မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်း​ဦး​စကား

ဘုရား​သခင်​က ကျွန်​တော်​တို့​အားလုံး​ကို သမ္မာ​ကျမ်း​စာ​က​တစ်ဆင့် စာ​ရေး​ဆက်​သွယ်​တယ်။ ကျမ်း​စာ​အာ​ဘော်​ရှင်​ကို သိ​ကျွမ်း​လာ​ဖို့ ကျမ်း​စာ​ကို လေ့​လာ​ရ​မယ်။ (ယောဟန် ၁၇:၃။ ၂ တိမောသေ ၃:၁၆) လူ​သား​တွေ​နဲ့ မြေကြီး​စံ​အိမ်​အတွက် ယေဟောဝါ​ဘုရား​ရဲ့ ရည်​ရွယ်​ချက်​ကို ကျမ်း​စာ​ထဲ​မှာ ဖော်​ပြထား​တယ်။—ကမ္ဘာဦး ၃:၁၅။ ဗျာဒိတ် ၂၁:၃၊ ၄

လူ​တွေ​ရဲ့​အသက်​တာ​ပေါ် အကျိုး​သက်​ရောက်​မှု အရှိ​ဆုံး​စာ​အုပ်​ဟာ သမ္မာ​ကျမ်း​စာ ဖြစ်​တယ်။ ကျမ်း​စာ​က ယေဟောဝါ​ရဲ့ မေတ္တာ၊ ကရု​ဏာ၊ သနား​စာ​နာ​မှု​ကို အတု​ယူ​ဖို့ ကျွန်​တော်​တို့​ကို လှုံ့​ဆော်​တယ်။ ကျွန်​တော်​တို့​ကို မျှော်​လင့်​ချက်​ပေး​ပြီး အဆိုး​ဆုံး​အခြေ​အနေ​ကို ခံ​ရပ်​နိုင်​ဖို့ ကူညီ​ပေး​တယ်။ ဘုရား​သခင်​ရဲ့ ပြည့်​ဝ​စုံလင်​တဲ့​အလို​တော်​နဲ့ မကိုက်​ညီ​တဲ့ လော​က​မှာ​ရှိ​တဲ့​အရာတွေ​ကို အမြဲဖော်​ထုတ်​တယ်။—ဆာလံ ၁၁၉:၁၀၅။ ဟီ​ဘ​ရူး ၄:၁၂။ ၁ ယောဟန် ၂:၁၅-၁၇

ကျမ်း​စာ​ကို မူ​လ​က ဟီ​ဘ​ရူး၊ အာ​ရ​မိတ်၊ ဂရိ​ဘာ​သာ​စကား​နဲ့ ရေး​သား​ထား​ပြီး တစ်​အုပ်​လုံး​ဖြစ်​စေ၊ တစ်​စိတ်​တစ်​ပိုင်း​ဖြစ်​စေ ဘာ​သာ​စကား ၂,၆၀၀ နီး​ပါး ဘာ​သာ​ပြန်​ဆို​ထား​တယ်။ သမိုင်း​တစ်​လျှောက်​မှာ ဘာ​သာ​အပြန်​ရ​ဆုံး၊ အထုတ်​ဝေ​ရ​ဆုံး​ပါ​ပဲ။ အဲဒီ​လို​ဖြစ်​ဖို့​ပဲ ကျွန်​တော်​တို့ မျှော်​လင့်​ထား​ပါ​တယ်။ ဘာ​လို့​လဲ​ဆို​တော့ ကျမ်း​စာ​မှာ “လူမျိုး​အားလုံး​အတွက် သက်​သေဖြစ်​စေ​ဖို့ နိုင်ငံ​တော်​သတင်း​ကောင်း​ကို လူ​နေ​ထိုင်​ရာ မြေတစ်​ခွင်​လုံး​မှာ ဟော​ပြော​ရ​လိမ့်​မယ်။ ပြီး​မှ အဆုံး​ရောက်​လာ​လိမ့်​မယ်” ဆို​ပြီး ကြို​ဟော​ထား​လို့​ပဲ။—မဿဲ ၂၄:၁၄

ကျမ်း​စာ​သတင်း​စကား​ရဲ့ အရေး​ကြီး​မှု​ကို သိ​ထား​တဲ့​အတွက် မူ​ရင်း​စာ​သား​ကို သစ္စာ​ရှိ​ရှိ ပြန်​ဆို​ထား​ရုံ​မက ရှင်း​လင်း​ပြီး နား​လည်​လွယ်​တဲ့ ဘာ​သာ​ပြန်​ကျမ်း​ကို ထုတ်​ဝေ​ဖို့ ကျွန်​တော်​တို့​ ပန်းတိုင်​ထား​ပါ​တယ်။ “ကျမ်း​စာ​ဘာ​သာ​ပြန် လမ်း​ညွှန်​ချက်​များ၊” “ဒီကျမ်း​စာရဲ့ ထူး​ခြား​ချက်​များ၊” “သမ္မာ​ကျမ်း​စာ ရ​ရှိ​လာ​ပုံ” စ​တဲ့ နောက်​ဆက်​တွဲ​ဆောင်း​ပါး​တွေ​မှာ ဒီ​ကျမ်း​စာ​ကို ဘာ​သာ​ပြန်​တဲ့​အခါ လိုက်​နာ​တဲ့ ဘာ​သာ​ပြန်​လမ်း​ညွှန်​ချက်​တွေ​အပြင် ဒီ​ကျမ်း​စာ​ရဲ့ ထူး​ခြား​ချက်​တ​ချို့​ကို​ပါ ဖော်ပြ​ထား​တယ်။

ယေဟောဝါ​ဘုရား​ကို ချစ်​ပြီး ဝတ်​ပြု​တဲ့​သူ​တွေ​ဟာ တိ​ကျ​မှန်​ကန်​ပြီး နား​လည်​ရ​လွယ်​တဲ့ ဘုရား​သခင့် နှုတ်​ထွက်​စကား​ကို လို​လား​ကြ​တယ်။ (၁ တိမောသေ ၂:၄) ဒါ​ကြောင့် ကမ္ဘာ​သစ်​ဘာ​သာ​ပြန်​ကျမ်း​ကို ဘာ​သာ​စကား များ​နိုင်​သလောက်​များ​များ​နဲ့ ပြန်​ဆို​မယ်​ဆို​တဲ့ ရည်​ရွယ်​ချက်​နဲ့​အညီ ဒီ​ကျမ်း​ကို မြန်​မာ​ဘာ​သာ​စကား​နဲ့​လည်း ထုတ်​ဝေ​လိုက်​ပါ​တယ်။ ဒါ​ကြောင့် စာ​ဖတ်​သူ​အနေ​နဲ့ ‘ဘုရား​သခင်​ကို ရှာ​ပြီး တ​ကယ်​တွေ့​နိုင်​ဖို့’ ကြိုး​စား​တဲ့​အခါ ဒီ​သမ္မာ​ကျမ်း​စာ​က​နေ အကျိုး​ရ​မယ်​လို့ ကျွန်​တော်​တို့ မျှော်​လင့်​ပြီး ဆုတောင်း​ပေး​ပါ​တယ်။—တမန်​တော် ၁၇:၂၇

ကမ္ဘာ​သစ်​ဘာ​သာ​ပြန်​ကျမ်း ကော်​မတီ