က၁
ကျမ်းစာဘာသာပြန် လမ်းညွှန်ချက်များ
မူရင်းကျမ်းစာကို ရှေးခေတ် ဟီဘရူး၊ အာရမိတ်၊ ဂရိဘာသာစကားတွေနဲ့ ရေးသားခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ ကျမ်းစာတစ်အုပ်လုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဘာသာစကား ၂,၆၀၀ လောက်နဲ့ ဖတ်ရှုနိုင်ပြီ။ ကျမ်းစာဖတ်ရှုသူအများစုဟာ မူရင်းဘာသာစကားကို နားမလည်တော့ ဘာသာပြန်ကျမ်းကိုပဲ အားထားနေရတယ်။ ကျမ်းစာဘာသာပြန်တဲ့အခါ ဘယ်လမ်းညွှန်ချက်တွေကို လိုက်နာသင့်သလဲ၊ အဲဒီလမ်းညွှန်ချက်တွေနဲ့အညီ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဘယ်လိုပြန်ဆိုထားသလဲ။
မူရင်း စာကြောင်းကြားညှပ်ပြန်ဆိုနည်းအတိုင်း စာသားတွေကို အတိအကျ၊ လုံးကောက်ပြန်ဆိုမှသာ မူရင်းနဲ့အနီးစပ်ဆုံး အဓိပ္ပာယ်ကို သိနိုင်မယ်လို့ တချို့ယူဆကြတယ်။ တကယ်တော့ အဲဒီယူဆချက်ဟာ အမြဲမမှန်ဘူး။ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ–
-
သဒ္ဒါ၊ ဝေါဟာရ၊ ဝါကျတည်ဆောက်ပုံ တထေရာတည်းတူတဲ့ ဘာသာစကားဆိုတာ မရှိဘူး။ ဘာသာစကားတွေဟာ “သဒ္ဒါ၊ ဇာစ်မြစ်တွေ မတူရုံမက အယူအဆတွေကို ဝါကျအဖြစ် တည်ဆောက်ပုံလည်း မတူဘူး” ဆိုပြီး ဟီဘရူးစာပေ ပါမောက္ခ အက်စ်အာ ဒရိုင်ဗာ ရေးခဲ့တယ်။ ဘာသာစကားမတူတဲ့အတွက် တွေးခေါ်ပုံလည်း မတူဘူး။ “ဒါကြောင့် ဘာသာစကား တစ်မျိုးနဲ့တစ်မျိုး ဝါကျတည်ဆောက်ပုံ မတူဘူး” လို့ ပါမောက္ခက ဆက်ဖော်ပြတယ်။
-
ကျမ်းစာကို ရေးသားခဲ့တဲ့ ဟီဘရူး၊ အာရမိတ်နဲ့ ဂရိဘာသာစကားတွေရဲ့ ဝေါဟာရ၊ သဒ္ဒါတွေဟာ အခုခေတ် ဘယ်ဘာသာစကားနဲ့မှ တစ်ထပ်တည်း မကျဘူး။ ဒါကြောင့် မူရင်းစာသားကို လုံးကောက်ဘာသာပြန်ရင် မရှင်းလင်းရုံမက အဓိပ္ပာယ်တောင် လွဲနိုင်တယ်။
-
စကားလုံးတွေ၊ စကားစုတွေရဲ့ အဓိပ္ပာယ်ဟာ စကားစပ်ပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်တယ်။
ဘာသာပြန်သူအနေနဲ့ စာပိုဒ်တချို့ကို မူရင်းအတိုင်း တိုက်ရိုက်ပြန်ဆိုနိုင်တယ်၊ ဒါပေမဲ့ သိပ်သတိထားရပါလိမ့်မယ်။
လုံးကောက်ပြန်ဆိုမယ်ဆိုရင် အဓိပ္ပာယ်လွဲသွားနိုင်တဲ့ ဥပမာတချို့–
-
မဿဲ ၂၈:၁၃။ တမန်တော် ၇:၆၀) သေဆုံးတာကို ရည်ညွှန်းတဲ့ စကားစပ်မှာဆိုရင် စာဖတ်သူ ဇဝေဇဝါမဖြစ်ရအောင် “သေခြင်းမှာ အိပ်ပျော်တယ်” ဆိုပြီး ပြန်ဆိုနိုင်တယ်။—၁ သက်သာလောနိတ် ၄:၁၃၊ ၁၄။ ၂ ပေတရု ၃:၄။
ကျမ်းချက်တချို့မှာ “အိပ်တယ်၊” “အိပ်ပျော်တယ်” ဆိုတဲ့ စကားစုဟာ ပကတိအိပ်ပျော်တာကိုရော သေဆုံးတာကိုပါ ဆိုလိုတယ်။ ( -
ဧဖက် ၄:၁၄ မှာ တမန်တော်ပေါလု အသုံးအနှုန်းတစ်ခု သုံးခဲ့တယ်။ လုံးကောက်ပြန်ရင် “အံစာတုံး ကစားသူများ” ဆိုတဲ့ အဓိပ္ပာယ်ထွက်တယ်။ သူတစ်ပါးကို လှည့်စားပြီး အံကစားတတ်သူတွေကို ရည်ညွှန်းတယ်။ ဘာသာစကား အတော်များများမှာ ဒီအသုံးအနှုန်းကို တိုက်ရိုက်ပြန်လိုက်ရင် အဓိပ္ပာယ်မရှိဘူး။ ဒါပေမဲ့ “လှည့်ဖြားသူတွေ” လို့ပြန်ဆိုလိုက်တဲ့အခါ အဓိပ္ပာယ်မှန်ကန်ရုံမက ပိုရှင်းလင်းသွားတယ်။
-
ရောမ ၁၂:၁၁ မှာလည်း ဂရိအသုံးအနှုန်းတစ်ခု ပါတယ်။ တိုက်ရိုက်ပြန်လိုက်ရင် “ဗလောင်ဆူနေတဲ့စိတ်” လို့အဓိပ္ပာယ်ရတယ်။ အဲဒီအတိုင်း ပြန်လိုက်ရင် အဓိပ္ပာယ်မမှန်ဘူး။ ဒါကြောင့် ဒီကျမ်းစာမှာ “စိတ်ထက်သန်” ဆိုပြီး ပြန်ဆိုထားတယ်။
-
လူသိများတဲ့ တောင်ပေါ်ဒေသနာကို ယေရှုဟောတဲ့အခါ အသုံးအနှုန်းတစ်ခု သုံးခဲ့တယ်။ အဲဒီအသုံးအနှုန်းကို “စိတ်ဝိညာဉ်၌ ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏” ဆိုပြီး ကျမ်းစာတချို့ ပြန်ဆိုကြတယ်။ (မဿဲ ၅:၃၊ မက်ဂွားယားကျမ်း) ဘာသာစကားအတော်များများမှာ လုံးကောက်ပြန်လိုက်တဲ့အခါ အဓိပ္ပာယ်မရှင်းဘူး။ တချို့ဘာသာစကားမှာဆိုရင် “စိတ်ဝိညာဉ်၌ ဆင်းရဲသောသူ” ဆိုပြီး လုံးကောက်ပြန်တဲ့အခါ စိတ်ဝေဒနာသည်၊ ဖျတ်လတ်မှုမရှိသူ၊ မပြတ်သားသူဆိုတဲ့သဘော သက်ရောက်နိုင်တယ်။ တကယ်တော့ ကာယရေး ပြေလည်ရုံနဲ့ ပျော်ရွှင်မှု မရနိုင်ဘူး၊ ဘုရားလမ်းညွှန်မှုလိုအပ်မှန်း သိမြင်မှသာ ပျော်နိုင်မယ်ဆိုပြီး ယေရှုသင်ပေးနေတာ။ (လုကာ ၆:၂၀) ဒါကြောင့် “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ” ဆိုပြီး ပြန်ဆိုလိုက်တဲ့အခါ မူရင်းအသုံးအနှုန်းရဲ့ အဓိပ္ပာယ်မှန်ကို တိတိကျကျ ဖော်ပြနိုင်တယ်။—မဿဲ ၅:၃။
-
စကားစပ်အတော်များများမှာ “မနာလိုစိတ်” ဆိုပြီး ပြန်ဆိုထားတဲ့ မူရင်းဟီဘရူးစကားလုံးဟာ အရင်းနှီးဆုံးလူ သစ္စာဖောက်တဲ့အခါ ဒေါသထွက်ခြင်း၊ သူတစ်ပါး ကောင်းစားတာကို မရှုဆိတ်ဖြစ်ခြင်းလို့ အဓိပ္ပာယ်ထွက်တယ်။ (ပညာအလိမ္မာ ၆:၃၄။ ဟေရှာယ ၁၁:၁၃) ဒါပေမဲ့ အဲဒီဟီဘရူးစကားလုံးဟာ ကောင်းတဲ့အဓိပ္ပာယ်လည်း ရှိတယ်။ ဥပမာ၊ မိမိကျေးကျွန်တွေအပေါ် ယေဟောဝါထားတဲ့ “စိတ်ထက်သန်မှု၊” ကာကွယ်ပေးချင်တဲ့ စိတ်အားကြီးမှုကို ဖော်ပြတဲ့အခါ၊ “မိမိတစ်ပါး တည်းကို ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆို” တဲ့အခါ ဒီစကားလုံးကို သုံးထားတယ်။ (ထွက်မြောက်ရာ ၃၄:၁၄။ ၂ ဘုရင်များ ၁၉:၃၁။ ယေဇကျေလ ၅:၁၃။ ဇာခရိ ၈:၂) အဲဒီအပြင် သစ္စာရှိကျေးကျွန်တွေ ဘုရားသခင်နဲ့ ဝတ်ပြုရေးအတွက် “စိတ်ထက်သန်တာ၊” ဘုရားအပေါ် “သစ္စာမဲ့တဲ့လုပ်ရပ်ကို သည်းမခံတာ” ဆိုတဲ့ အဓိပ္ပာယ်အတွက်လည်း ဒီစကားလုံးကိုပဲ အသုံးပြုထားတယ်။—ဆာလံ ၆၉:၉။ ၁၁၉:၁၃၉။ တောလည်ရာ ၂၅:၁၁။
-
မူရင်းဟီဘရူးမှာ လက်ရုံးဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ်ကျယ်ပြန့်တယ်။ စကားစပ်ပေါ် မူတည်ပြီး “အာဏာ၊” ‘ရက်ရောမှု၊’ ‘အစွမ်း’ စသဖြင့် ပြန်ဆိုနိုင်တယ်။ (၂ ရှမွေလ ၈:၃။ ၁ ဘုရင်များ ၁၀:၁၃။ ပညာအလိမ္မာ ၁၈:၂၁) ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ အဲဒီစကားလုံးကို အမျိုးပေါင်း ၄၀ လောက် ပြန်ဆိုထားတယ်။
ဒါကြောင့် ကျမ်းစာဘာသာပြန်တယ်ဆိုတာ မူရင်းစကားလုံးကို လုံးကောက်ပြန်ဆိုလိုက်ရုံနဲ့ မရမှန်း သိနိုင်တယ်။ ဘာသာပြန်သူဟာ မူရင်းစာသားမှာပါတဲ့ သဘောတရားကို မိခင်ဘာသာစကားနဲ့ အမှန်ကန်ဆုံး ဖော်ပြနိုင်ဖို့ စကားလုံးတွေကို သေသေချာချာ ချိန်ဆရွေးချယ်ရတယ်။ ပြီးရင် မိခင်ဘာသာစကားရဲ့ သဒ္ဒါစည်းမျဉ်းတွေအတိုင်း ဝါကျဖွဲ့ပေးရတယ်။ ဒါမှ ဖတ်ရှုရ လွယ်ကူမယ်။
ဝါကျချောအောင် ပြန်ဆိုတဲ့အခါမှာလည်း အစွန်းမရောက်သင့်ဘူး။ အဓိကအချက်ကို ပြန်ရှင်းပြသလိုမျိုး ကျမ်းစာကို စိတ်ကြိုက် စကားပြေပြန်လိုက်ရင် အဓိပ္ပာယ်လွဲသွားနိုင်တယ်။ ဘယ်လိုလွဲသွားနိုင်သလဲ။ ဘာသာပြန်သူက မူရင်းစာသားရဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ကိုယ့်ထင်မြင်ချက်ကို မမှန်မကန် ထည့်သွင်းပြန်ဆိုမိနိုင်တယ်၊ မူရင်းမှာပါတဲ့ အရေးကြီးတဲ့ အသေးစိတ်အချက်တချို့ကို ချန်လှပ်မိနိုင်တယ်။ ဒါကြောင့် ကျမ်းစာကို စကားပြေပြန်ဆိုတာဟာ ဖတ်ရှုရလွယ်ကူပေမဲ့ စိတ်ကြိုက် ပြန်ဆိုထားတာဖြစ်လို့ ဆိုလိုရင်းအမှန်ကို စာဖတ်သူတွေ နားမလည်ဘဲ ဖြစ်သွားနိုင်တယ်။
အယူဝါဒအစွဲကလည်း ဘာသာပြန်သူအပေါ် အများကြီး သြဇာလွှမ်းနိုင်တယ်။ ဥပမာ၊ မဿဲ ၇:၁၃ မှာ “ပျက်စီးခြင်းကို ပို့ဆောင်တဲ့လမ်းက ကျယ်ဝန်းတယ်” လို့ဆိုတယ်။ မူရင်းဂရိစကားလုံးဟာ ပျက်စီးခြင်းကိုပဲ ဆိုလိုတာပါ။ ဒါပေမဲ့ အယူဝါဒအစွဲကြီးတဲ့ ဘာသာပြန်သူတချို့က “ငရဲကို ပို့ဆောင်တဲ့လမ်းက ကျယ်ဝန်းတယ်” လို့ပြန်ဆိုကြတယ်။
သမ္မာကျမ်းစာကို လယ်သမား၊ သိုးထိန်း၊ တံငါသည်စတဲ့ သာမန်လူတန်းစားတွေ နေ့စဉ်ပြောဆိုတဲ့စကားနဲ့ ရေးခဲ့တယ်ဆိုတာကိုလည်း ကျမ်းစာဘာသာပြန်သူ ထည့်တွက်ဖို့ လိုတယ်။ (နေဟမိ ၈:၈၊ ၁၂။ တမန်တော် ၄:၁၃) ကောင်းမွန်တဲ့ ဘာသာပြန်ကျမ်းမှန်ရင် ကျမ်းစာသတင်းစကားကို စိတ်ရင်းမှန်သူတွေ ဘယ်လိုနောက်ခံပဲ ရှိနေပါစေ နားလည်နိုင်တယ်။ သာမန်စာဖတ်သူတွေ ပြောလေ့မရှိတဲ့ စကားလုံးတွေထက် ရိုးရှင်းပြီး နားလည်ရလွယ်တဲ့ စကားလုံးတွေ သုံးမှာဖြစ်တယ်။
လက်ရှိဘာသာပြန်ကျမ်းစာတွေမှာ ဘာသာပြန်အတော်များများက ယေဟောဝါဆိုတဲ့ နာမည်ကို ကိုယ့်သဘောနဲ့ကိုယ် ချန်လှပ်ခဲ့ကြတယ်။ တကယ်တော့ ရှေးဟောင်းစာမူတွေမှာ ဘုရားသခင့်နာမည်ပါတယ်။ (နောက်ဆက်တွဲ က၄ ကိုကြည့်။) ဘာသာပြန်ကျမ်း အတော်များများမှာ နာမတော်ကို ‘သခင်’ ဆိုတဲ့ဘွဲ့နဲ့ အစားထိုးလိုက်တယ်၊ တချို့ကျမ်းတွေဆိုရင် ဘုရားသခင်မှာ နာမည်ရှိတယ်ဆိုတာကိုတောင် ဖုံးကွယ်ထားကြတယ်။ ဥပမာ၊ ဘာသာပြန်ကျမ်းတချို့က ယေရှုရဲ့ဆုတောင်းချက်ဖြစ်တဲ့ ယောဟန် ၁၇:၂၆ မှာ “ကိုယ်တော့်အကြောင်းကို သူတို့အား ကြားသိစေပါပြီ၊” ယောဟန် ၁၇:၆ ကိုလည်း ‘ကိုယ်တော်ပေးအပ်တော်မူသောသူတို့အား ကိုယ်တော့်အကြောင်း ကြားသိစေပါပြီ’ လို့ပြန်ဆိုထားတယ်။ တကယ်တော့ “အဖရဲ့နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါပြီ၊” “အဖ ပေးအပ်ထားသူတွေကို အဖရဲ့နာမည် သိအောင် ကျွန်တော် ဖော်ပြပါပြီ” ဆိုပြီးဖြစ်ရမယ်။
ဦးဆုံးအကြိမ်ထုတ် အင်္ဂလိပ်လို ကမ္ဘာသစ်ဘာသာပြန်ကျမ်းရဲ့ ကျမ်းဦးစကားမှာ “ဒီကျမ်းစာကို စကားပြေပြန်ထားတာ မဟုတ်ဘူး။ ခေတ်သုံးအင်္ဂလိပ်စကားမှာ ပြေပြစ်နေသရွေ့၊ အဓိပ္ပာယ်မပျောက်ဘဲ ရှင်းလင်းနေသရွေ့ မူရင်းစာသားအတိုင်း အတတ်နိုင်ဆုံး ပြန်ဆိုထားတယ်” ဆိုပြီး ဖော်ပြခဲ့တယ်။ ဒါကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကော်မတီဟာ မူရင်းအဓိပ္ပာယ်ကို ပေါ်လွင်စေမယ့် စကားလုံးတွေ ရွေးချယ်ပြီး ဝါကျဖွဲ့တဲ့အခါ ဟန်ချက်ညီဖို့၊ တစ်ချိန်တည်းမှာ မပြေပြစ်တာ၊ ဆိုလိုရင်းမပေါ်တာမျိုး မဖြစ်ဖို့ ကြိုးစားထားပါတယ်။ အကျိုးကျေးဇူးကတော့ စာဖတ်သူအတွက် ဖတ်ရလွယ်ကူတဲ့အပြင် ကျမ်းစာသတင်းစကားကို မှန်မှန်ကန်ကန် ပြန်ဆိုထားမှန်း ယုံကြည်စိတ်ချမှုအပြည့် ရှိနေပါလိမ့်မယ်။—၁ သက်သာလောနိတ် ၂:၁၃။