၂ ရှမွေလ ၉:၁-၁၃
-
မေဖိဗောရှက်ကို ခိုင်မြဲတဲ့မေတ္တာပြ (၁-၁၃)
၉ ဒါဝိဒ်က “ရှောလုရဲ့အမျိုးထဲက တစ်ယောက်ယောက်များရှိသေးလား။ ရှိခဲ့ရင် ယောနသန်ရဲ့မျက်နှာကို ထောက်ပြီး သူ့ကို ခိုင်မြဲတဲ့မေတ္တာ ငါပြချင်တယ်”+ လို့ပြောတယ်။
၂ ရှောလုရဲ့အမျိုးမှာ ဇိဘလို့ခေါ်တဲ့+ ကျွန်တစ်ယောက်ရှိတယ်။ သူ့ကို ခေါ်လာတော့ “မင်း ဇိဘလား” လို့ ဒါဝိဒ်မေးတဲ့အခါ “ဟုတ်ပါတယ်၊ မင်းကြီး” လို့ဖြေတယ်။
၃ ဒါဝိဒ်မင်းက “ရှောလုရဲ့အမျိုးထဲက တစ်ယောက်ယောက်များ ရှိသေးလား။ ဘုရားသခင်ပြတဲ့ ခိုင်မြဲတဲ့မေတ္တာမျိုး သူ့ကိုလည်း ငါပြချင်တယ်” လို့ပြောတော့ ဇိဘက “ယောနသန်ရဲ့သားတစ်ယောက် ရှိပါသေးတယ်။ သူဟာ ခြေနှစ်ဖက်စလုံး မသန်ပါဘူး”+ လို့ ပြန်ဖြေတယ်။
၄ ဒါနဲ့ “သူ ဘယ်မှာလဲ” လို့မေးတဲ့အခါ ဇိဘက “လောဒေဗာမြို့မှာနေတဲ့ အမျေလရဲ့သား မာခိရအိမ်မှာပါ”+ လို့ဖြေတယ်။
၅ ဒါဝိဒ်မင်းလည်း ချက်ချင်းပဲ လူလွှတ်ပြီး လောဒေဗာမြို့မှာ နေတဲ့ အမျေလရဲ့သား မာခိရအိမ်ကနေ သူ့ကိုခေါ်လာခိုင်းတယ်။
၆ ရှောလုရဲ့မြေး၊ ယောနသန်ရဲ့သား မေဖိဗောရှက်က ဒါဝိဒ်ရှေ့ရောက်တာနဲ့ ဦးညွှတ်ပျပ်ဝပ်လိုက်တယ်။ အဲဒီအခါ ဒါဝိဒ်က “မေဖိဗောရှက်” လို့ခေါ်တော့ “အမိန့်ရှိပါ၊ မင်းကြီး” လို့သူဖြေတယ်။
၇ ဒါဝိဒ်ကလည်း “မကြောက်ပါနဲ့။ မင်းအဖေ ယောနသန်ရဲ့မျက်နှာကို ထောက်ပြီး မင်းကို ခိုင်မြဲတဲ့မေတ္တာ ဆက်ဆက်ပြမှာပါ။+ မင်းအဖိုး ရှောလုရဲ့ မြေယာအားလုံးကို ပြန်ပေးမယ်။ ငါ့စားပွဲမှာ မင်း အမြဲစားသောက်ရမယ်”+ လို့ပြောတယ်။
၈ အဲဒီအခါ မေဖိဗောရှက်က ပျပ်ဝပ်ပြီး “ခွေးသေကောင်နဲ့ မခြားတဲ့+ ကျွန်တော့်လိုလူဟာ မင်းကြီးရဲ့ဂရုစိုက်မှုကို မခံထိုက်ပါဘူးခင်ဗျာ” ဆိုပြီး ပြန်လျှောက်တင်တယ်။
၉ ဒါဝိဒ်က ရှောလုရဲ့ကျွန် ဇိဘကို ခေါ်ပြီး “မင်းရဲ့သခင် ရှောလုနဲ့ သူ့အမျိုးတွေ ပိုင်ဆိုင်သမျှကို သူ့မြေး မေဖိဗောရှက်လက်ထဲ ငါအပ်လိုက်ပြီ။+
၁၀ မင်းနဲ့ မင်းရဲ့သားတွေ၊ ကျွန်တွေက မင်းသခင်ရဲ့မြေး မေဖိဗောရှက်အတွက် ထွန်ယက်စိုက်ပျိုးပြီး ရိတ်သိမ်းပေးကြ။ သူ့မိသားစုအတွက် ရိက္ခာအဖြစ် ပေးကြ။ မေဖိဗောရှက်ကတော့ ငါ့စားပွဲမှာ အမြဲစားသောက်ရမယ်”+ လို့ မိန့်မှာတယ်။
ဇိဘမှာ သား ၁၅ ယောက်၊ အစေခံ ၂၀ ရှိတယ်။+
၁၁ ဇိဘက “အရှင်မင်းကြီး မိန့်မှာတဲ့အတိုင်း လုပ်ပါ့မယ်” လို့ ပြန်ဖြေတယ်။ ဒါကြောင့် မေဖိဗောရှက်ဟာ သားတော်တစ်ပါးလို ဒါဝိဒ်ရဲ့စားပွဲမှာ စားသောက်ရတယ်။
၁၂ မေဖိဗောရှက်မှာလည်း မိက္ခာလို့ခေါ်တဲ့+ သားတစ်ယောက် ရှိတယ်။ ဇိဘရဲ့အိမ်သူအိမ်သားအားလုံးဟာ မေဖိဗောရှက်ရဲ့ ကျွန်တွေဖြစ်လာတယ်။
၁၃ ခြေနှစ်ဖက်စလုံး မသန်တဲ့+ မေဖိဗောရှက်က ဂျေရုဆလင်မြို့မှာ နေထိုင်ပြီး ဘုရင့်စားပွဲမှာ အမြဲစားသောက်ရတယ်။+