“အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်” မှာပါတဲ့ အညွှန်းများ
အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2023 Watch Tower Bible and Tract Society of Pennsylvania
မတ် ၄-၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၆-၁၇
‘ခံစားရတဲ့ ကောင်းကျိုးချမ်းသာ မှန်သမျှ ယေဟောဝါဆီက လာတာပါ’
က၁၈.၁၂ ၂၆ ပိုဒ်. ၁၁
လူငယ်တို့၊ ကျေနပ်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်
မိတ်ဆွေစစ်တွေ ဖွဲ့ပါ
၁၁ ဆာလံ ၁၆:၃ ကိုဖတ်ပါ။ မိတ်ဆွေစစ်တွေ ရနိုင်တဲ့ လျှို့ဝှက်ချက်ကို ဒါဝိဒ် သိတယ်။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းရလို့ သူ “ပျော်ရွှင်ကြည်နူး” တယ်။ “သန့်ရှင်းသူတွေ” လို့ ပြောထားတဲ့အတွက် သူတို့ဟာ ကိုယ်ကျင့်တရား စင်ကြယ်သူ၊ ဖြောင့်မှန်သူတွေ ဖြစ်တယ်။ မိတ်ဆွေ ရွေးချယ်တာနဲ့ပတ်သက်ပြီး ဒါဝိဒ်က “ကျွန်တော်ဟာ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေ၊ အမိန့်တော် စောင့်ထိန်းသူတွေရဲ့ မိတ်ဆွေပါပဲ” လို့ ရေးတယ်။ (ဆာ. ၁၁၉:၆၃) ရှေ့ဆောင်းပါးမှာ တွေ့ခဲ့တဲ့အတိုင်း သင်လည်း ယေဟောဝါကို ကြောက်ရွံ့နာခံသူတွေအလယ်မှာ မိတ်ဆွေစစ်တွေ တွေ့နိုင်ပါတယ်။ အဲဒီထဲမှာ အသက်အရွယ် အမျိုးမျိုး ပါဝင်နိုင်တယ်။
က၁၄ ၂/၁၅ ၂၉ ပိုဒ်. ၄
‘ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို မြင်တွေ့ပါ’
ဒါဝိဒ်က “ယေဟောဝါဟာ ကျွန်တော်ရတဲ့ဝေစု၊ ကျွန်တော်ရတဲ့ခွဲတမ်း၊ ကျွန်တော်သောက်ရမယ့်ခွက်ပဲ။ ကိုယ်တော်က ကျွန်တော့်အမွေကို ကာကွယ်စောင့်ရှောက်ပေးတယ်။ ကျွန်တော့်အတွက် သာယာတဲ့နေရာတွေကို သတ်မှတ်ပေးတယ်” လို့ သီဆိုခဲ့တယ်။ (ဆာ. ၁၆:၅၊ ၆၊ ကဘ) ဒါဝိဒ်ဟာ သူရတဲ့ “ဝေစု” အတွက် ကျေးဇူးတင်ခဲ့တယ်၊ အဲဒီဝေစုက ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာ၊ ကိုယ်တော့်အမှုတော်ကို ထမ်းဆောင်ခွင့်ရတာဖြစ်တယ်။ ဒါဝိဒ်လိုပဲ ကျွန်ုပ်တို့လည်း အခက်အခဲတွေ ကြုံတွေ့ခံစားနေရမှာဖြစ်ပေမဲ့ ကောင်းချီးများစွာ ခံစားနေရပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ဝတ်ပြုရေးမှာ ဆက်ပျော်မွေ့ပြီး ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့အစီအစဉ်ကို အမြဲ “တန်ဖိုးထားလေးမြတ်စိတ်နဲ့ကြည့်” ကြစို့။
က၀၈ ၂/၁၅ ၃ ပိုဒ်. ၂-၃
ယေဟောဝါကို အစဉ်မျက်မှောက်ပြုလော့
၂ အာဗြဟံ၊ စာရာ၊ မောရှေ၊ ရုသ၊ ဒါဝိဒ်၊ ဧသတာ၊ တမန်တော်ပေါလုနှင့် အခြားသူများကဲ့သို့သော လူသိများသည့် ကျမ်းစာဇာတ်ကောင်များ၏ အဖြစ်အပျက်မှ ကျွန်ုပ်တို့အားလုံး များစွာသင်ယူနိုင်ပါသည်။ သို့သော် လူသိမများသော ပုဂ္ဂိုလ်များ၏ မှတ်တမ်းများမှလည်း အကျိုးရရှိနိုင်သည်။ ထိုကျမ်းစာမှတ်တမ်းများကို တွေးတောဆင်ခြင်ခြင်းဖြင့် ဆာလံဆရာ၏ ဤစကားများနှင့်အညီ လုပ်ဆောင်နိုင်ပါသည်– ‘ငါသည် ထာဝရဘုရားသခင်ကို အစဉ်မပြတ် မျက်မှောက်ပြု၏။ အကြောင်းမူကား ငါ့လက်ယာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ။’ (ဆာ. ၁၆:၈) ထိုစကားများ၏ အဓိပ္ပာယ်ကား အဘယ်နည်း။
၃ စစ်သားတစ်ဦးသည် ညာလက်ဖြင့် ဓားကိုကိုင်လေ့ရှိပြီး ဘယ်လက်တွင်ကိုင်သော လွှားသည် ညာဘက်ကို မကာကွယ်ပေးချေ။ သို့သော် မိတ်ဆွေတစ်ဦးသည် သူ၏ညာဘက်အနီးတွင် တိုက်ခိုက်ပေးမည်ဆိုပါက အကာအကွယ် ရနိုင်ပါသည်။ ကျွန်ုပ်တို့လည်း ယေဟောဝါကို အစဉ်မျက်မှောက်ပြုပြီး အလိုတော်ကို ထမ်းဆောင်ပါက ကိုယ်တော် ကာကွယ်ပေးမည်။ ထို့ကြောင့် ကျမ်းစာမှတ်တမ်းများကို သုံးသပ်ခြင်းက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို မည်သို့ ခိုင်ခံ့စေနိုင်ကြောင်း လေ့လာကြည့်ကြပါစို့။ သို့ဖြင့် ယေဟောဝါကို “အစဉ်မပြတ် မျက်မှောက်ပြု” နိုင်မည်ဖြစ်သည်။
ဘုရားရေးရာ ရတနာ
it-2 ၇၁၄
မျက်ဆန်
မျက်လုံးဟာ အင်မတန် နူးညံ့သိမ်မွေ့လို့ မျက်ခွံနဲ့ မျက်ဆန်ကြားကို အမျှင်လေးတစ်မျှင်၊ အမှုန်လေးတစ်မှုန် ဝင်ရင်တောင် ချက်ချင်းသိတယ်။ မျက်ဆန်ကို အုပ်ထားပေးတဲ့ မျက်ကြည်လွှာကို အထူးဂရုစိုက်ပေးဖို့ လိုတယ်။ မျက်ကြည်လွှာ ထိခိုက်ဒဏ်ရာရသွားရင်၊ ရောဂါကြောင့် တိမ်ဖြစ်လာရင် အမြင်အာရုံ ဝေဝါးသွားနိုင်တယ်၊ မျက်စိကွယ်သွားနိုင်တယ်။ ဒါကြောင့် အထူးဂရုပြု ကာကွယ်ထိန်းသိမ်းရမယ့်အရာကို “မျက်ဆန်” အဖြစ် ကျမ်းစာမှာ တင်စားထားတာ။ ဘုရားသခင့်တရားစကားကို ကိုယ့်မျက်ဆန်လို ကာကွယ်စောင့်ရှောက်ရမယ်။ (ပ ၇:၂) အစ္စရေးလူမျိုးအပေါ် ဘုရားသခင်ရဲ့ ဖခင်တစ်ဦးသဖွယ် ဂရုစိုက်စောင့်ရှောက်မှုကို ပေါ်လွင်စေဖို့ အစ္စရေးလူမျိုးကို “မျက်ဆန်တော်” လို ကာကွယ်ပေးတယ်လို့ တရားဟောရာ ၃၂:၁၀ မှာဆိုတယ်။ ရန်သူတွေရဲ့တိုက်ခိုက်မှု ကြုံရတဲ့အခါ ယေဟောဝါရဲ့ အလျင်အမြန် ကူညီပေးမှုကို လိုချင်လို့ (ဇာ ၂:၈ နဲ့နှိုင်းယှဉ်ပါ) “ကိုယ်တော်ရဲ့ မျက်ဆန်” လို ကာကွယ်စောင့်ရှောက်ပေးပါလို့ ဒါဝိဒ် ဆုတောင်းခဲ့တာ။—ဆ ၁၇:၈။
မတ် ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၈
“ယေဟောဝါဟာ . . . ငါ့ကို ကယ်တင်တဲ့အရှင်ပါ”
က၀၉ ၅/၁ ၁၄ ပိုဒ်. ၄-၅
သမ္မာကျမ်းစာမှ ဥပစာစကားများ—ယင်းတို့ကို သင် သဘောပေါက်ပါသလော
ကျမ်းစာတွင် ယေဟောဝါကို သက်မဲ့အရာဝတ္ထုများနှင့်လည်း ခိုင်းနှိုင်းထားသည်။ ကိုယ်တော်ကို “ဣသရေလအမျိုး၏ ကျောက်၊” “မြို့ရိုး” အဖြစ် ဖော်ပြသည်။ (၂ ဓမ္မရာဇဝင် ၂၃:၃; ဆာလံ ၁၈:၂; တရားဟောရာ ၃၂:၄) ဆင်တူချက်ကား အဘယ်နည်း။ ကျောက်ဆောင်ကြီးသည် မယိမ်းမယိုင် ခိုင်ခံ့မြဲမြံသည့်နည်းတူ ယေဟောဝါဘုရားသခင်သည် ကျောက်ဆောင်ပမာ မယိမ်းယိုင်ဘဲ လုံခြုံမှု အမြဲပေးနိုင်သောအရှင် ဖြစ်သည်။
ဆာလံကျမ်းတွင် ယေဟောဝါသည် မည်သို့သောအရှင်ဖြစ်ကြောင်း အသေးစိတ် ဖော်ပြသော ဥပစာစကားများစွာ ပါဝင်သည်။ ဥပမာ၊ ဆာလံ ၈၄:၁၁ တွင် ယေဟောဝါကို ‘နေနှင့် အကွယ်အကာ’ အဖြစ် ဖော်ပြသည်၊ အကြောင်းမှာ ကိုယ်တော်သည် အလင်း၊ အသက်၊ စွမ်းအင်နှင့် အကာအကွယ်၏ရင်းမြစ် ဖြစ်သောကြောင့်ပင်။ သို့သော် ဆာလံ ၁၂၁:၅ တွင် ‘ယေဟောဝါသည် သင်၏လက်ယာဘက်၌ရှိသော သင်ခိုလှုံရာအရိပ်ဖြစ်တော်မူ၏’ ဟုဆိုသည်။ အရိပ်သည် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သကဲ့သို့ ယေဟောဝါသည် ဘေးဆိုးများ၏ဒဏ်ကို ခံစားနေသူများအတွက် အကာအကွယ် ပေးနိုင်သည်၊ ကိုယ်တော့် “လက်” တော်တွင် သို့မဟုတ် “အတောင်တော်အရိပ်” အောက်တွင် ကာကွယ်မှုခံစားရနိုင်သည်။—ဟေရှာယ ၅၁:၁၆; ဆာလံ ၁၇:၉; ၃၆:၇။
it-2 ၁၁၆၁ ပိုဒ်. ၇
အသံ
ကျေးကျွန်တွေရဲ့ အသံကို ဘုရားသခင် ကြားတယ်။ စွမ်းအားတော်လမ်းညွှန်မှုနဲ့အညီ၊ အမှန်တရားနဲ့အညီ ဘုရားသခင်ဆီ ဝတ်ပြုဆုတောင်းမယ်ဆိုရင် ဘယ်ဘာသာစကားနဲ့ပဲ တောင်းပါစေ ဘုရားသခင် ကြားတယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ဘုရားသခင်ဟာ လူ့စိတ်နှလုံးကို သိမြင်တဲ့အရှင်ဖြစ်လို့ အသံတိတ် ဆုတောင်းရင်တောင် ကြားနိုင်တယ်။ (ဆ ၆၆:၁၉။ ၈၆:၆။ ၁၁၆:၁။ ၁ရှ ၁:၁၃။ နေ ၂:၄) ဒုက္ခရောက်ချိန်မှာ အော်ဟစ်အကူအညီတောင်းသံကို ကြားတယ်။ ဘုရားကို ဆန့်ကျင်သူတွေ၊ ဘုရားကျေးကျွန်တွေကို မကောင်းကြံသူတွေရဲ့ စိတ်သဘောထားနဲ့ အသံကိုလည်း ကြားနိုင်တယ်။—က ၂၁:၁၇။ ဆ ၅၅:၁၈၊ ၁၉။ ၆၉:၃၃။ ၉၄:၉-၁၁။ ယေ ၂၃:၂၅။
က၂၂.၀၄ ၃ ပိုဒ်. ၁
စိုးရိမ်ပူပန်မှုကို အောင်မြင်စွာ ဖြေရှင်းနည်း
၂။ ပြန်စဉ်းစားပါ။ ဘဝမှာ ယေဟောဝါရဲ့ အကူအညီကြောင့်သာ ခံရပ်နိုင်ခဲ့တဲ့ စမ်းသပ်မှုတွေ ရှိသလား။ ကိုယ့်ကိုရော ရှေးခေတ် ကျေးကျွန်တွေကိုပါ ယေဟောဝါ ဘယ်လို ထောက်မပေးကြောင်း ပြန်စဉ်းစားတဲ့အခါ စိတ်ငြိမ်သက်မှု ရလာမယ်။ ဘုရားကို ပိုယုံကြည်ကိုးစားလာမယ်။ (ဆာ. ၁၈:၁၇-၁၉) အကြီးအကဲ ညီအစ်ကို ဂျော်ရွှာက “အဖြေရတဲ့ ဆုတောင်းချက်တွေကို စာရင်းလုပ်ထားတယ်။ ဒါက ယေဟောဝါဆီ တစ်ခုခု သတ်သတ်မှတ်မှတ် တောင်းပြီး လိုအပ်တာ ရလိုက်တဲ့ အချိန်တွေကို ပြန်သတိရဖို့ ကူညီပေးတယ်” လို့ ပြောတယ်။ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ပေးတာတွေကို ပြန်စဉ်းစားမယ်ဆိုရင် စိုးရိမ်ပူပန်မှုကို တိုက်ထုတ်နိုင်ဖို့ ခွန်အား ရလာမယ်။
ဘုရားရေးရာ ရတနာ
it-1 ၄၃၂ ပိုဒ်. ၂
ခေရုဗိမ်
ဒီခေရုဗိမ်တွေရဲ့ပုံပန်းသဏ္ဍာန်ဟာ တချို့လူတွေပြောသလို ပတ်ဝန်းကျင်က အယူမှားလူမျိုးတွေ ဝတ်ပြုတဲ့ရုပ်ပုံတွေလို ကြောက်စရာအတောင်ပံတွေနဲ့ မဟုတ်ပါဘူး။ ခေရုဗိမ်တွေဟာ လူပုံသဏ္ဍာန်ဖြစ်တယ်လို့ ရှေးခေတ်ဂျူးအစဉ်အလာမှာ တညီတညွတ်တည်း ပြောဆိုခဲ့ကြတယ် (ဒီအချက်နဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာတော့ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိပါ)။ မောရှေကို ယေဟောဝါကိုယ်တိုင်ပြတဲ့ “ပုံစံအတိုင်း” အသေးစိတ်ထွင်းထုထားတဲ့ ခေရုဗိမ်ပန်းပုရုပ်တွေဟာ အကောင်းဆုံး အနုပညာလက်ရာဖြစ်ရုံသာမက ကောင်းကင်တမန်တွေရဲ့ ဘုန်းအသရေနဲ့ အလှအပကို ပေါ်လွင်စေတယ်။ (ထွ. ၂၅:၉) “ပဋိညာဉ်သေတ္တာရဲ့ အဖုံးပေါ်မှာ အတောင်တွေဖြန့်ထားတဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ ခေရုဗိမ်” ဆိုပြီး တမန်တော်ပေါလုဆိုတယ်။ (ဟီ. ၉:၅) ယေဟောဝါရဲ့ ရောက်ရှိမှုနဲ့ ခေရုဗိမ်တွေကို ဒီလို ဆက်စပ်ဖော်ပြတယ်– “ငါက အဲဒီနေရာမှာ မင်းကို ထင်ရှားပြပြီး အဖုံးပေါ်ကနေ စကားပြောမယ်။ . . . သက်သေခံချက်သေတ္တာပေါ်က ခေရုဗိမ်နှစ်ပါးကြားကနေ မင်းကို အသိပေးမယ်။” (ထွ ၂၅:၂၂။ တလ ၇:၈၉) ဒါကြောင့် ယေဟောဝါကို “ခေရုဗိမ်တွေပေါ် စံမြန်းတဲ့အရှင်” လို့ ဆိုထားတာပါ။ (၁ရှ ၄:၄။ ၂ရှ ၆:၂။ ၂ဘု ၁၉:၁၅။ ၁ရ ၁၃:၆။ ဆ ၈၀:၁။ ၉၉:၁။ ရှာ ၃၇:၁၆) ယေဟောဝါစီးနင်းတဲ့ “ရထားတော်နဲ့” ခေရုဗိမ်တွေကို တင်စားထားပြီး (၁ရ ၂၈:၁၈) ခေရုဗိမ်တွေရဲ့ အတောင်ပံတွေက ကာကွယ်ပေးနိုင်စွမ်း၊ လျင်လျင်မြန်မြန် သွားလာနိုင်စွမ်းကို တင်စားတယ်။ ဒါကြောင့် ဒါဝိဒ်က ယေဟောဝါရဲ့ အလျင်အမြန် ကူညီပေးပုံကို သီကုံးစပ်ဆိုတဲ့အခါ “ဘုရားက ခေရုဗိမ်ကို စီးပြီး ပျံသန်းလာတယ်၊” “ကောင်းကင်တမန်ရဲ့တောင်ပံကို စီးပြီး ထိုးဆင်းလာတယ်” လို့ သုံးနှုန်းထားတာပါ။—၂ရှ ၂၂:၁၁။ ဆ ၁၈:၁၀။
မတ် ၁၈-၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၉-၂၁
“ကောင်းကင်က ဘုရားသခင်ရဲ့ ဂုဏ်ကျက်သရေကို ကြေညာနေတယ်”
က၀၄ ၁/၁ ၈ ပိုဒ်. ၁-၂
ယေဟောဝါ၏ဘုန်းတော်ကို ကြေညာကြစို့
ယေရှဲ၏သား ဒါဝိဒ်သည် ဗက်လင်မြို့ဝန်းကျင်တွင် သိုးကျောင်းသားအဖြစ် ကြီးပြင်းလာခဲ့၏။ သူသည် လူသူကင်းမဲ့သော ထိုသိုးစားကျက်များတွင် ဖခင်၏သိုးအုပ်များကို ထိန်းကျောင်းနေစဉ် တိတ်ဆိတ်ငြိမ်သက်သည့် ညချမ်းချိန်၌ ကြယ်အတိပြီးသော ကောင်းကင်ကျယ်ကြီးကို ကြိမ်ဖန်များစွာ ငေးမောကြည့်ရှုခဲ့ပေမည်! ဆာလံ ၁၉ ပါ လှပတင့်တယ်သော ဤစကားများကို ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် မှုတ်သွင်းခြင်းဖြင့် ဒါဝိဒ်ရေးဖွဲ့သီဆိုသောအခါ အဆိုပါမြင်ကွင်းကို စိတ်ထဲမြင်ယောင်မိမည်မှာ သေချာပါသည်– “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။ သူတို့၏အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏။”—ဆာလံ ၁၉:၁၊ ၄။
၂ နှုတ်မြွက်ခြင်း၊ စကားပြောဆိုခြင်း၊ အသံပြုခြင်း မရှိဘဲ ယေဟောဝါ၏ ရင်သပ်ရှုမောဖွယ် ဖန်ဆင်းခြင်းလက်ရာတော် မိုးကောင်းကင်သည် ကိုယ်တော်၏ဘုန်းတော်ကို တစ်နေ့ပြီးတစ်နေ့၊ တစ်ညပြီးတစ်ည ကြေညာလျက်ရှိ၏။ ဖန်ဆင်းခြင်းလက်ရာတော်များသည် ဘုရားသခင်၏ဘုန်းတော် ကြေညာခြင်းကို ဘယ်တော့မျှ ရပ်စဲမည်မဟုတ်ချေ၊ “မြေတစ်ပြင်လုံး” တွင်ကမ္ဘာသားအပေါင်း တွေ့မြင်နိုင်သည့် အဆိုပါအသံတိတ်သက်သေခံချက်ကို ဆင်ခြင်တွေးတောသောအခါ ကျွန်ုပ်တို့သည် အလွန်သိမ်ငယ်သွားကြပေသည်။ သို့သော် ဖန်ဆင်းခြင်းလက်ရာတော်များ၏ အသံတိတ်သက်သေခံချက်နှင့် မလုံလောက်သေးချေ။ တည်ကြည်သောလူသားများအား သက်သေအဖြစ် အတူတကွ ပါဝင်ပြောဆိုကြရန် နှိုးဆော်ထား၏။ အမည်မဖော်သော ဆာလံဆရာတစ်ဦးက မှုတ်သွင်းခံစကားများဖြင့် တည်ကြည်သောဝတ်ပြုသူများကို ဤသို့တိုက်ရိုက်ပြောခဲ့သည်– ‘ယေဟောဝါသည် ဘုန်းတန်ခိုးအစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ယေဟောဝါ၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။’ (ဆာလံ ၉၆:၇၊ ၈) ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိသူများသည် ထိုနှိုးဆော်ချက်ကို ဝမ်းသာအားရတုံ့ပြန်ကြ၏။ သို့သော် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။
က၀၄ ၆/၁ ၁၁ ပိုဒ်. ၈-၁၀
ဖန်ဆင်းရာများသည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြောကြ!
၈ ယေဟောဝါ၏ဖန်ဆင်းခြင်းဆိုင်ရာ အခြားအံ့ဖွယ်အမှုတစ်ခုကို ဒါဝိဒ် ဤသို့ဆက်ဖော်ပြ၏– “မိုးကောင်းကင်တွင် နေဗိမာန်ကိုထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲကထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊ မိုးကောင်းကင်တစ်စွန်းမှထွက်လာ၍ တစ်စွန်းတိုင်အောင် လှည့်ပတ်သောအားဖြင့် သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာတစ်စုံတစ်ခုမျှမရှိ။”—ဆာလံ ၁၉:၄-၆။
၉ နေသည် အံ့ဖွယ်ကြယ်ကြီးတစ်လုံးဖြစ်ကာ ယင်းကိုလှည့်ပတ်လျက်ရှိကြသော ဂြိုဟ်များကို သေးငယ်သွားစေပုံရ၏။ သို့ရာတွင် အခြားကြယ်များနှင့် နှိုင်းယှဉ်လျှင်မူကား နေသည် အလတ်စားမျှသာရှိ၏။ စာအုပ်တစ်အုပ်က နေ၏ဒြပ်ထုသည် “ဘီလီယံတန်ချိန် ဘီလီယံပေါင်း နှစ်ဘီလီယံ” ရှိ၏၊ နေအဖွဲ့အစည်းဒြပ်ထု၏ ၉၉.၉ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်! ယင်း၏ဆွဲငင်အားကြောင့် ကမ္ဘာသည် မိုင်ပေါင်း ၉၃ သန်း အကွာအဝေးမှ လွင့်မျောသွားခြင်းဖြစ်စေ၊ နီးကပ်လာခြင်းဖြစ်စေမရှိဘဲ လည်ပတ်လျက်ရှိစေသည်။ နေစွမ်းအင်၏ သန်းနှစ်ထောင်ပုံတစ်ပုံခန့်မျှသာ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ပေါ်သို့ ရောက်ရှိသည်၊ သို့သော် ယင်းပမာဏသည် အသက်ရှင်သန်ရေးအတွက် လုံလောက်သည်။
၁၀ ဆာလံဆရာက နေကို ပုံဆောင်စကားဖြင့် နေ့အချိန်တွင် မိုးကုပ်စက်ဝိုင်း အစွန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ ပြေးလွှားကာ ညအချိန်တွင် “ဗိမာန်” ၌နားသည့် “ခွန်အားကြီးသောသူ” အဖြစ် သရုပ်ဖော်ထားသည်။ ကမ္ဘာ့အပေါ်စီးမှ မိုးကုပ်စက်ဝိုင်းအောက်သို့ ဤတန်ခိုးကြီးမားသောကြယ် ငုပ်လျှိုးသွားစဉ် “ဗိမာန်” ထဲသို့ ဝင်အနားယူသည့်အလားပင်။ နံနက်အချိန်တွင် ၎င်းသည် “အိပ်ခန်းထဲကထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့” ထွန်းလင်းတောက်ပစွာ ရုတ်တရက် ထွက်ပေါ်လာပြန်၏။ သိုးထိန်းတစ်ဦးဖြစ်သူ ဒါဝိဒ်သည် ည၏အအေးလွန်ကဲမှုကို ခံစားဖူးသည်။ (ကမ္ဘာဦး ၃၁:၄၀) နေရောင်ခြည်က သူနှင့် သူ့ပတ်ဝန်းကျင်ရှိ တောတောင်ရှုခင်းများကို ချက်ချင်းနွေးထွေးစေကြောင်း သူအမှတ်ရသည်။ နေသည် အရှေ့မှ အနောက်သို့ ခရီးနှင်မြဲနှင်နေသော်လည်း မောပန်းနွမ်းလျခြင်းမရှိ၊ ယင်း “ခရီးစဉ်” ကို ထပ်ကျော့ရန် အသင့်ရှိမြဲရှိနေသည့် “ခွန်အားကြီးသောသူ” နှင့်တူ၏။
န၉၅ ၁၁/၈ ၇ ပိုဒ်. ၃
လူတွေရဲ့ ဥပေက္ခာအပြုခံရဆုံး အနုပညာရှင်
ကျွန်တော်တို့ ဝန်းကျင်မှာရှိတဲ့ သဘာဝအလှတရားတွေဟာ အနုပညာလက်ရာမြောက်လှတယ်။ အဲဒီအလှတရားတွေကို တန်ဖိုးထားစိတ်နဲ့ လေ့လာကြည့်ရင် ဖန်ဆင်းရှင်အကြောင်း သိလာမယ်။ ဂါလိလဲပြည်နယ်က တောပန်းလေးတွေကို သတိထားကြည့်ကြဖို့ တပည့်တွေကို ယေရှု ဒီလိုပြောဖူးတယ်– “တောနှင်းပန်းတွေ ရှင်သန်နေပုံကို ကြည့်ပြီး သင်ခန်းစာယူပါ။ နှင်းပန်းတွေက ပင်ပင်ပန်းပန်း မလုပ်ဘူး၊ ချည်လည်း မငင်ဘူး။ ကျွန်တော် ပြောမယ်၊ ခံ့ခံ့ညားညား ဝတ်ဆင်ထားတဲ့ ရှောလမုန်မင်းတောင် အဲဒီနှင်းပန်းတစ်ပင်လို လှလှပပဖြစ်အောင် မဆင်မြန်းနိုင်ဘူး။” (မဿဲ ၆:၂၈၊ ၂၉) တောပန်းလေးတွေရဲ့ မထင်မရှား အလှတရားကတောင် လူသားတွေကို ဘုရားသခင် ဘယ်လောက်အလေးထားတယ်ဆိုတာ အမှတ်ရစေတယ်။
ဘုရားရေးရာ ရတနာ
က၂၂.၃ ၄ ပိုဒ်. ၁၀
“စရိုက်ဟောင်း” ကို သင် “ချွတ်ပယ်” နိုင်
၁၀ ယေဟောဝါရဲ့ စံနှုန်းတွေ အကောင်းဆုံးဖြစ်ကြောင်း ယုံကြည်စိတ်ချပါ။ ယေဟောဝါ တောင်းဆိုတာ မှန်သမျှဟာ ကျွန်တော်တို့အကျိုးအတွက် ဖြစ်တယ်။ ဘုရားစံနှုန်းတွေအတိုင်း နေထိုင်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ အဓိပ္ပာယ်ရှိတဲ့ ဘဝနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိပါလိမ့်မယ်။ (ဆာ. ၁၉:၇-၁၁) ငြင်းပယ်သူတွေကတော့ အပြစ်ရှိတဲ့ အကျင့်တွေရဲ့ ဆိုးကျိုးတွေ ခံစားရမယ်။ ဘုရားစံနှုန်းတွေကို ငြင်းပယ်တာနဲ့ပတ်သက်ပြီး အီလီလို့ ခေါ်တဲ့ အမျိုးသားတစ်ယောက် ပြောတာကို သတိပြုကြည့်ပါ။ အီလီဟာ ယေဟောဝါကို ချစ်တဲ့ မိဘတွေ လက်အောက်မှာ ကြီးပြင်းလာတယ်။ ဆယ်ကျော်သက်အရွယ် ရောက်တော့ အပေါင်းအသင်း မှားပြီး မူးယစ်ဆေး အလွဲသုံးလာတယ်။ အကျင့်ပျက်တယ်။ ခိုးတယ်။ ဒေါသကြီးပြီး ကြမ်းတမ်းလာတယ်။ “ခရစ်ယာန်တစ်ယောက် မလုပ်သင့်တဲ့ အရာမှန်သမျှ အကုန် လုပ်ခဲ့တယ်” လို့ ဝန်ခံတယ်။ ဒါပေမဲ့ ငယ်ငယ်တုန်းက သင်ယူခဲ့ရတာတွေကို မမေ့ဘူး။ အကျင့်ဆိုးတွေကို ကြိုးစားဖြတ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ နှစ်ခြင်းခံတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း အသက်ရှင်လို့ ဘယ်လို အကျိုးရသလဲ။ “စိတ်ငြိမ်သက်မှု ရပြီး ကိုယ့်ကိုယ်ကိုယ်သိစိတ်လည်း ကြည်လင်လာတယ်” လို့ အီလီ ပြောတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို ငြင်းပယ်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်စေတယ်ဆိုတာ ဒီအဖြစ်အပျက်ကနေ သိရတယ်။ ဒါပေမဲ့ သူတို့ ပြောင်းလဲနိုင်အောင် ယေဟောဝါ ကူညီပေးချင်ပါတယ်။
မတ် ၂၅-၃၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၂၂
ယေရှု သေဆုံးပုံအကြောင်း ကြိုဟောချက်များ
က၁၁ ၈/၁၅ ၁၅ ပိုဒ်. ၁၆
သူတို့ မေရှိယကို တွေ့ခဲ့ကြ
၁၆ မေရှိယဟာ ဘုရားသခင့်စွန့်ပစ်ခြင်း ခံရပုံပေါက်မယ်။ (ဆာလံ ၂၂:၁ ကိုဖတ်ပါ။) ပရောဖက်ပြုချက်ပြည့်စုံချက်အနေနဲ့ “ကိုးနာရီ [ညနေ သုံးနာရီခန့်] အချိန်၌ ယေရှုက ‘ဧလိ၊ ဧလိ၊ လာမာရှာဗတ်ခသာနိ’ ဟု ကျယ်သောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား ‘ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း’ ဟုဆိုလိုသတည်း။” (မာ. ၁၅:၃၄) ဒီလိုပြောလို့ ကောင်းကင်ခမည်းတော်အပေါ်ထားရှိတဲ့ ယေရှုရဲ့ယုံကြည်ခြင်း ပျောက်ဆုံးသွားတယ်လို့ မဆိုလိုဘူး။ ခရစ်တော်ရဲ့တည်ကြည်မှုကို ရန်သူတွေ အပြည့်အဝစမ်းသပ်နိုင်စေဖို့ ဘုရားသခင် မိမိကို မကာကွယ်ဘူးဆိုတာ ကိုယ်တော်သိတယ်။ အထက်ပါအတိုင်း ယေရှုကြွေးကြော်ခြင်းက ဆာလံ ၂၂:၁ ပါ ပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်တယ်။
က၁၁ ၈/၁၅ ၁၅ ပိုဒ်. ၁၃
သူတို့ မေရှိယကို တွေ့ခဲ့ကြ
၁၃ မေရှိယကို လူတွေကဲ့ရဲ့ပြောင်လှောင်ကြလိမ့်မယ်လို့ ဒါဝိဒ် ပရောဖက်ပြုခဲ့တယ်။ (ဆာလံ ၂၂:၇၊ ၈ ကိုဖတ်ပါ။) ယေရှု သစ်တိုင်ပေါ် ဝေဒနာခံစားနေရချိန်မှာ ကဲ့ရဲ့ပြောင်လှောင်ခံခဲ့ရကြောင်း မဿဲ ဒီလိုဖော်ပြတယ်– ‘ဖြတ်သန်းသွားလာသူတို့သည် ကိုယ်တော်အား ကဲ့ရဲ့၍ပြောဆိုကြ၏။ ခေါင်းကိုခါလျက်၊ “ဝတ်ပြုရာအိမ်တော်ကိုဖြိုဖျက်၍ သုံးရက်တည်းနှင့် ပြန်ဆောက်မည့်သူ၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်လော့။ ဘုရားသခင်၏ သားတော်မှန်လျှင် ညှဉ်းဆဲရာသစ်တိုင်ပေါ်မှ ဆင်းလော့” ဟုပြောဆိုကြ၏။’ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်များ၊ လူကြီးများကလည်း ကိုယ်တော်ကို ပြက်ရယ်ပြု၍ “သူတစ်ပါးကို ကယ်တင်သော်လည်း ကိုယ့်ကိုယ်ကိုယ် မကယ်နိုင်ပါတကား။ အစ္စရေးဘုရင်မှန်လျှင် ညှဉ်းဆဲရာသစ်တိုင်ပေါ်မှ ယခုဆင်းပါလေစေ။ သို့ဆိုလျှင် ငါတို့ယုံကြည်မည်။ သူသည် ဘုရားသခင်ကို ကိုးစား၏။ ‘ငါသည် ဘုရားသခင်၏သားဖြစ်၏’ ဟူ၍ဆိုသဖြင့်၊ ဘုရားသခင်အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါစေ” လို့ ပြောဆိုကြတယ်။ (မ. ၂၇:၃၉-၄၃) ဒီအရာအားလုံးကို ယေရှု တည်တည်ငြိမ်ငြိမ်နဲ့ ခံရပ်သွားတယ်။ ကျွန်ုပ်တို့အတွက် တကယ်ကောင်းတဲ့ ပုံသက်သေပါပဲ။
က၁၁ ၈/၁၅ ၁၅ ပိုဒ်. ၁၄
သူတို့ မေရှိယကို တွေ့ခဲ့ကြ
၁၄ မေရှိယရဲ့အဝတ်ကို မဲချကြမယ်။ “အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏” လို့ ဆာလံဆရာ ရေးခဲ့တယ်။ (ဆာ. ၂၂:၁၈) ကြိုဟောထားတဲ့အတိုင်း “ကိုယ်တော်အား သူတို့ [ရောမစစ်သားတို့] သစ်တိုင်ပေါ်တင်ပြီးနောက် အဝတ်တော်များကို မဲချ၍ ခွဲဝေ” ခဲ့ကြတယ်။—မ. ၂၇:၃၅; ယောဟန် ၁၉:၂၃၊ ၂၄ ကိုဖတ်ပါ။
ဘုရားရေးရာ ရတနာ
က၀၆ ၁၁/၁ ၂၉ ပိုဒ်. ၇
မြင့်မြတ်သောအစည်းအဝေးများကို ရိုသေလေးစားကြောင်း တင်ပြခြင်း
၇ အစည်းအဝေးများကို ရိုသေလေးစားကြောင်း တင်ပြနိုင်သော လက်တွေ့ကျနည်းလမ်းများရှိသည်။ တစ်နည်းမှာ ဘုရားသခင့်နိုင်ငံတော်သီချင်းဆိုရန် ထိုတွင်ရောက်ရှိနေခြင်းဖြစ်သည်။ ထိုသီချင်းအများစုကို ဆုတောင်းစကားများအဖြစ် သီကုံးထားသောကြောင့် ရိုသေလေးစားစွာ သီဆိုသင့်သည်။ ယေရှုနှင့်ပတ်သက်၍ ဆာလံ အခန်းကြီး ၂၂ ကို ကိုးကားလျက် တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “သတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်။” (ဟေဗြဲ ၂:၁၂) ထို့ကြောင့် သီချင်းဆိုရန် သဘာပတိ မပြောမီ ကျွန်ုပ်တို့သည် ထိုင်ခုံများတွင် ရှိနေသင့်ပြီး စာသားများ၏အဓိပ္ပာယ်ကို အာရုံစူးစိုက် သီဆိုသင့်သည်။ ကျွန်ုပ်တို့၏ သီဆိုမှုသည် ဤသို့ရေးသားခဲ့သော ဆာလံဆရာ၏ ခံစားချက်ကို ထင်ဟပ်နိုင်ပါစေ– ‘ငါသည် ဖြောင့်မတ်သောသူတို့၏ အစည်းအဝေး၌လည်းကောင်း၊ ပရိသတ်၌လည်းကောင်း ထာဝရဘုရားသခင်၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။’ (ဆာလံ ၁၁၁:၁) မှန်ပါသည်၊ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုရန် အစည်းအဝေးများသို့ စောစောရောက်ပြီး ပြီးသည်အထိ ရှိနေသင့်သည်။
က၀၃ ၉/၁ ၂၀ ပိုဒ်. ၁
“ပရိသတ်အလယ်မှာ” ယေဟောဝါအား ချီးမွမ်းလော့
အစောပိုင်း အချိန်များမှာကဲ့သို့ ယနေ့လည်း ယုံကြည်သူတစ်ဦးစီအနေနှင့် “ပရိသတ်အလယ်” တွင် မိမိတို့၏ ယုံကြည်ခြင်းကို ဖော်ပြခွင့် ရရှိထားကြသည်။ လူတိုင်းရရှိနိုင်သည့် အခွင့်အရေးတစ်ခုမှာ အသင်းတော် အစည်းအဝေးများတွင် မှတ်ချက်ပေးခြင်းဖြစ်သည်။ မှတ်ချက်ပေးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဘယ်တော့မျှ လျှော့မတွက်လိုက်ပါနှင့်။ ဥပမာ၊ အခက်အခဲများကို မည်သို့ကျော်လွှားအောင်မြင်နိုင်သည်၊ သို့မဟုတ် ရှောင်ရှားရမည်ကိုဖော်ပြသော မှတ်ချက်များသည် သမ္မာကျမ်းစာမူများ လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ညီအစ်ကိုများ၏ သန္နိဋ္ဌာန်ကို ခိုင်ခံ့စေသည်။ ရည်ညွှန်းထားသော်လည်း မကိုးကားထားသော ကျမ်းချက်များကို ရှင်းပြသည့် သို့မဟုတ် ကိုယ်ပိုင်သုတေသနပြုချက်မှ စုဆောင်းထားသော အချက်အလက်များပါဝင်သည့် မှတ်ချက်များသည် လေ့လာမှုပြုရန် အခြားသူများကို အားပေးရာရောက်ပေမည်။
ဧပြီ ၁-၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၂၃-၂၅
“ယေဟောဝါဟာ ငါ့သိုးထိန်းပါ”
က၁၁ ၅/၁ ၃၁ ပိုဒ်. ၃
‘ယေဟောဝါဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏’
ယေဟောဝါဘုရားသခင်က သိုးတွေ (မိမိကိုဝတ်ပြုတဲ့သူတွေ) ကို ဦးဆောင်နေ။ သိုးထိန်းမရှိတဲ့ သိုးတွေဟာ လမ်းပျောက်သွားနိုင်ပါတယ်။ အဲဒီလိုပဲ၊ ကျွန်ုပ်တို့ဘဝမှာ လမ်းမှန်ကို ရှာတွေ့ဖို့ အကူအညီလိုအပ်ပါတယ်။ (ယေရမိ ၁၀:၂၃) ဒါဝိဒ် ရှင်းပြတဲ့အတိုင်း ဘုရားသခင်ဟာ မိမိကိုဝတ်ပြုတဲ့သူတွေကို “စိမ်းလန်းသော ကျက်စားရာအရပ်” နဲ့ “သာယာသောမြစ်နား” ကို လမ်းညွှန်ပေးပါတယ်။ သူတို့ကို “လမ်းမှန်” ထဲ ပို့ဆောင်ပေးတယ်။ (အခန်းငယ် ၂၊ ၃၊ ခမ) ဘုရားသခင်ကို ကျွန်ုပ်တို့ ကိုးစားနိုင်ကြောင်း သိုးထိန်းဘဝပုံရိပ်တွေက ယုံကြည်စိတ်ချစေပါတယ်။ ဘုရားသခင့်လမ်းညွှန်ချက်ကို သမ္မာကျမ်းစာနဲ့အညီ လိုက်လျှောက်မယ်ဆိုရင် ရောင့်ရဲမှု၊ လန်းဆန်းမှု၊ လုံခြုံမှုတွေရရှိစေတဲ့ ဘဝအသက်တာမျိုးနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။
က၁၁ ၅/၁ ၃၁ ပိုဒ်. ၄
‘ယေဟောဝါဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏’
ယေဟောဝါဘုရားသခင်က သိုးတွေကို ကာကွယ်ပေးနေ။ သိုးထိန်းမရှိတဲ့ သိုးတွေဟာ ကြောက်ရွံ့တတ်ပြီး ခိုကိုးရာမဲ့နေတယ်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေ ဘဝမှာ စိတ်အပျက်ရဆုံး အချိန်အခါတွေ ဖြစ်ပုံရတဲ့ “မှောင်သောချိုင့်ထဲ၌ပင် လျှောက်သွားရသော်လည်း” ကြောက်စရာမလိုဘူးလို့ မိန့်ဆိုပါတယ်။ (အခန်းငယ် ၄၊ သမ္မာ) သူတို့ကို ဘုရားသခင် ဂရုတစိုက်ကြည့်နေပြီး ကူညီပေးဖို့လည်း အမြဲ အသင့်ဖြစ်နေပါတယ်။ စမ်းသပ်မှုတွေကို သူတို့ကိုင်တွယ်ဖြေရှင်းတတ်အောင် လိုအပ်တဲ့ ဉာဏ်ပညာနဲ့ အစွမ်းခွန်အားကို ဘုရားသခင် ပေးနိုင်ပါတယ်။—ဖိလိပ္ပိ ၄:၁၃; ယာကုပ် ၁:၂-၅။
က၁၁ ၅/၁ ၃၁ ပိုဒ်. ၅
‘ယေဟောဝါဘုရားသခင်သည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏’
ယေဟောဝါဘုရားသခင်က သိုးတွေကို ကျွေးမွေးနေ။ သိုးတွေဟာ အစာရေစာရရှိဖို့အတွက် သိုးထိန်းကို မှီခိုအားထားရပါတယ်။ ကျွန်ုပ်တို့လည်း ပုံဆောင်အစာရရှိဖို့၊ တစ်နည်းအားဖြင့် လမ်းညွှန်မှုခံရဖို့အတွက် ဘုရားသခင်ကို မှီခိုအားထားကြရတယ်။ (မဿဲ ၄:၄) ဘုရားသခင်ဟာ မိမိကိုဝတ်ပြုတဲ့သူတွေရဲ့ရှေ့မှာ ပုံဆောင်စားကောင်းသောက်ဖွယ်ရာတွေ ရက်ရက်ရောရော တည်ခင်းပေးတဲ့ ထောက်ပံ့ပေးရှင်ဖြစ်နေတာက ကျေးဇူးတင်စရာပါ။ (အခန်းငယ် ၅) သင် အခု ဖတ်ရှုနေတဲ့ မဂ္ဂဇင်းလိုမျိုး ကျမ်းစာအထောက်အကူပြု စာပေတွေနဲ့ သမ္မာကျမ်းစာက ပုံဆောင်အစားအသောက်ပေးရာ ရင်းမြစ်ဖြစ်ပါတယ်။ အဲဒီအရာတွေက ဘဝရဲ့အဓိပ္ပာယ်နဲ့ ကျွန်ုပ်တို့အတွက် ဘုရားသခင်ထားရှိတဲ့ ရည်ရွယ်ချက်တွေကို သိရှိစေပါတယ်။
ဘုရားရေးရာ ရတနာ
က၁၁ ၂/၁၅ ၂၄ ပိုဒ်. ၁-၃
ဖြောင့်မတ်ခြင်းတရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ပါ
ယေဟောဝါက သမ္မာကျမ်းစာနဲ့ မိမိရဲ့သန့်ရှင်းသောစွမ်းအားတော်မှတစ်ဆင့် မိမိလူမျိုးကို ‘ဖြောင့်မတ်ခြင်းတရားလမ်း’ ထဲသို့ သွေးဆောင်တော်မူတယ်။ (ဆာ. ၂၃:၃) ဒါပေမဲ့ ကျွန်ုပ်တို့က မစုံလင်တဲ့အတွက် ဒီလမ်းကနေ လွဲချော်လိုတဲ့သဘောရှိတယ်။ ဒါကြောင့် အမှန်တရားလမ်းကို ပြန်လှည့်လာဖို့ စိတ်ပိုင်းဖြတ်ပြီး ကြိုးစားအားထုတ်ဖို့လိုတယ်။ ဒီလိုလုပ်နိုင်ဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးမလဲ။ ယေရှုလိုပဲ ကျွန်ုပ်တို့က မှန်ရာကိုပြုလုပ်လိုစိတ်ရှိရမယ်။—ဟေဗြဲ ၁:၉ ကိုဖတ်ပါ။
၂ ‘ဖြောင့်မတ်ခြင်းတရားလမ်း’ ဆိုတာဘာလဲ။ ဒါက ယေဟောဝါရဲ့ ဖြောင့်မတ်ခြင်းစံနှုန်းတွေနဲ့ သတ်မှတ်ထားတဲ့ ‘လမ်းစဉ်’ ဖြစ်တယ်။ ဟေဗြဲနဲ့ ဂရိစကားမှာ “ဖြောင့်မတ်ခြင်း” ဆိုတာက ကိုယ်ကျင့်တရားစံနှုန်းတွေကို တိတိကျကျလိုက်နာခြင်းကို ဆိုလိုတယ်။ ယေဟောဝါက “ဖြောင့်မတ်တော်မူ” တဲ့အတွက် ကိုယ်တော့်လူမျိုးက သူတို့လိုက်လျှောက်သင့်တဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို ချမှတ်ပေးဖို့ မျှော်လင့်ကြတယ်။—ယောဘ ၃၆:၃။
၃ ဘုရားသခင့်ဖြောင့်မတ်ခြင်းစံနှုန်းတွေနဲ့ ကိုက်ညီဖို့ အပြည့်အဝကြိုးစားနေမှသာ ကိုယ်တော့်နှစ်သက်မှုကို ရမှာဖြစ်တယ်။ (တရား. ၃၂:၄) ဒါက ကိုယ်တော့်တရားစကားတော် သမ္မာကျမ်းစာမှာပါတဲ့ ယေဟောဝါဘုရားသခင်အကြောင်း အတတ်နိုင်ဆုံးလေ့လာခြင်းနဲ့ အစပြုတယ်။ ကိုယ်တော့်အကြောင်း ကျွန်ုပ်တို့လေ့လာလေ၊ ကိုယ်တော်နဲ့ပိုရင်းနှီးလေဖြစ်ပြီး ကိုယ်တော့်ဖြောင့်မတ်ခြင်းကို ပိုချစ်လာလေဖြစ်တယ်။ (ယာ. ၄:၈) ဘဝမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရတဲ့အခါ သမ္မာကျမ်းစာမူတွေရဲ့ လမ်းညွှန်မှုကို လက်ခံဖို့လည်းလိုတယ်။
ဧပြီ ၈-၁၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၂၆-၂၈
သမာဓိ ခိုင်မြဲအောင် ဒါဝိဒ် လုပ်ဆောင်ခဲ့ပုံ
က၀၄ ၁၂/၁ ၁၄ ပိုဒ်. ၈-၉
သမာဓိစောင့်သိသောလမ်းစဉ်၌ လျှောက်လှမ်းလော့
၈ ဒါဝိဒ်က ‘အိုယေဟောဝါ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍ နှလုံးနှင့်ကျောက်ကပ်တို့ကို သန့်စင်ပေးတော်မူပါ’ ဟုဆုတောင်းခဲ့သည်။ (ဆာလံ ၂၆:၂) ကိုယ်ခန္ဓာအတွင်းကျကျတွင် ကျောက်ကပ်များ တည်ရှိသည်။ ပုံဆောင်သဘောအရ ကျောက်ကပ်များသည် လူတစ်ဦး၏ အနက်ရှိုင်းဆုံးတွေးတောမှု၊ စိတ်လှုပ်ရှားမှုများကို တင်စားသည်။ ပုံဆောင်နှလုံးမှာမူ သူ၏စိတ်လှုံ့ဆော်မှု၊ သူ၏သဘောထားများ၊ သူ၏အသိဉာဏ်တို့ပါဝင်သော အတွင်းလူတစ်ခုလုံးကို ဆိုလိုသည်။ ဒါဝိဒ်က မိမိအားစစ်ဆေးတော်မူပါဟု ယေဟောဝါထံ ဆုတောင်းသောအခါ သူ၏အတွင်းအကျဆုံး တွေးတောဆင်ခြင်မှုများနှင့် သဘောထားတို့ကို ရှာဖွေစစ်ဆေးပေးရန် တောင်းလျှောက်နေခြင်းဖြစ်သည်။
၉ မိမိ၏ကျောက်ကပ်များနှင့် နှလုံးကို သန့်စင်ပေးပါရန် ဒါဝိဒ် အသနားခံခဲ့သည်။ ကျွန်ုပ်တို့၏ အတွင်းလူကို ယေဟောဝါ မည်သို့သန့်စင်ပေးသနည်း။ ဒါဝိဒ် ဤသို့သီဆိုခဲ့သည်– “အကြံပေးတော်မူသော ထာဝရဘုရား[သခင်]ကို ဩဘာပြုပါမည်။ ညဉ့်တိုင်း ငါ့နှလုံးကျောက်ကပ် ဆုံးမပါ၏။” (ဆာလံ ၁၆:၇၊ သမ) အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင့် ဆုံးမစကားသည် ဒါဝိဒ်၏ အူထဲအသည်းထဲ ရောက်ရှိကာ ထိုတွင် ကိန်းအောင်းနေပြီး သူ၏အတွင်းအကျဆုံး တွေးတောမှုများနှင့် စိတ်လှုပ်ရှားမှုများကို တည့်မတ်ပေးကြောင်း ဆိုလိုသည်။ ကျွန်ုပ်တို့လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်၊ ကိုယ်တော်၏ကိုယ်စားလှယ်များနှင့် ကိုယ်တော်၏ အဖွဲ့အစည်းမှတစ်ဆင့်ရရှိသော ဆုံးမစကားကို တန်ဖိုးထားကာ စဉ်းစားဆင်ခြင်ပြီး စိတ်နှလုံးအတွင်း ကိန်းအောင်းစေမည်ဆိုလျှင် အလားတူဖြစ်နိုင်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ကို သန့်စင်ပေးရန် ယေဟောဝါထံ မှန်မှန်ဆုတောင်းခြင်းက သမာဓိရှိရှိ လျှောက်လှမ်းစေပါလိမ့်မည်။
က၀၄ ၁၂/၁ ၁၅-၁၆ ပိုဒ်. ၁၂-၁၃
သမာဓိစောင့်သိသောလမ်းစဉ်၌ လျှောက်လှမ်းလော့
၁၂ သူ၏သမာဓိကိုခိုင်ခံ့စေသော အကြောင်းရင်းနောက်တစ်ခုကို ဒါဝိဒ် ဤသို့ပြောပြခဲ့သည်– “လိမ်လည်သူတို့နှင့်အတူ မထိုင်ပါ၊ လျှို့ဝှက်သူတို့နှင့် ထွက်ဝင်မည်မဟုတ်ပါ။ လူဆိုးတို့၏အပေါင်းအသင်းကို မုန်းထားပါ၏။ ဆိုးသွမ်းသူတို့နှင့်အတူ ထိုင်မည်မဟုတ်ပါ။” (ဆာလံ ၂၆:၄၊ ၅) ဒါဝိဒ်သည် ဆိုးသွမ်းသူများနှင့် လုံးဝထိုင်လိမ့်မည်မဟုတ်။ မကောင်းသောအပေါင်းအသင်းများကို သူမုန်းပါသည်။
၁၃ ကျွန်ုပ်တို့ကော။ ရုပ်မြင်သံကြားအစီအစဉ်များ၊ ဗီဒီယိုများ၊ ရုပ်ရှင်များ၊ အင်တာနက်ဆိုက်များ သို့မဟုတ် အခြားနည်းများဖြင့် လိမ်လည်သူတို့နှင့် ပေါင်းဖော်ခြင်းကို ကျွန်ုပ်တို့ ငြင်းပယ်ကြသလော။ ထိုလျှို့ဝှက်သူတို့ကို ဝေးဝေးရှောင်ပါသလော။ ကျောင်း သို့မဟုတ် အလုပ်ခွင်ရှိသူအချို့သည် မရိုးသားသောစိတ်ဖြင့် ကျွန်ုပ်တို့ကို ခင်မင်ဟန်ဆောင်ကြပေမည်။ ဘုရားသခင့် အမှန်တရားလမ်းပေါ် မလျှောက်သူများနှင့် ကျွန်ုပ်တို့ တရင်းတနှီး ရှိလိုကြသလော။ အယူဖောက်ပြန်သူတို့သည် စိတ်ရင်းမှန်ပုံ မျက်နှာပန်းပြပြီး ကျွန်ုပ်တို့ကို ယေဟောဝါ၏ ဝတ်ပြုမှုမှ သွေဖည်သွားစေရန် သွေးဆောင်မည့် သူတို့၏အကြံကို ဖုံးကွယ်ထားတတ်ကြသည်။ ခရစ်ယာန်အသင်းတော်တွင် နှစ်ဘဝစံနေသူအချို့ ရှိလျှင်ကော။ သူတို့သည်လည်း မိမိတို့၏အဖြစ်မှန်ကို လျှို့ဝှက်ထားတတ်ကြသည်။ ယခု ဓမ္မအမှုထမ်းတစ်ဦးဖြစ်သူ ဂျေစင် ငယ်စဉ်က ထိုသို့သောမိတ်ဆွေများ ရှိခဲ့ဖူးသည်။ သူတို့အကြောင်း ဤသို့ပြောပြသည်– “တစ်နေ့ကျတော့ သူတို့ထဲကတစ်ယောက်က ကျွန်တော့်ကိုဒီလိုပြောတယ်– ‘စနစ်သစ်ရောက်တဲ့အခါ ငါတို့သေနေပြီပဲဥစ္စာ၊ အခု ဒို့ဘာလုပ်လုပ် အရေးမကြီးပါဘူး။ ဘာကိုလက်လွတ်ဆုံးရှုံးခဲ့တယ်ဆိုတာ ဒို့သိမှာမှမဟုတ်ဘဲ။’ အဲဒီအပြောမျိုးက ကျွန်တော့်ကို တပ်လှန့်သတိပေးလိုက်သလိုပဲ။ စနစ်သစ်ရောက်လာမှတော့ ကျွန်တော် မသေချင်တော့ဘူး။” သို့နှင့် ဂျေစင်သည် ပညာရှိစွာ ထိုသူတို့နှင့် အဆက်ဖြတ်ခဲ့သည်။ တမန်တော်ပေါလုက ဤသို့သတိပေးခဲ့သည်– “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။” (၁ ကောရိန္သု ၁၅:၃၃) မကောင်းသော အပေါင်းအသင်းများကို ရှောင်ကြဉ်ရန် အလွန်အရေးကြီး၏!
က၀၄ ၁၂/၁ ၁၆ ပိုဒ်. ၁၇-၁၈
သမာဓိစောင့်သိသောလမ်းစဉ်၌ လျှောက်လှမ်းလော့
၁၇ တဲတော်နှင့် ၎င်း၏ယဇ်ပူဇော်ရာပလ္လင်သည် ဣသရေလနိုင်ငံတွင် ယေဟောဝါဝတ်ပြုရေး၏ဗဟို ဖြစ်ခဲ့သည်။ ထိုအရပ်ကိုနှစ်သက်ကြောင်း ဖော်ပြလို၍ ဒါဝိဒ် ဤသို့ဆုတောင်းခဲ့သည်– ‘အိုယေဟောဝါ အိမ်တော်တည်ရာကိုလည်းကောင်း၊ ဘုန်းတော်ထင်ရှားသောအရပ်ဌာနကိုလည်းကောင်း အကျွန်ုပ်နှစ်သက်ပါ၏။’—ဆာလံ ၂၆:၈။
၁၈ ယေဟောဝါအကြောင်း သင်ယူရာနေရာများတွင် စုရုံးရခြင်းကို ကျွန်ုပ်တို့ နှစ်သက်မြတ်နိုးကြပါသလော။ ဝိညာဉ်ရေးရာ သွန်သင်ချက်များ မှန်မှန်ပေးသော အစီအစဉ်ရှိသည့် ဘုရားသခင့် နိုင်ငံတော်ခန်းမတိုင်းသည် ဒေသတစ်ခုတွင် စစ်မှန်သောဝတ်ပြုရေး၏ ဗဟိုဖြစ်သည်။ ထို့ပြင် နှစ်စဉ်ကျင်းပသော စည်းဝေးကြီးများ၊ တိုက်နယ်စည်းဝေးပွဲများနှင့် အထူးအစည်းအဝေးနေ့များလည်း ရှိသေး၏။ ထိုအစည်းအဝေးများတွင် ယေဟောဝါ၏ ‘သတိပေးချက်များ’ ကိုဆွေးနွေးတင်ပြသည်။ ၎င်းတို့ကို “အလွန်နှစ်သက်” တတ်ပြီဆိုလျှင် အစည်းအဝေးများကို တက်ရောက်လိုစိတ် ပြင်းပြပြီး ထိုတွင်ရှိစဉ် အာရုံစူးစိုက် နားထောင်ကြပါမည်။ (ဆာလံ ၁၁၉:၁၆၇) ကျွန်ုပ်တို့၏ ကောင်းကျိုးကို လိုလားပြီး သမာဓိစောင့်သိသော လမ်းစဉ်ပေါ် ဆက်လျှောက်လှမ်းစေမည့် ယုံကြည်သူချင်းများနှင့်အတူ ပေါင်းသင်းရခြင်းသည် စိတ်ပေါ့ပါး လန်းဆန်းစရာပင်!—ဟေဗြဲ ၁၀:၂၄၊ ၂၅။
ဘုရားရေးရာ ရတနာ
က၀၆ ၇/၁၅ ၂၈ ပိုဒ်. ၁၅
ဆင်းရဲဝေဒနာခံရသူကို ယေဟောဝါ ကယ်နုတ်
၁၅ ဆာလံဆရာဒါဝိဒ် ဤသို့သီကျူးဖော်ပြခဲ့၏– ‘ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရားသခင်သည် အကျွန်ုပ်ကို ချီယူတော်မူမည်။’ (ဆာလံ ၂၇:၁၀) ယေဟောဝါ၏ မေတ္တာတော်သည် မည်သည့် လူသားမိဘများ၏ မေတ္တာထက်မဆို သာလွန်ကြောင်းသိရခြင်းက အလွန်နှစ်သိမ့်မှု ရပါသည်တကား။ မိဘတစ်ဦး၏ ငြင်းပယ်မှု၊ နှိပ်စက်မှု သို့မဟုတ် စွန့်ပစ်မှုကို ခံရခြင်းသည် နာကြည်းဖွယ်ကောင်းသော်လည်း ယင်းက သင့်ကို ယေဟောဝါ၏ မေတ္တာတော်နှင့် မကွာစေနိုင်ပါ။ (ရောမ ၈:၃၈၊ ၃၉) ဘုရားသခင်သည် မိမိချစ်မြတ်နိုးသူတို့ကို ဆွဲဆောင်တော်မူကြောင်း သတိရပါ။ (ယောဟန် ၃:၁၆; ၆:၄၄) သင့်ကို လူတို့မည်သို့ပင် ပြုမူဆက်ဆံပါစေ ကောင်းကင်ခမည်းတော်သည် သင့်ကို ချစ်မြတ်နိုးတော်မူ၏။
ဧပြီ ၁၅-၂၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၂၉-၃၁
ဘုရားသခင်က ချစ်တဲ့သူကို ပဲ့ပြင်ဆုံးမ
it-1 ၈၀၂ ပိုဒ်. ၃
မျက်နှာ
“မျက်နှာလွှဲ” တယ်ဆိုတဲ့စကားဟာ အခြေအနေပေါ်မူတည်ပြီး အဓိပ္ပာယ်ကွဲပြားတယ်။ ယေဟောဝါဘုရား မျက်နှာလွှဲတယ် ဆိုတဲ့အဓိပ္ပာယ်ဟာ မျက်နှာသာ ဒါမှမဟုတ် ထောက်မမှု မပေးတော့တာကို ဆိုလိုလေ့ရှိတယ်။ ဒီလိုဖြစ်ရတာဟာ တစ်ဦးစီ ဒါမှမဟုတ် အစ္စရေးတစ်မျိုးလုံးလို အဖွဲ့လိုက်ရဲ့ မနာခံမှုကြောင့် ဖြစ်နိုင်တယ်။ (ယဘ ၃၄:၂၉။ ဆ ၃၀:၅-၈။ ရှာ ၅၄:၈။ ၅၉:၂) တချို့ကိစ္စတွေမှာတော့ သတ်မှတ်ချိန် မစေ့ခင်အထိ တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း၊ ဖြေကြားပေးခြင်း မရှိဘဲ စောင့်ဆိုင်းနေတာကို ဆိုလိုနိုင်တယ်။ (ဆ ၁၃:၁-၃) “အပြစ်တွေကို မျက်နှာလွှဲပေးပါ” ဆိုပြီး ဒါဝိဒ်တောင်းလျှောက်တာဟာ အပြစ်တွေကို ခွင့်လွှတ်ပေးပါဆိုတဲ့ အဓိပ္ပာယ်ပါ။—ဆ ၅၁:၉။ ၁၀:၁၁ နဲ့နှိုင်းယှဉ်ပါ။
က၀၇ ၃/၁ ၁၆ ပိုဒ်. ၃
ယေဟောဝါကို စောင့်မျှော်ခြင်း၌ ပျော်ရွှင်ပါ
ယေဟောဝါထံမှလာသော ဆုံးမမှုက ကျွန်ုပ်တို့အား အကျိုးပြုပုံကို အသီး တဖြည်းဖြည်း ရင့်မှည့်လာပုံနှင့် နှိုင်းယှဉ်နိုင်သည်။ ဘုရားသခင့်ထံမှလာသော ဆုံးမမှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာ ဤသို့ဆိုသည်– “ဆုံးမခြင်းကို ခံရသောသူတို့သည် နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။” (ဟေဗြဲ ၁၂:၁၁) အသီးရင့်မှည့်လာရန် အချိန်လိုအပ်သည့်နည်းတူ ဘုရားသခင်ပေးသည့် လေ့ကျင့်မှုကို တုံ့ပြန်သည့်အနေနှင့် ကျွန်ုပ်တို့၏ သဘောထားများ ပြုပြင်ပြောင်းလဲရန် အချိန်လိုပေသည်။ ဥပမာ၊ ကျွန်ုပ်တို့၏ အကျင့်ပျက်မှုကြောင့် အသင်းတော်ရှိ အခွင့်အရေးတချို့ ဆုံးရှုံးမည်ဆိုလျှင် ဘုရားသခင်ကို လိုလိုလားလား စောင့်မျှော်လိုစိတ်က စိတ်ပျက်အားမလျော့ရန်နှင့် လက်လျှော့အရှုံးမပေးရန် ကာကွယ်ပေးလိမ့်မည်။ ထိုသို့သော အခြေအနေများတွင် မှုတ်သွင်းခံ ဒါဝိဒ်၏ စကားများက ခွန်အားရှိစေသည်– “[ဘုရားသခင်၏] အမျက်တော်သည် ခဏသာထွက်၏။ ကျေးဇူးတော်မူကား တစ်သက်ပတ်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား ရွှင်လန်းစွာ သီချင်းဆိုရ၏။” (ဆာလံ ၃၀:၅) ကျွန်ုပ်တို့သည် စောင့်မျှော်တတ်သော သဘောထားကို မွေးမြူပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် အဖွဲ့အစည်းမှ ရရှိသည့် အကြံပေးချက်ကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် “ရွှင်လန်းစွာ သီချင်းဆိုရ” သောအချိန် ရောက်လာလိမ့်မည်။
က၂၁.၁၀ ၆ ပိုဒ်. ၁၈
စစ်မှန်တဲ့ နောင်တ ဆိုတာ ဘာလဲ
၁၈ နှင်ထုတ်ခံရသူဟာ စစ်မှန်တဲ့ နောင်တရကြောင်း ပြဖို့ အစည်းအဝေးတွေ ပုံမှန် တက်ရမယ်။ အကြီးအကဲတွေရဲ့ အကြံဉာဏ်အတိုင်း ပုံမှန် ဆုတောင်း၊ လေ့လာရမယ်။ အမှားလုပ်မိစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ကြိုးစားမယ်ဆိုရင် ဘုရား အပြည့်အဝ ခွင့်လွှတ်မယ်၊ အကြီးအကဲတွေ အသင်းတော်မှာ ပြန်လက်ခံမယ်ဆိုတာ စိတ်ချနိုင်တယ်။ အကြီးအကဲတွေဟာ အပြစ်လုပ်ထားသူ တကယ် နောင်တရမရ ဆိုတာကို ကိစ္စတစ်ခုစီအလိုက် သေသေချာချာ ဆန်းစစ်ကြတယ်။ ပြင်းပြင်းထန်ထန် စီရင်ဆုံးဖြတ်တာမျိုး မလုပ်ကြဘူး။
ဘုရားရေးရာ ရတနာ
က၀၆ ၅/၁၅ ၁၉ ပိုဒ်. ၁၃
ဆာလံကျမ်းအပိုင်းတစ်မှ ပေါ်လွင်ချက်များ
၃၁:၂၃—ထောင်လွှားသူတွေကို ဘယ်လိုနည်းနဲ့ အဆပေါင်းများစွာ ပြန်ဆပ်ပေးသလဲ။ ပြစ်ဒဏ်ပေးခြင်းအားဖြင့်ပါ။ ယေဟောဝါက မတော်တဆ အမှားလုပ်မိတဲ့ ဖြောင့်မတ်သူကို ဆုံးမပြီး ပေးဆပ်ပေမဲ့ အမှားလမ်းစဉ်ကနေ ပြန်မလှည့်လာတဲ့ ထောင်လွှားသူကိုတော့ ကြီးလေးတဲ့ပြစ်ဒဏ်နဲ့ အဆပေါင်းများစွာ ပြန်ဆပ်ပေးတယ်။—ပညာအလိမ္မာ ၁၁:၃၁။ ၁ ပေတရု ၄:၁၈။
ဧပြီ ၂၂-၂၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၃၂-၃၃
ကြီးလေးတဲ့အပြစ် ပြုမိရင် ဘာကြောင့် ဝန်ခံသင့်
က၉၃ ၃/၁၅ ၉ ပိုဒ်. ၇
ယေဟောဝါ၏ ကရုဏာတော်သည် စိတ်ပျက်ခြင်းမှ ကာကွယ်
၇ ဘုရားသခင့်ပညတ်ကို အပြစ်ကြီးလေးစွာ ကျူးလွန်မိလျှင် ယေဟောဝါကိုပင် ဝန်ချတောင်းပန်ရန် ခဲယဉ်းပေမည်။ ထိုသို့သော အခြေအနေမျိုးတွင် မည်သို့ဖြစ်သွားနိုင်သနည်း။ ဆာလံ ၃၂ တွင် ဒါဝိဒ် ဤသို့ဝန်ခံထားသည်။ “ငါသည် အပြစ်ကို [ဝန်ခံမည့်အစား] မဖော်မပြဘဲနေစဉ်အခါ တစ်နေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။ နေ့ညမပြတ် ကိုယ်တော် [ယေဟောဝါ] ၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍ အကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။” (အငယ် ၃၊ ၄) မိမိအပြစ်ကို ကွယ်ဝှက်၍ မကြည်လင်သော သြတ္တပ္ပစိတ်ကို ဖုံးဖိထားရခြင်းသည် ပြစ်မှားသူဒါဝိဒ်ကို နွမ်းလျစေခဲ့သည်။ သူ၏စိတ်ဒုက္ခသည် သူ့ခွန်အားကို ဆုတ်ယုတ်စေလွန်းသဖြင့် သူသည် အစိုဓာတ်မရှိသည့် သွေ့ခြောက်နေသော သစ်ပင်နှင့်သာ တူလေတော့သည်။ အမှန်သော်ကား၊ စိတ်ဓာတ်နှင့် ကာယရေးဒဏ်များကိုလည်း သူခံခဲ့ရကောင်း ခံခဲ့ရမည်။ မည်သို့ဆိုစေကာမူ သူထံမှ ပျော်ရွှင်မှု အမှန်ပျောက်လွင့်ခဲ့သည်။ ထပ်တူအခြေအနေမျိုးတွင် ကျွန်ုပ်တို့ရောက်ခဲ့မည်ဆိုလျှင် မည်သို့ပြုသင့်သနည်း။
cl ၂၆၂ ပိုဒ်. ၈
“ခွင့်လွှတ်ရန် အသင့်ရှိ” တော်မူသော ဘုရားသခင်
၈ နောင်တရခဲ့သော ဘုရင်ဒါဝိဒ်က “တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ဝှက်၍မထားပါ။ . . . ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကို လွှတ်တော်မူ၏” ဟုဆိုခဲ့သည်။ (ဆာလံ ၃၂:၅) “လွှတ်တော်မူ၏” ဟူသော အသုံးအနှုန်းသည် အဓိကအားဖြင့် “ချီပင့်၏၊” “ယူဆောင်၏” ဟုအဓိပ္ပာယ်ရှိသော ဟေဗြဲစကားလုံးမှ ပြန်ဆိုထားခြင်းဖြစ်သည်။ ဤတွင်အသုံးပြုထားခြင်းက “အပြစ်၊ ကျူးလွန်ခြင်း” ကိုဖယ်ရှားသည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ တစ်နည်းအားဖြင့် ယေဟောဝါသည် ဒါဝိဒ်၏ အပြစ်များကို ချီပင့်၍ အဝေးသို့ ယူဆောင်သွားသည်ဖြစ်၏။ ယင်းက အပြစ်ရှိသည်ဟူသော ဒါဝိဒ်၏ ခံစားချက်များကို အမှန်သက်သာစေပါလိမ့်မည်။ (ဆာလံ ၃၂:၃) ကျွန်ုပ်တို့လည်း ယေရှု၏ ရွေးနုတ်ဖိုးပူဇော်သကာ၌ ယုံကြည်ခြင်းအပေါ် အခြေပြု၍ ကိုယ်တော့်ခွင့်လွှတ်မှု ခံလိုသူတို့၏ အပြစ်များကို အဝေးသို့ ယူဆောင်သွားတော်မူသည့် ဘုရားသခင်အား အပြည့်အဝ ယုံကြည်စိတ်ချနိုင်ကြပါသည်။—မဿဲ ၂၀:၂၈။
က၀၁ ၆/၁ ၃၀ ပိုဒ်. ၁
ဝိညာဉ်ရေးပုံမှန် ပြန်ဖြစ်စေသည့် ဝန်ချတောင်းပန်ခြင်း
ဒါဝိဒ်သည် အပြစ်ဝန်ချတောင်းပန်ပြီးနောက် မိမိသည် တန်ဖိုးမရှိသူဟူသော အပျက်သဘော မဆောင်ခဲ့ချေ။အပြစ်ဝန်ချတောင်းပန်ခြင်းအကြောင်း ရေးခဲ့သော ဆာလံကျမ်းပါ သူ၏စကားများက သူ၏စိတ်သက်သာမှုရခြင်းနှင့် ဘုရားသခင်၏အမှုတော်ကို သစ္စာရှိရှိ ဆက်ဆောင်ရွက်ရန် သူ၏သန္နိဋ္ဌာန်ကို ဖော်ပြသည်။ ဥပမာ၊ ဆာလံအခန်းကြီး ၃၂ ကိုကြည့်ပါ။ အခန်းငယ် ၁ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။” မည်မျှပင်အပြစ်ကြီးပါစေ၊ နောင်တစစ် နောင်တမှန် ရမည်ဆိုပါက ပျော်ရွှင်နိုင်သည်။ နောင်တစစ် နောင်တမှန် ရကြောင်း တင်ပြနည်း တစ်နည်းမှာ ဒါဝိဒ်နည်းတူ မိမိ၏အမှားအတွက် မိမိအပြည့်အဝ တာဝန်ယူခြင်းဖြစ်သည်။ (၂ ဓမ္မရာဇဝင် ၁၂:၁၃) သူသည် ယေဟောဝါရှေ့မှောက် ဆင်ခြေပေးရန် သို့မဟုတ် အခြားသူများအပေါ် အပြစ်ပုံချရန် မကြိုးစားခဲ့ချေ။ အခန်းငယ် ၅ တွင် ဤသို့ဆိုသည်– “တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ဝှက်၍မထားပါ။ ‘ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်’ ဟုပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ် ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။” စစ်မှန်သော နောင်တဖြင့် ဝန်ချတောင်းပန်ခြင်းသည် ပြုမိသော အမှားများကြောင့် ကိုယ်ကိုယ်ကိုယ်သိသောစိတ် အနှောင့်အယှက်ခံနေရစရာ မလိုတော့ပေ။
ဘုရားရေးရာ ရတနာ
က၀၆ ၅/၁၅ ၁၉ ပိုဒ်. ၁၂
ဆာလံကျမ်းအပိုင်းတစ်မှ ပေါ်လွင်ချက်များ
၃၃:၆—ယေဟောဝါ၏ “နှုတ်တော်အသက်” ကားအဘယ်နည်း။ ယင်းသည် ပကတိကောင်းကင်ကို ဖန်ဆင်းရာတွင် အသုံးပြုခဲ့သော ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအား သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ (ကမ္ဘာဦး ၁:၁၊ ၂) နှုတ်တော်အသက်ဟု ခေါ်ရခြင်းမှာ ရပ်ဝေးရှိအရာတို့ကို ပြီးမြောက်စေနိုင်သည့် နှုတ်ထွက်စွမ်းအားနှင့် တူသောကြောင့်ဖြစ်၏။
ဧပြီ ၂၉–မေ ၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၃၄-၃၅
“ယေဟောဝါကို အချိန်တိုင်း ချီးမွမ်းမယ်”
က၀၇ ၃/၁ ၂၀ ပိုဒ်. ၁၁
ယေဟောဝါနာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့
၁၁ ‘ငါသည် ခပ်သိမ်းသောကာလတို့၌ ယေဟောဝါကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ် မြွက်ဆိုမည်။’ (ဆာလံ ၃၄:၁) အနှင်ခံအဖြစ် နေထိုင်စဉ် ဒါဝိဒ်သည် ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများစွာ ရှိခဲ့မည်ဖြစ်သော်လည်း အထက်ပါစကားများအရ သူ၏ နေ့စဉ် စိုးရိမ်ပူပန်မှုများသည် ယေဟောဝါအား ချီးမွမ်းရန်ဟူသော သူ၏စိတ်ပိုင်းဖြတ်ချက်ကို လွှမ်းမိုးခွင့် မပြုခဲ့ကြောင်း ဖော်ပြသည်။ ယင်းသည် ခက်ခဲကျပ်တည်းမှုများကို ရင်ဆိုင်ရချိန်တွင် ကျွန်ုပ်တို့အတွက် အလွန်ကောင်းသော ပုံသက်သေပင်! ကျွန်ုပ်တို့သည် ကျောင်းတွင်၊ အလုပ်တွင်၊ ခရစ်ယာန်ချင်းများနှင့် အတူရှိစဉ်တွင် သို့မဟုတ် လူထုရှေ့ ဓမ္မအမှုဆောင်ရာတွင် ကျွန်ုပ်တို့ အဓိကအလေးထားရာမှာ ယေဟောဝါအား ချီးမွမ်းရန် ဖြစ်သင့်သည်။ ထိုသို့ချီးမွမ်းစေသည့် မရေမတွက်နိုင်လောက်အောင်များသော အကြောင်းရင်းများကို စဉ်းစားကြည့်ပါ။ ဥပမာ၊ မကုန်မဆုံးနိုင်လောက်အောင် များပြားသော ယေဟောဝါ၏ အံ့ဖွယ်ဖန်ဆင်းရာ လက်ရာများကို ရှာဖွေလေ့လာပြီး ယင်းမှ ရွှင်လန်းမှု ရရှိနိုင်ကြသည်။ ထို့ပြင် ကိုယ်တော်၏ မြေကြီးအဖွဲ့အစည်းအားဖြင့် ပြီးမြောက်အောင်မြင်ခဲ့ရာများကိုလည်း သုံးသပ်ကြည့်ပါ။ မစုံလင်သူတို့ဖြစ်သော်လည်း တည်ကြည်မှုရှိသူများကို မျက်မှောက်ခေတ်တွင် ယေဟောဝါသည် အတော်ပင်ကျယ်ပြန့်စွာ အသုံးပြုတော်မူခဲ့သည်။ ဘုရားသခင်၏ လုပ်ရပ်များကို လောက၏ ကြည်ညိုလေးမြတ်မှု ခံရသူတို့၏ လုပ်ရပ်များနှင့် နှိုင်းယှဉ်လိုက်သော် အသို့နည်း။ ဤသို့ရေးခဲ့သော ဒါဝိဒ်နှင့် သင်သဘောတူသည် မဟုတ်လော– ‘အိုယေဟောဝါ၊ ဘုရားသခင်တို့တွင် ကိုယ်တော်နှင့်တူသော ဘုရားသခင် မရှိပါ။ အမှုတော်နှင့်တူသော အမှုလည်း မရှိပါ။”—ဆာလံ ၈၆:၈။
က၀၇ ၃/၁ ၂၁-၂၂ ပိုဒ်. ၁၃
ယေဟောဝါနာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့
၁၃ ‘ငါ့ဝိညာဉ်သည် ယေဟောဝါကို အမှီပြု၍ ဝါကြွားခြင်းကိုပြုမည်။ နှိမ့်ချလျက်ရှိသော သူတို့သည် ကြားသိ၍ ဝမ်းမြောက်ကြပါစေသော။’ (ဆာလံ ၃၄:၂) ဒါဝိဒ်သည် သူ၏အောင်မြင်ပြီးမြောက်မှုများကို ဝါကြွားခြင်း မပြုခဲ့ပါ။ ဥပမာ၊ ဂါသမင်းကြီးအား လှည့်စားခဲ့ပုံနှင့်ပတ်သက်ပြီး ဝါကြွားခြင်း မရှိခဲ့ပါ။ ဂါသမြို့၌ရှိနေစဉ် ယေဟောဝါ သူ့ကိုကာကွယ်ပေးခဲ့ပြီး ယေဟောဝါ၏ အကူအညီဖြင့် လွတ်မြောက်ခဲ့ကြောင်း သူသိထားသည်။ (သု. ၂၁:၁) ထို့ကြောင့် ဒါဝိဒ်သည် မိမိကိုယ်ကို ဝါကြွားခြင်းမပြုဘဲ ယေဟောဝါကို အမှီပြု၍ ဝါကြွားခဲ့သည်။ ထိုသို့ပြုခြင်းကြောင့် စိတ်နှိမ့်ချသော သူတို့သည် ယေဟောဝါထံ ဆွဲဆောင်ခံရကြသည်။ ယေရှုသည်လည်း ယေဟောဝါနာမတော်ကို ချီးမြှောက်ခဲ့သောကြောင့် စိတ်နှိမ့်ချသော၊ သင်ယူလိုစိတ်ရှိသူတို့သည် ဘုရားသခင်ထံ ဆွဲဆောင်ခံရကြသည်။ ယနေ့ လူမျိုးအပေါင်းမှ စိတ်နှိမ့်ချသောသူတို့သည် ယေရှုဦးဆောင်သော အပြည်ပြည်ဆိုင်ရာ ဝိညာဉ်တော်ဖွား ခရစ်ယာန်အသင်းတော်သို့ ဆွဲဆောင်ခံရကြသည်။ (ကောလောသဲ ၁:၁၈) ထိုစိတ်နှိမ့်ချသောသူတို့သည် ဘုရားသခင်၏ နှိမ့်ချသောကျေးကျွန်များ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်ကြသည်ကို ကြားသည့်အခါ၊ ဘုရားသခင်၏ စွမ်းအားတော်အားဖြင့် နားလည်သဘောပေါက်နိုင်သော သမ္မာကျမ်းစာ သတင်းကိုကြားသည့်အခါ နှလုံးထိမိခဲ့ကြသည်။—ယောဟန် ၆:၄၄; တမန်တော် ၁၆:၁၄။
က၀၇ ၃/၁ ၂၂ ပိုဒ်. ၁၅
ယေဟောဝါနာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့
၁၅ ‘ငါသည် ယေဟောဝါကို ရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သော အကြောင်းအလုံးစုံတို့အထဲက ငါ့ကိုကယ်နုတ်တော်မူ၏။’ (ဆာလံ ၃၄:၄) ယင်းအဖြစ်အပျက်သည် ဒါဝိဒ်အတွက် အရေးပါခဲ့သည်။ သို့ဖြစ်၍ သူဤသို့ပြောခဲ့၏– ‘ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ယေဟောဝါသည် နားထောင်၍ ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။’ (ဆာလံ ၃၄:၆) ခက်ခဲသော အခြေအနေများတွင် ခံရပ်နိုင်ရန် ယေဟောဝါ ထောက်မခဲ့သည့် တည်ဆောက်ဖွယ်ဖြစ်စေသော အတွေ့အကြုံများကို ယုံကြည်သူချင်းတို့နှင့်အတူ စုဝေးချိန်တွင် ပြန်ပြောပြရန် အခွင့်အရေးများစွာ ရှိပါသည်။ ယင်းသည် ယုံကြည်သူချင်းတို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေသည်၊ ဒါဝိဒ်၏ ပြောပြချက်များသည် သူ့ကိုထောက်ကူကြသူတို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေခဲ့သကဲ့သို့ပင် ဖြစ်သည်။ ဒါဝိဒ်၏အဖြစ်တွင် သူ၏အဖော်တို့သည် ‘ယေဟောဝါကို မျှော်ကြည့်ကြသောကြောင့် အလင်းကို ရကြသည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြသည်။’ (ဆာလံ ၃၄:၅) ဘုရင်ရှောလုရန်မှ ထွက်ပြေးနေရသည့်တိုင် သူတို့သည် ရှက်ကြောက်ခြင်း မရှိကြပါ။ ဘုရားသခင်သည် ဒါဝိဒ်ကို ထောက်မပေးနေသည်ကို သူတို့ယုံကြည်စိတ်ချကြပြီး သူတို့၏မျက်နှာသည် တောက်ပနေခဲ့သည်။ အလားတူပင် နှစ်ပေါင်းများစွာ စစ်မှန်သော ခရစ်ယာန်များဖြစ်ကြသူတို့နှင့် စိတ်ဝင်စားသူ လူသစ်တို့သည် ထောက်မမှုအတွက် ယေဟောဝါကို မျှော်ကိုးကြသည်။ ကိုယ်တော်၏ ထောက်မမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးကြသောကြောင့် သူတို့၏ တောက်ပသော မျက်နှာများက တည်ကြည်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပေါ်လွင်သည်။
ဘုရားရေးရာ ရတနာ
က၀၆ ၅/၁၅ ၂၀ ပိုဒ်. ၁
ဆာလံကျမ်းအပိုင်းတစ်မှ ပေါ်လွင်ချက်များ
၃၅:၁၉၊ သမ္မာ—မိမိကိုမုန်းသောသူတို့သည် မျက်ရိပ်ပြခြင်းကိုမပြုကြပါစေနှင့်ဟု ဒါဝိဒ် အဘယ်ကြောင့် တောင်းဆိုခဲ့သနည်း။ မျက်ရိပ်ပြခြင်းဆိုသည်မှာ ရန်သူများက ဒါဝိဒ်ကို ဆန့်ကျင်၍ မလိုမုန်းထားစိတ်ဖြင့်ပြုသော အကြံအစည်များသည် အထမြောက်သောကြောင့် ကျေနပ်အားရနေခြင်းကို ဖော်ပြသည်။ ယင်းသို့မဖြစ်စေရန် ဒါဝိဒ် တောင်းဆိုနေခြင်းဖြစ်၏။