကျိန်ဆိုခဲ့ပေမဲ့+ ရှောလုက အစ္စရေးနဲ့ ယုဒလူတွေအတွက် တလွဲစိတ်ထက်သန်ပြီး သူတို့ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။) ၃  ဒါဝိဒ်က  “မင်းတို့ကျေနပ်အောင်၊  ယေဟောဝါဘုရားရဲ့  လူမျိုးအတွက်* မင်းတို့ ကောင်းချီးတောင်းခံပေးနိုင်အောင် ငါဘာလုပ်ပေးရမလဲ” လို့မေးတဲ့အခါ၊ ၄  ဂိဗောင်မြို့သားတွေက  “ကျွန်တော်တို့နဲ့ ရှောလုအမျိုးရဲ့ ပြဿနာကို ရွှေငွေနဲ့ ပေးလျော်လို့ မရပါဘူး။+ ကျွန်တော်တို့က  အစ္စရေးပြည်မှာ  တစ်ယောက်ယောက်ကို သတ်ပိုင်ခွင့်လည်း မရှိပါဘူး” လို့ပြောတော့ ဒါဝိဒ်က “မင်းတို့တောင်းဆိုသမျှ ငါလုပ်ပေးမယ်” လို့ပြန်ပြောတယ်။ ၅  သူတို့က  “အဲဒီလူ ကျွန်တော်တို့ကို သတ်ဖြတ်ခဲ့တယ်။ အစ္စရေးနယ်မြေကနေ ကျွန်တော်တို့တစ်မျိုးလုံးကို သုတ်သင်ပစ်ဖို့ ကြံစည်ခဲ့ပါပြီ။+ ၆  ဒါကြောင့် သူ့သားမြေး ခုနစ်ယောက်ကို ကျွန်တော်တို့ဆီ အပ်ပါ။ ယေဟောဝါဘုရား ရွေးချယ်ခဲ့တဲ့ဘုရင် ရှောလုရဲ့+ ဇာတိ ဂိဗာမြို့မှာ+ သူတို့အလောင်းတွေကို ယေဟောဝါရှေ့ ဆွဲထားပါမယ်”+ လို့ပြောတော့ ဒါဝိဒ်မင်းက “သူတို့ကို ငါအပ်မယ်” လို့ပြောတယ်။ ၇  ဒါပေမဲ့ ဒါဝိဒ်မင်းက ယေဟောဝါရှေ့မှာ ရှောလုရဲ့သား ယောနသန်နဲ့ သစ္စာကတိပြုထားတဲ့အတွက်+ ရှောလုရဲ့မြေး၊  ယောနသန်ရဲ့သား မေဖိဗောရှက်ကို+ သနားပြီး အသက်ချမ်းသာပေးတယ်။ ၈  ဒါနဲ့ အာယရဲ့သမီး၊ ရှောလုရဲ့မောင်းမ ရိဇပ+ မွေးတဲ့ အာမောနိနဲ့ မေဖိဗောရှက်တို့နှစ်ယောက်ကို ခေါ်တယ်။ မဟောလမြို့သား  ဗာဇိလဲရဲ့သား အဒြေလနဲ့+ ရှောလုရဲ့သမီး မိခါလ*+ ရတဲ့သား ငါးယောက်ကိုလည်း ခေါ်တယ်။ ၉  ပြီးတော့ သူတို့ကို ဂိဗောင်မြို့သားတွေလက်ထဲ  အပ်လိုက်တော့  သူတို့အလောင်းတွေကို  ယေဟောဝါရှေ့ တောင်ပေါ်မှာ ဆွဲထားကြတယ်။+ ခုနစ်ယောက်စလုံး အတူ ကွပ်မျက်ခံလိုက်ရတယ်။ အဲဒီအချိန်ဟာ ရိတ်သိမ်းချိန်အစပိုင်း၊ မုယောစပါး ရိတ်သိမ်းခါစ ဖြစ်နေတယ်။ ၁၀  အာယရဲ့သမီး ရိဇပက+ အထည်ကြမ်းကိုယူ၊ ကျောက်ပေါ်မှာ ခင်းထိုင်ပြီး နေ့ဘက်မှာအလောင်းတွေပေါ်  ငှက်တွေ  မနားရအောင်၊ ညဘက်မှာ သားရဲတွေ မလာရအောင် ရိတ်သိမ်းချိန်အစပိုင်းကနေ မိုးဦးကျချိန်အထိ စောင့်ရှောက်တယ်။ ၁၁  အာယရဲ့သမီး၊  ရှောလုရဲ့မောင်းမ ရိဇပလုပ်တာတွေကို ဒါဝိဒ် သိသွားတဲ့အခါ၊ ၁၂  ရှောလုနဲ့ယောနသန်တို့ရဲ့ အရိုးတွေကို ယာဗက်ဂိလဒ်မြို့ရဲ့ ခေါင်းဆောင်တွေ* ဆီကနေ သွားယူတယ်။+ သူတို့က ဂိလဗောတောင်မှာ ရှောလုကို ဖိလိတိလူတွေ သတ်တဲ့နေ့တုန်းက ဗက်ရှန်မြို့ လူထုရင်ပြင်မှာ ချိတ်ဆွဲထားတဲ့ ရှောလုနဲ့ သူ့သား ယောနသန်ရဲ့အလောင်းကို တိတ်တဆိတ် သယ်လာခဲ့ကြတာ။+ ၁၃  ဒါဝိဒ်က ရှောလုနဲ့ ယောနသန်တို့ရဲ့ အရိုးတွေကို ယူလာတယ်။ တောင်ပေါ်မှာ ဆွဲထားခံရသူတွေရဲ့ အရိုးတွေကိုလည်း  စုသိမ်းကြတယ်။+ ၁၄  ရှောလုနဲ့ယောနသန်ရဲ့ အရိုးတွေကို ဗင်ယာမိန်နယ်မြေ ဇေလမြို့မှာရှိတဲ့+ ရှောလုအဖေ ကိရှရဲ့သင်္ချိုင်းမှာ+ သင်္ဂြိုဟ်ကြတယ်။ ဒါဝိဒ်မိန့်မှာသမျှအတိုင်း လုပ်ပြီးတဲ့နောက် ဘုရားသခင်က တိုင်းပြည်အတွက် သူတို့ အသနားခံတာကို နားထောင်ပေးတယ်။+ ၁၅  အစ္စရေးတွေက ဖိလိတိလူတွေနဲ့ စစ်ဖြစ်ကြပြန်တယ်။+ ဒါဝိဒ်နဲ့ မင်းမှုထမ်းတွေလည်း ဆင်းသွားပြီး ဖိလိတိလူတွေကို တိုက်ခိုက်တဲ့အခါ ဒါဝိဒ်မောပန်းလာတယ်။ ၁၆  ရေဖိမ်လူမျိုးကနေ+ ဆင်းသက်လာသူ အိရှဗိဗေနုပ်က ဒါဝိဒ်ကိုသတ်ဖို့ လုပ်တယ်။ သူဟာ ရှယ်ကယ် ၃၀၀* လေးတဲ့ ကြေးနီလှံနဲ့+ ဓားသစ်တစ်လက် ကိုင်ထားတယ်။ ၁၇  ဇေရုယာရဲ့သား အဘိရှဲလည်း+ ချက်ချင်းပဲ ဒါဝိဒ်ကို လာကူပြီး+ အဲဒီဖိလိတိလူကို သတ်လိုက်တယ်။ အဲဒီအချိန်မှာ ဒါဝိဒ်ရဲ့လူတွေက “မင်းကြီး၊ ကျွန်တော်တို့နဲ့အတူ စစ်တိုက်မထွက်ပါနဲ့တော့။+ အစ္စရေးပြည်ရဲ့ မီးခွက်ကို မငြိမ်းသတ်ပါနဲ့”+ လို့ပြောပြီး ကတိပေးခိုင်းတယ်။ ၁၈  အဲဒီနောက်  ဂေါဘအရပ်မှာ ဖိလိတိလူတွေနဲ့ စစ်ဖြစ်ပြန်တယ်။+ ဒီတစ်ချီမှာတော့ ဟုရှအမျိုးသား သိဗေခဲက+ ရေဖိမ်လူမျိုးကနေ+ ဆင်းသက်လာသူ သာဖကို သတ်လိုက်တယ်။ ၁၉  ဂေါဘအရပ်မှာ ဖိလိတိလူတွေနဲ့ စစ်ဖြစ်ပြန်တော့+ ဘက်သလီဟင်မြို့သား ယာအိရရဲ့သား ဧလဟာနန်က ဂါသမြို့သား ဂေါလျတ်ကို သတ်လိုက်တယ်။ ဂေါလျတ်ရဲ့လှံရိုးက ရက်ကန်းလိပ်တုံးလောက် ရှိတယ်။+ ၂၀  ဂါသမြို့မှာ နောက်တစ်ကြိမ် စစ်ဖြစ်ပြန်တယ်။ အဲဒီမြို့မှာ ရေဖိမ်လူမျိုးကနေ ဆင်းသက်လာတဲ့ လူထွားကြီးတစ်ယောက်ရှိတယ်။ သူ့လက်တစ်ဖက်မှာ လက်ချောင်း ၆ ချောင်းစီ၊ ခြေတစ်ဖက်မှာ ခြေချောင်း ၆ ချောင်းစီ၊ စုစုပေါင်း ၂၄ ချောင်းရှိတယ်။+ ၂၁  သူက အစ္စရေးတွေကို မပြတ်စိန်ခေါ်နေတဲ့အတွက်+ ဒါဝိဒ်ရဲ့အစ်ကို ရှိမာ+ ရဲ့သား ယောနသန်က သတ်လိုက်တယ်။ ၂၂  သူတို့လေးယောက်ဟာ ရေဖိမ်လူမျိုးကနေ ဆင်းသက်လာတဲ့ ဂါသမြို့သားတွေပဲ။ ဒါဝိဒ်နဲ့မင်းမှုထမ်းတွေရဲ့ လက်ချက်ကြောင့် သူတို့ ကျဆုံးသွားကြတယ်။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “အမွေအတွက်။”
“မေရပ်” လည်းဖြစ်နိုင်။
“မြေပိုင်ရှင်တွေ” လည်းဖြစ်နိုင်။
၃.၄၂ ကီလို (၇.၅ ပေါင်) နီးပါး။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။